#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၈)
ရန်ကုန်သားတာတေ | စက်တင်ဘာ ၁၉၊ ၂၀၀၇

ယခုရက်ပိုင်းအတွင်း ရုက္ခစိုး၏ စိတ်တွေ မြန်မာပြည်အနှံ့ရောက်လို့ နေသည်။ သြဂုတ်နှင့် စက်တင်ဘာဆိုသောလ အမည်များသည် မြန်မာ့သမိုင်းတွင် ရက်စွဲများ တိုးပွားစေခဲ့သည်မဟုတ်ပါလား….။

မငြိမ်းသော မီးကို ထပ်ကာထပ်ကာ မွှေးနေသော မြန်မာစစ်အစိုးရအား မည်ကဲ့သို့ ခိုင်းနှိုင်းရမည်ကို မသိတတ် အောင်ပင်…။

မကြာသေးခင်က အမျိုးသားညီလာခံ ထိုးဇာတ်ကြီး ကို ကနေလျှက် လောင်စာဆီဈေးမြှင့်တင်ခြင်းဖြင့် မီးစတစ ကို စတင်မွှေးခဲ့သည်။ လောင်စာဆီက မီးကိုလောင်စေခဲ့ပြီကော…။

ယခုလဆန်းတွင်လည်း ပခုက္ကူသံဃာတော်များ၏ ငြိမ်းချမ်းစွာ မေတ္တာသုတ် ရွတ်ဆို လမ်းလျှောက်ခြင်းကို အကြမ်းဖက် ဖြိုခွဲခဲ့ပြန်သည့်အတွက် နောက်ထပ်မီးစ တစ ပွားခဲ့ပြန်သည်။

ထို့ကြောင့်ပင် တောင်ကုတ်မြို့ ဆန္ဒပြ သမားတဦးက တိုင်းပြည်အာဏာကိုဆုပ်ကိုင်ထားသည့် ဘ၀ရှင် မင်းတရားကြီး ဦးသန်းရွှေကို ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရန် တောင်းဆိုဆန္ဒပြခဲ့သည်။

ဗုဒ္ဓဘာသာ သံဃာတော်များ၏ သမိုင်းဝင် ဆန္ဒပြ ကံဆောင်ပွဲများသည်လည်း နိုင်ငံတကာ အင်တာနက်၊ အီးမေးလ်၊ ဘလော့၊ ရေဒီယို နှင့် ဂြိုဟ်တု စလောင်းများတွင် အချိန်မဆိုင်းပင် ဖော်ပြ ပျံ့နှံ့ နေသည်ကို တွေ့မြင် သိရှိနေကြရသည်။

ရုက္ခစိုးက သူ၏ စိတ်အစဉ်ကို ပြန်လည်စုစည်းလိုက်မိ ချိန်တွင်တော့ အသံတိတ်ရောက်ရှိနေသော သူကောင့် သား ၂ ဦး ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို မျက်လုံးများပြူးကြောင်ကြောင်ဖြင့် တွေ့လိုက်ရသည်။

ရုက္ခစိုး။  ။ ဟေ…မင်းတို့ ၂ ကောင်က ဘယ်အချိန်က ဘယ်လိုရောက်…ဟင် မင်းတို့က ငါ့ကို ဘာကြည့် နေတာလည်း … လက်ထဲမှာလည်း စာရွက်တွေနဲ့…ဘာလုပ်ဖို့လဲကွ…  

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က တဦးမျက်နှာ တဦးကြည့်လိုက်သည်။ ပြီးနောက် ကြွက်စုတ်က စပြောလိုက်သည်။

ကြွက်စုတ်။  ။ ကြည့်နေတာက ကျနော်တို့ အနားရောက်တဲ့ အထိ မသိနိုင်အောင်…မျက်စိလေးမှိတ်ပြီး ဖြစ်နေတဲ့ အဖြစ်အပျက်ကို လေ့လာနေတာ… မေတ္တာသုတ်တွေ ဘာတွေများရွတ်ဖတ်နေသလားလို့…

ရုတ်တရက် ရုက္ခစိုးက သဘောမပေါက်သလို ဖြစ်သွားပြီးမှ ကြွက်စုတ်ကို ပြန်ပြောလိုက်သည်။

ရုက္ခစိုး။  ။ အေး…ကျန်တဲ့ ၇ ရက်သားသမီး အကုန်လုံးကိုတော့ မေတ္တာပွားဖို့ မေတ္တာသုတ်ရွတ်ပေးနိုင်တယ်… မင့် ကျေးဇူးရှင်…သေနတ်နဲ့ချိန် အုပ်ချုပ်သူတွေကိုတော့ ဘယ်လိုမှ မေတ္တာထားလို့ မရဘူး…

