#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

ဘက်နှစ်ဘက် အမြင်နှစ်မျိုး

လွန်ခဲ့သောနှစ်ကုန်ပိုင်းက ဖြစ်သည်။ လူ့အခွင့်အရေးအတွက် တကိုယ်တော်တိုက်ပွဲဝင်သည့် မစုစုနွေးသည် စတန့်လုပ် နေသူသာ ဖြစ်သည်ဟု ဝေဖန်ပြောဆိုသံကို ကြားရသည်။ ဝေဖန်ပြောဆိုသူမှာ သာမန်လူ မဟုတ်ဘဲ စာရေးဆရာတဦး ဖြစ်နေသည့်အတွက် အံ့သြမိပါသည်ဟု တချို့က ပြောကြသည်။

မစုစုနွေး ဆိုလျှင် မြန်မာ့အရေးကို စိတ်ဝင်စားသူတိုင်း သိကြသည်။ စစ်အစိုးရအာဏာပိုင်များ၏ အဓမ္မလုပ်အားပေးခိုင်းစေ မှုနှင့် ပတ်သက်ပြီး မကျေနပ်သဖြင့် တိုင်ကြားခဲ့သူ၊ ယင်းသို့ အဓမ္မလုပ်အားပေး ခိုင်းစေသူ အာဏာပိုင်တို့ကို ဥပဒေနှင့်အညီ အပြစ်ဒဏ်ခံရအောင် ကြိုးပမ်းခဲ့သူ၊ ယင်းအဖြစ်ကို မကျေနပ်သည့် အာဏာပိုင်တို့က စွဲချက်လိမ်များဖြင့် စီရင်မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ရသူ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အပါအဝင် နိုင်ငံတကာမှ ဖိအားပေးမှုများကြောင့် မကြာမီက ပြန်လွတ်လာသူ ဖြစ်သည်။

မစုစုနွေး၏ ဖြစ်ရပ်များကို စေ့စေ့စပ်စပ်မဟုတ်သော်မှ အကြမ်းဖျင်းကြည့်မည်ဆိုလျှင်ပင် စတန့်ထွင်သည်ဟု ယူဆနိုင်သည့် လုပ်ရပ်ကို ဘယ်နေရာမှာမှ တွေ့ရလိမ့်မည်မဟုတ်။ စစ်အစိုးရအနေနှင့် သူတို့ကို အာခံသူတို့အား ရက်ရက်စက်စက် အပြစ် ပေးတတ်သည်ဖြစ်ရာ အဘယ်သူမှ စတန့်ထွင်ပြီး အညှဉ်းပန်းအနှိပ်စက်ကို ခံနိုင်မည်မဟုတ်။ စင်စစ် မစုစုနွေးသည် ဘေးအန္တရာယ်တွေဝိုင်းနေသည့်အကြားမှ မတရားမှုကို ထုတ်ဖော် ပြောဆိုဝံ့ခြင်းအတွက် သူရဲကောင်းတယောက်အဖြစ်ပင် သတ်မှတ်ခံရမည့်သူ ဖြစ်သည်။ သို့သော် အဘယ်ကြောင့် စတန့်ထွင်သည်ဟု ပြောသူက ပြောလေသနည်း။

မကြာသေးမီကလည်း မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်ပြီး တကိုယ်တော်ဆန္ဒပြမည့် ဆရာကြီးဆလိုင်းထွန်းသန်းကို စတန့် ထွင်သူသာဖြစ်သည်ဟု ကောက်ချက်ချသံ ကြားရပြန်သည်။ စင်စစ် ဆရာကြီး၏လုပ်ရပ်သည် ဘာမှ ရှုပ်ရှုပ်ထွေးထွေးမပါ။ ဘာမှ သံသယဖြစ်စရာ မရှိ။ မတရားဖိနှိပ်မှုကို နှစ်ပေါင်းကြာရှည် ခံစားနေခဲ့ရသည့် နိုင်ငံသားတယောက်အနေနှင့် လုပ်သင့် လုပ်ထိုက်သည့် အရာကို လုပ်နိုင်သလောက်လုပ်ရန် ကြိုးစားခြင်းမျှသာ ဖြစ်သည်။

တွင်းဆုံးကျအောင် အဖိနှိပ်ခံနေရသော လူတယောက်သည် သည်လောက်တော့လုပ်သင့်သည်၊ သည်မျှတော့လုပ်နိုင်ရမည် ဟူသောအမြင်ဖြင့် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ကြေညာပြီး လုပ်ပြခြင်း ဖြစ်သည်။ ယခင်ကလည်း ဆရာကြီးသည် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တကိုယ်တော် ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီးဖြစ်သည်။ ထောင်တွင်းဘ၀ အဘယ်မျှဆိုးဝါးသည်ကို ကိုယ်တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို အဘယ်ကြောင့် စတန့်ထွင်သူဟု ပြောသူက ပြောလေသနည်း။

