#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

သနခြင်းနှင့် ပညာရှင်တို့၏ ကျဆုံးခန်း

မင်းဆရာဖြစ်ချင်သူတို့အကြောင်းကို ကြားရသည့်အခါတိုင်း ဆရာကြီးသခင်ဘသောင်း၏ လောကနိဗ္ဗာန် စာအုပ်ကို သတိရမိသည်။ ယင်းစာအုပ်၏ မူရင်းမှာ ရုရှစာရေးဆရာကြီး အီဂါဂူဇင်ကို၏ The Fall of a Titan ဝတ္ထုကြီးဖြစ်ပါသည်။ စာအုပ်၏ အဓိကအကြောင်းအရာမှာ အာဏာရှင်တယောက်၏ လှည့်စားခြင်းကို ခံလိုက်ရပြီး ဆိုးဝါးစွာ ဘ၀နိဂုံးချုပ်သွား ရသည့် မဟာပညာကျော်တယောက်အကြောင်း ဖြစ်သည်။ ဝတ္ထုအတွင်းတွင် နာမည်ရင်းများကို လွှဲပြောင်းရေးသားခဲ့ သော်လည်း စာရေးဆရာက ရည်ညွှန်း ရေးသားခဲ့သည်မှာ အာဏာရှင်စတာလင်နှင့် စာရေးဆရာကြီး ဂေါ်ကီတို့ ဖြစ်ပါသည်။

စတာလင်က ပြည်သူ့စာရေးဆရာကြီးကို ပြစားပြီး ဆိုဗီယက်နိုင်ငံသူနိုင်ငံသားတို့ကို အယုံသွင်းခဲ့ပါသည်။ ဆရာကြီးကို မင်းဆရာနေရာတွင် ထားပြီး ပြည်သူလူထု၏ ယုံကြည်မှုကို အရယူကာ သူ့အာဏာကို အခိုင်အမာ တည်ဆောက်သည်။ ပြိုင်ဘက်အားလုံးကို သုတ်သင်ပြီးသော်ကား ဆရာကြီးကို ချောင်ထိုးပြီး ထင်ရာစိုင်း ပါလေတော့သည်။ သို့ဖြင့် စတာလင် ခေတ်သည် ရုရှပြည်သမိုင်းတွင် အမှောင်မိုက်ဆုံးသောခေတ် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ဆရာကြီးသည် အကြီးအကျယ် စိတ်ထိခိုက်နာကျည်းရင်း သေဆုံးသွားခဲ့ရသည်။ (တကယ့်ဖြစ်ရပ်တွင် ဆရာကြီးဂေါ်ကီသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းလား သို့မဟုတ် လုပ်ကြံခံရခြင်းလား ဆိုသည်မှာ ယခုထက်တိုင် အငြင်းပွားနေရဆဲ ဖြစ်ပါ၏။)

ဆရာကြီးကို ကြည်ညိုလေးစားသူတို့က မဖွယ်မရာသေဆုံးခဲ့ရသည့် အဖြစ်ကို အကြောင်းပြုပြီး စတာလင်ကို ဆန့်ကျင် တိုက်ခိုက်ရန် တိုင်ပင်ကြသည်။ ဆရာကြီးအား လိမ်လည်ပြစားခဲ့သည်ကို ဖော်ထုတ်ရင်း ပြည်သူ့တိုက်ပွဲ ဆင်နွှဲကြမည်ဟု ကြံစည်ကြသည်။ သို့သော် စတာလင်ကား ကောက်ကျစ်မှုတကာတို့၏ အရှင်ဖြစ်လေရာ ဆရာကြီး၏ ဈာပနကို ခမ်းခမ်း နားနားကျင်းပပေးရင်း ပြည်သူ့အမျက်ကို ဖြေခဲ့သည်။ ( တကယ့်ဖြစ်ရပ်တွင် စတာလင်သည် ဆရာကြီးဂေါ်ကီ၏ ခေါင်းတလားကို ကိုယ်တိုင်သယ်ယူပြခဲ့ပြီး ရုပ်အလောင်းကို ရင်ပြင်နီမှာ မြှုပ်ပေးသည်ဟုဆိုသည်) ။ ထိုနောက် မြို့တမြို့ကို ဆရာကြီးအမည်သို့ ပြောင်းလိုက်သည်။ (ဂေါ်ကီမြို့)။ အော် စတာလင်ကား ဘယ်မှာ ဆိုးလေသနည်း။ ပြည်သူ့ စာရေးဆရာကြီးကို အလွန်ကြည်ညိုသူပါတကား။ ဤနည်းဖြင့်စတာလင်ကား သူ၏ အာဏာကို သေတပန် သက်တဆုံး ဆုပ်ကိုင်သွားနိုင်ခဲ့သည်။ စတာလင်သေတော့ ရင်ကွဲပက်လက် ငိုကြွေးသူတွေ မနည်းလှဟုဆိုပါ၏။ အာဂ အာဏာရှင်ပါပေ။

