၈လေးလုံးစိတ်ဓာတ်
၈လေးလုံး အရေးတော်ပုံကြီး ၁၈ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သော
ဝါဆိုသင်္ကန်းကပ်လှူပွဲသို့ လူထုလူတန်းစားပေါင်းစုံ နှစ်ထောင်ကျော်က စစ်အစိုးရ၏ အခြိမ်းအခြောက် အဟိန်းအဟောက် များကို ရဲရဲဝံ့ဝံ့ဖြတ်ကျော်ပြီး တက်ရောက်ခဲ့ရာ ၈လေးလုံးစိတ်ဓာတ်ကို ပြန်လည်ဖော်ကျူးလိုက်သကဲ့သို့ ဖြစ်ပါတော့သည်။
၈လေးလုံး စိတ်ဓာတ်ဟူသည် အဘယ်နည်း။
မတရားဖိနှိပ်မှုကို ခေါင်းငုံ့မခံ ငြင်းဆန်တော်လှန်ခြင်းသည် ၈လေးလုံးစိတ်ဓာတ် ဖြစ်၏။
မိမိဆန္ဒ မိမိအယူအဆကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြသခြင်းသည် ၈လေးလုံးစိတ်ဓာတ် ဖြစ်၏။
ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် တခဲနက်တောင်းဆိုခြင်းသည် ၈လေးလုံးစိတ်ဓာတ် ဖြစ်၏။
လွတ်လပ်မှုအတွက် အသက်ကိုပဓာနမထား စွန့်လွှတ်စွန့်စား လှုပ်ရှားခြင်းသည် ၈လေးလုံး စိတ်ဓာတ် ဖြစ်၏။
နိုင်ငံ့အရေးအတွက် နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲခြင်းသည် ၈လေးလုံးစိတ်ဓာတ် ဖြစ်၏။
အာဏာသည် သေနတ်ပြောင်းဝမှလာသည် မဟုတ်ဘဲ ပြည်သူလူထုထံမှ လာခြင်းဖြစ်ကြောင်း ထင်ထင်ရှားရှား သက်သေပြခြင်းသည် ၈လေးလုံးစိတ်ဓာတ် ဖြစ်၏။
မိမိတို့ကား လက်နက်ဖြင့် ကွပ်ညှပ်အုပ်ချုပ်ခြင်းဟူသော အာဏာရှင်စနစ်ကို ခံယူရမည့် အရိုင်းတိရစ္ဆာန်များ မဟုတ်ဘဲ အများဆန္ဒအတိုင်း တရားဥပဒေဖြင့် အုပ်ချုပ်ခြင်းဟူသော ဒီမိုကရေစီစနစ်နှင့် ထိုက်တန်သည့် လူယဉ်ကျေးများဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခြင်းသည် ၈လေးလုံးစိတ်ဓာတ် ဖြစ်၏။
အချုပ်အားဖြင့် မြန်မာနိုင်ငံအား ယဉ်ကျေးသောလူ့ဘောင်အဖွဲ့အစည်း တရပ်ဆီသို့ ပြောင်းလဲတိုးတက်ရေးအတွက် မြန်မာ ပြည်သူပြည်သား လူထုလူတန်းစားပေါင်းစုံတို့ တညီတညွတ်တည်း လက်ရုံးလက်မောင်း ဆန့်တန်းပြခြင်းသည် ၈လေးလုံး စိတ်ဓာတ် ဖြစ်၏။
ယခု ၁၈ ကြိမ်မြောက်အထိမ်းအမှတ်ပွဲဖြင့် ၈လေးလုံးစိတ်ဓာတ်ကို ထိန်းသိမ်းစွဲမြဲသူ အများအပြား ရှိနေသေးကြောင်း ပြသနိုင်သည့်အဖြစ်သည် မြန်မာနိုင်ငံအတွက် တောက်ပသည့်အနာဂတ် ဧကန်ရှိနေသေးကြောင်း ခိုင်မာသည့် အထောက် အထား ဖြစ်ပေသည်။
၁၉၃၈ ခုနှစ်တွင် ဖြစ်ထွန်းခဲ့သည့် ၁၃၀၀ ပြည့်အရေးတော်ပုံစိတ်ဓာတ်သည် မြန်မာနိုင်ငံအား နယ်ချဲ့စနစ်၏ လက်အောက်မှ လွတ်မြောက်အောင် လုပ်ပေးခဲ့သည့်နည်းတူ ၁၉၈၈ ခုနှစ်တွင် မွေးဖွားခဲ့သည့် ၈လေးလုံးစိတ်ဓာတ်သည်လည်း မြန်မာ နိုင်ငံအား စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် လုပ်ပေးမည်ဖြစ်ရာ ယဉ်ကျေးသောလူ့ဘောင်အဖွဲ့အစည်း အတွင်း လူဆန်ဆန် ရှင်သန်နေထိုင်လိုသူများအနေနှင့် ၈လေးလုံးစိတ်ဓာတ်ကို မပျောက်မပျက် ဆက်လက်ထိန်းသိမ်း ထားကြရန် တိုက်တွန်းလိုက်ရပါသည်။ ။ [Top] |