သာမန်အသိဥာဏ်ဖြင့် ကြည့်လျှင်ပင် လက်ရှိမြန်မာအစိုးရသည် ပြည်သူပြည်သားတို့အပေါ် လှည့်ဖျား၍တမျိုး နှိပ်စက်၍ တဖုံ အလွန်ကောက်ကျစ် ရက်စက်သော နည်းလမ်းများစွာဖြင့် စစ်တပ်ကျွန်အဖြစ် သွတ်သွင်းရန် ကြိုးစားနေသည်ကို အထင်အရှားမြင်ရပါလိမ့်မည်။ ယင်းကဲ့သို့ ကျွန်ဇာတ်သွင်းနေခြင်းအား မည်ကဲ့သို့ ခုခံ တားဆီးမည်နည်း။

ယခုအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင်နေရာအများစုအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း စစ်အစိုးရကိုတွေ့ဆုံဆွေးနွေးရေး ဆီသို့ လာရောက်ရန် မည်သို့မှ ဖျောင်းဖျ၍ မရဘဲ ဖြစ်နေသည်။ ထို့ပြင် လူစုလူဝေးနှင့် လှုပ်ရှား၍ မရအောင် ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို ချမှတ်လုပ်ဆောင်နေသည်မှာလည်း ထပ်ထပ်ကြမ်း နေသည်။ နှစ်ပေါင်းများစွာကြာအောင် စနစ်တကျ ဖိနှိပ် ဖျက်ဆီး ခံနေခဲ့ရသော ပြည်သူတို့ အနေနှင့် သေနတ်ပြောင်းဝအောက်တွင် လူထုလှုပ်ရှားမှုကို လုပ်ဖို့ ဆိုသည်မှာလည်း မလွယ်ကူလှပါ။

ဤအခြေအနေ၌ မတရားအုပ်စိုးမှုကို အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်ပြရာတွင် မစုစုနွေးနှင့် ဆရာကြီး ဆလိုင်း ထွန်းသန်းတို့ကဲ့သို့ တကိုယ်တော်ဆန္ဒပြခြင်းသာလျှင် အဖြစ်နိုင်ဆုံးနည်းလမ်း မဟုတ်ပါလား။ မတရား အုပ်စိုးမှုကို မနှစ်သက်သောသူတို့အနေနှင့် မိမိတို့ကိုယ်တိုင် မလုပ်နိုင်သော်မှ ထိုကဲ့သို့ ရဲရဲရင့်ရင့် ပွင်ပွင့်လင်းလင်း ဆန့်ကျင်ပြသူ တို့အား ချီးမွမ်းရမည်မဟုတ်ပါလား။ မချီးမွမ်းနိုင်သည်ထားဦးတော့ ကဲ့ရဲ့စကား ပြောကြားခြင်းကိုမူ လုံးဝ မပြုသင့်ပြီ။

စစ်အာဏာရှင်တို့ဘက်ကမူ ယင်းကဲ့သို့ ဆန့်ကျင်ပြသူများကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ခတ်ပေလိမ့်မည်။ (စုစုနွေး၏ ထောင်တွင်းဘ၀ကိုကြည့်။ ဆရာကြီး ဆလိုင်းထွန်းသန်းအား ပြည်ဝင်ခွင့်မပေးခြင်းကို ကြည့် ။) ဖြစ်နိုင်လျှင် အပြတ်ရှင်းပစ် လိမ့်မည်။ အနိမ့်ဆုံးအားဖြင့် ကဲ့ရဲ့စကား ပြောကြားပါလိမ့်မည်။ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဖျက်သမား၊ နိုင်ငံရေး စတန့်ထွင်သူ စသည်။

မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးသည် ကြားနေ၍ မရနိုင်သောအနေအထားဖြစ်သည်။ အဖြူနှင့် အမည်း လုံးဝ ကွဲပြားဆန့်ကျင် နေသည့် အနေအထားဖြစ်သည်။ စစ်အာဏာရှင်ဘက်နှင့် ဒီမိုကရေစီဘက်ဟူ၍ ဘက်နှစ်ဘက်တည်းသာ ရှိသည့် အနေအထားဖြစ်သည်။ ဤအနေအထားတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများအနေနှင့် ကြောက်ရွံ့စိတ်ကြောင့်သာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ပွင့်ပွင့်လင်းလင်း မလှုပ်ရှားဝံ့သော်လည်း လှုပ်ရှားသူများကိုမူ အပြစ်တင်မည်မဟုတ်။ ယင်းသို့ အပြစ်မပြောခြင်းသည်ပင် လက်ရှိအနေအထားအရ စစ်အာဏာရှင်စနစ်နှင့် ဆန့်ကျင်သော ဒီမိုကရေစီဘက်တွင် ရှိနေသည်ဟု ဆိုနိုင်သည်။ ဒီမိုကရေစီကို ထောက်ခံနေခြင်းဟု ပြောနိုင်သည်။

သို့ဖြစ်ပါလျက် အာဏာရှင်စနစ်ဆန့်ကျင်ရေးကို တတ်စွမ်းသမျှ လုပ်နေသူတို့အား စတန့်ထွင်သူများဟု ကဲ့ရဲ့ပြောဆိုနေပါ မူကား ယင်းသို့ ပြောဆိုခြင်းအတွက် စစ်အာဏာရှင်တို့၏ “ကျောသပ်မှု”ကို ခံရရုံမှတပါး အခြားအကျိုးမရှိကြောင်း သတိပေးလိုက်ရပေသည်။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.