ရုရှအလွမ်းဇာတ်နှင့် ခပ်ဆင်ဆင်တူသည့် မြန်မာ့ဖြစ်ရပ်တခုရှိပါသည်။ ဆရာကြီးရွှေဥဒေါင်း အလှည့်စားခံရသည့် ဇာတ်လမ်း ဖြစ်ပါ၏။ ဆရာကြီးရွှေဥဒေါင်းမှာ ပြတ်ပြတ်သားသားတွေးခေါ်တတ်သော၊ မထောက်မညှာ ဝေဖန်တတ်သော၊ အလွန် လူကဲခတ်ကျွမ်းကျင်သော စာရေးဆရာကြီးအဖြစ်လည်းကောင်း ၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍  ထွင်းထွင်းဖောက်ဖောက် တရားပေါက်ထားသူအဖြစ်လည်းကောင်း နာမည်ကြီးပါသည်။ သို့သော်  ကောက်ကျစ်စဉ်းလဲသည့် အာဏာရှင်နှင့် တွေ့သော်ကား ဆရာကြီးလည်း “နှပ်ပစ်ခံ” လိုက်ရပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက ဆရာကြီးကို လုပ်သားပြည်သူ့နေ့စဉ်တွင် အယ်ဒီတာချုပ်နေရာပေးကာ တိုင်းပြည်အတွက် စိတ်ကြိုက်ဆောင်ရွက်ပါဟု အယုံသွင်းခဲ့သည်။ ထောင်သွင်းခဲ့သည့် ဦးနုအစိုးရအပေါ် စိတ်နာနေသော  ဆရာကြီးသည်  ဦးနုထံမှ အာဏာသိမ်းပြီး ရာဇပလ္လင်ပေါ်တက်လာသည့် ဗိုလ်ချုပ်ကြီးနေဝင်းကို “ ပညာရှိကို နေရာပေးရကောင်းမှန်း သိသူ”အဖြစ် သဘောကျသွားပုံရသည်။ အာဏာရှင်၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ရန်ကုန်သို့ စိတ်အားတက်ကြွစွာ  ပြောင်းရွှေ့လာပါသည်။ သတင်းစာဆရာကြီးတဦးအဖြစ်  ခေတ်ပြောင်းတော်လှန်ရေးတွင် တတပ်တအား ပါဝင်ခွင့် ရတော့မည်ဟု မျှော်လင့်ခဲ့ပုံရသည်။