ကြွက်စုတ်။  ။ အာ…ဦးရုက္ခစိုး…ဒီလောက် ယုတ်ပတ်တဲ့ လူတွေများဗျာ…ကျနော့် ကျေးဇူးရှင်တော့ မဟုတ်ပါဘူး ဗျ…ဘုရားမသိ…တရားမသိ…သံဃာမသိတဲ့ လူ့ အန္ဓတွေများ…

ရုက္ခစိုး၏ စွပ်စွဲချက်ကို ကြွက်စုတ်က အနည်းငယ် ကျွဲမြီးတိုသွားပုံရသည်။

ဖိုးရှုပ်။  ။ ဦးရုက္ခစိုးကလည်း ဟုတ်သားပဲ…ဦးရုက္ခစိုးပြောလိုက်ပုံက စစ်တပ်အစိုးရထုတ်တဲ့ သတင်းစာက စွပ်စွဲလိုက်သလိုမျိုးပဲ…

သူတို့ ၃ ဦးက ထုံးစံအတိုင်းပင် ဆုံလိုက်သည်နှင့် တစုံတခုတော့ ထော်လော်ကန့်လန့် ဖြစ်ကြသည်ချည်းပင်။

ဖိုးရှုပ်ကပါ ၀င်ပါလာသော ကြောင့် ရုက္ခစိုး သူပြောလိုက်သည့်စကား အရှိန်လွန်သွားမှန်းသိလိုက်သည်။

ရုက္ခစိုး။  ။ ငါ…ငါ က ဒီလိုပါကွ…အခု သံဃာတော်တွေက သူတို့ကို စော်ကား မော်ကားလုပ်တာတောင် ၀ိနည်း တော်နဲ့အညီ မေတ္တာသုတ် ရွတ်ပြီး ကံဆောင် ဆန္ဒပြတယ်…ငါ ကတော့ အဲဒီ သံဃာတော်တွေလို စိတ်ထားမျိုး မထားနိုင်တာကို သိစေချင်တဲ့ သဘောပါကွ…အဟဲ…ငါလည်း သတင်းစာတွေဖတ်တာပဲ သိပါတယ်ကွ…

ရုက္ခစိုးက မချိ သွားဖြဲရင်း ပြန်လည်ရှင်းလင်းလိုက်သည်။

ကြွက်စုတ်က အကွက်စိုက်သွားသဖြင့် ချက်ချင်းဝင်ပြောသည်။

ကြွက်စုတ်။  ။ ဒါ ဆို ဒီမှာ…ဒီနေ့ သတင်းစာမှာ ရေးထားတာကို ရော ဖတ်ပြီးပြီလား…

ကြွက်စုတ်က သူ့မှာပါလာသည့် သတင်းစာ ပရင့်ထုတ်ထားသည်ကို ပြရင်းပြောလိုက်ရာ ရုက္ခစိုး အိုးတိုး အတ ဖြစ်နေသည်။

ရုက္ခစိုး။  ။ အာ…အေး…အဲဒါတော့…ငါ မဖတ်ရသေးဘူးကွ…

ဖိုးရှုပ်။  ။ ဒီနေ့ ရေးထားတာက ဦးရုက္ခစိုးရေ… စစ်တွေမှာ မနေ့က သံဃာတွေက ဆန္ဒပြတော့ လူတွေလည်း ပါလာတယ် … အဲဒါကို လုံထိန်းတွေက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲတယ်…အချိန်မဆိုင်းဘဲ…နိုင်ငံတကာ သတင်းမီဒီယာ တွေက သတင်း ထုတ်ပြန်တော့ သူတို့ ရိုင်းစိုင်းတာပေါ်လွင်နေတယ်…အဲဒါကို ပြောင်းပြန်ပြောပြီး ရေးထားတာ..