သို့သော် အာဏာရှင်၏ ဆရာမွေးမှုကို ခံလိုက်ရခြင်းကြောင့် အလွန်စူးရှခဲ့သည့် ဆရာကြီး၏ ကလောင်သွားများ ယိုင်နဲ့ သွားခဲ့ရပါသည်။  ယင်းကာလက ရေးသားခဲ့ချက်တချို့သည် ဆရာကြီး၏ လက်ရာအမှန် ဟုတ်မှ ဟုတ်ပါလေစဟု သံသယ ဝင်ရလောက်အောင် ယုတ္တိလွတ်သည့် အယူအဆများ ပါဝင်နေသည်။ အာဏာရှင်ကလည်း ပြစားရုံလောက်သာ ရည်ရွယ် လေရာ ဆရာကြီးကို လွတ်လွတ်လပ်လပ် ရေးသားခွင့်မပြုဘဲ အမျိုးမျိုးချုပ်ချယ်လာသည်။ နောက်ဆုံးတွင် ဆရာကြီး ရွှေဥဒေါင်းသည် မန္တလေးသို့်  ညှိုးငယ်စွာဖြင့် ပြန်သွားရပါတော့သည်။ ထိုနောက်ပိုင်းတွင်ကား ဆရာကြီး၏ ကလောင်သည် သွက်လက်မှုလည်း မရှိတော့သလို ထက်မြက်မှုလည်း မရှိတော့ချေ။

အာဏာရှင်ကို ပူးပေါင်းပြီး ပြုပြင်ရန် “စိတ်ကူးယဉ်” နေသူတို့အတွက် အထက်ပါဖြစ်ရပ်များသည် သင်ခန်းစာ ယူစရာ ဖြစ်သည်။ မြန်မာစကားတွင် “သန” သည် ဟူသော အသုံးအနှုန်းတခု ရှိသည်။  ယုတ်ညံ့သော အရာတခုနှင့် ပူးကပ်ယှဉ်စပ် မိသည့်အတွက်  မသန့်မရှင်းဖြစ်သွားခြင်းဟု အဓိပ္ပါယ်ရှိပါသည်။ အာဏာရှင်တို့နှင့် “ရော”လျှင် အလွန်ဂုဏ်သိက္ခာကြီးသော ပညာရှင်တို့ပင် သနသွားရသည့် ဖြစ်ရပ်များ အထင်အရှားရှိသည်။

အာဏာရှင်ဆိုသူတို့ကား အာဏာရူးရောဂါစွဲကပ်နေသူများ  ဖြစ်ပါသည်။ အာဏာမရှိလျှင် ဘယ်လိုမှ မနေတတ်သည့် သူများဖြစ်ရာ အာဏာမြဲဖို့ဆိုရင် တိုင်းပြည်တခုလုံးကို လောင်မီးတိုက်ရန်လည်း ဝန်မလေးသူများ ဖြစ်ပါသည်။ ရောဂါရှင် တို့နှင့် ပူးပူးကပ်ကပ်နေလျှင်  ရောဂါကူးစက်မည်မှာ သဘာဝဖြစ်သည်။ လောကကောင်းကျိုးအတွက် အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာခဲ့ကြကုန်သော ရဟန်းသံဃာများပင် အာဏာရှင်များနှင့်ရင်းရင်းနှီးနှီးနေမိသည့်အတွက် “အာဏာစက်” နှင့် ပေါင်းမှ “ဓမ္မစက်” အစွမ်းထက်မည် ဟူသော အာဏာရှင်ဆန်သည့်အယူအဆတို့ ဝင်လာခြင်းမှာ စင်စစ် ရောဂါကူးလာ ခြင်းပင်မဟုတ်ပါလော။

ထိုကြောင့် အာဏာရှင်နှင့် “လက်ဝါးချင်းရိုက်မည်” ကြံလျှင် ရောဂါပြီးပြီလားဟု မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း ပြန်လည် စစ်ဆေးသင့်ပေသည်။ သို့မဟုတ်ပါမူကား မိမိတို့၏ “ နိုင်ငံရေးဂုဏ်သိက္ခာများ” ညစ်ထေးသွားရုံမက စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့် အာဏာရူးရောဂါဆိုးကြီး စွဲကပ်ပြီး လူ့လောက၏ ရန်သူ ဖြစ်သွားနိုင်ကြောင်း သတိပေးလိုက်ရပါသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.