ကြွက်စုတ်ကလည်း ထပ်မံဖြည့်စွက်သည်။

ကြွက်စုတ်။  ။ အံမယ် သတင်းစာမှာ အခု ဆန္ဒပြ ကံဆောင်တဲ့ သံဃာတွေက အတုတွေတဲ့…အဲဒီ သံဃာတွေ အကြမ်းဖက် လို့ အခုလို သေနတ်ဖောက်…မျက်ရည်ယိုဗုံး သုံးရတာပါတဲ့…သူတို့ဘက်က လူတချို့တောင် အရိုက်ခံရ…ဆေးရုံတင်ရ ပါတယ်တဲ့… လိမ်လည် မျက်ရည်ခံထိုးတဲ့ အရေးအသားနဲ့ ရေးထားတယ် ခင်ဗျ…

ဖိုးရှုပ်။  ။ အခုခေတ် အခြေအနေကိုက လိမ်ချင်တိုင်း လိမ်လို့ရတဲ့ ခေတ် အခြေအနေမဟုတ်တော့ပါဘူးကွာ… သူတို့ကသာ မျက်စိစုံမှိတ်ပြီး လိမ်နေတာ… ဆန္ဒပြတာ လူထုမပါဘူးဘာညာနဲ့…အခု အင်တာနက်မှာ တက်နေ တဲ့ ဓာတ်ပုံတွေကြည့် အားပေးထောက်ခံနေတဲ့ လူထုကို တွေ့နေရတာပဲ…  

ရုက္ခစိုးက သူ့ဘက်လှည့်နေသည့် အရှိန်သေလာမှ အသာဝင်ပြောသည်။

ရုက္ခစိုး။  ။ ပခုက္ကူ သံဃာတွေကို လည်း သတင်းစာမှာ အဲဒီလို ရေးတာပဲ မဟုတ်လား…သူတို့ကတော့ ဖော်မြူလာ အဟောင်း အတိုင်း ကျင့်သုံးမြဲပါပဲကွာ…မျက်နှာပြောင် တိုက်နေကြအတိုင်းပါပဲ…

ကြွက်စုတ်။  ။ ဘယ်လို မျက်နှာပြောင်တိုက်တိုက်လေ… သံဃာတော်တွေကတော့ နောက်မဆုတ်ဘူးလို့ ဆိုတယ်ခင်ဗျ…

ဖိုးရှုပ်။  ။ အေးကွ…ငါတော့ ကိုယ်တော်တွေကို အားရတယ်…သူတို့က ကြေညာပြီးတော့ကို လုပ်တာ..ပြောတဲ့ အတိုင်း လုပ်တယ်…နအဖ လို ဝေ့မနေဘူး…

ကြွက်စုတ်။  ။ ဟာ ဒါနဲ့ ဦးရုက္ခစိုး…အတွင်းက အီးမေးလ်ဘာ ထူးသေးလဲ…ကြည့်ပါဦး…

ရုက္ခစိုး။  ။ ထူးတာကတော့ အခု အရေးအခင်းမှာ အင်တာနက် ဘလော့ တွေပဲမောင်…တချို့ဆို ဓာတ်ပုံတွေကို မြန်မြန်ဆန်ဆန်တက်လာတာ တွေ့ရတယ်ကွ…

ဖိုးရှုပ်။  ။ ဦးရုက္ခစိုး ပြောတာ ဟုတ်တယ်…ကျနော်လည်း သတိထားမိတယ်…အဲဒါ အမှန်တရားမှတ်တမ်းတွေပဲ… နအဖ အတွက်တော့ စစ်မျက်နှာ တခုပေါ့…

ကြွက်စုတ်။  ။ သံဃာတော်တွေကလည်း စစ်မျက်နှာဖွင့်လိုက်တယ်လို့ ဆိုထားတာရှိတယ်လေ…

ရုက္ခစိုး။  ။ ဘယ်လိုဆိုတာလဲကွ…ပြောစမ်းပါဦး…

ကြွက်စုတ်။  ။ အဲဒါကတော့…အခု တိုက်ပွဲဟာတဲ့…“ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ” ပဲလို့ သံဃာ့ တပ်ပေါင်းစု အဖွဲ့က သံဃာတော်တပါးက မိန့်တယ်လေ…

ဖိုးရှုပ်။  ။ ဘယ်လို “ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ” ဟုတ်လား…ကောင်းလိုက်တဲ့ မိန့်ကြားချက်ကွာ…ဓမ္မ က သာအောင် နိုင်ရမယ်ကွ…

ရုက္ခစိုး။  ။ ဟုတ်တယ်ဟေ့ ဒီပွဲဟာ ဓမ္မကသာ အောင်နိုင်ရမယ့်ပွဲဟေ့…ဓမ္မအောင်ပွဲ... ဓမ္မအောင်ပွဲ... ဓမ္မအောင်ပွဲ...

ရုက္ခစိုး၏ အော် ဟစ်ကြွေးကြော်လိုက်သည့် နောက်တွင် ဖိုးရှုပ်နှင့် ကြွက်စုတ်ကပါလိုက်ပါ ကြွေးကြော်ရင်း ၃ ဦးသား ညီညွတ်သွားလေတော့သည်။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.