#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၉၁)
ရန်ကုန်သားတာတေ | အောက်တိုဘာ ၃၁၊ ၂၀၀၇

မကြာသေးခင်က ရန်ကုန်တွင်ဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကာလအတွင်း သတင်းမီဒီယာများ၏ အခန်း ကဏ္ဍကား အလွန်တရာမှ အရေးပါ အကျိုးများကြောင်း ကြွက်စုတ်မျက်မြင်ကိုယ်တွေ့သိခဲ့ရသည်။

သို့အတွက် အနှီ သတင်းမီဒီယာများကို ကြွက်စုတ်လေးစား အားကျမိသည်။ သို့သော် သတင်းမီဒီယာတခု တည်ထောင်ရန် ဆိုသည်ကား ကြွက်စုတ်အတွက် အိပ်မက် မက်ရန်ပင် မဖြစ်နိုင်။

သို့ဆိုလျှင် ကြွက်စုတ်အားကျနေရုံမှ တပါး ဘာများကော တတ်နိုင်ပါဦးမည်နည်း….။

ကြွက်စုတ် ယခု တလော သတင်းလောကသားတွေကို အားကျနေမိသည်…၊ သို့သော် သူ့ သူငယ်ချင်းဖိုးရှုပ်ကိုဖြင့် အားကျ…မကျ မသေချာ…၊ ကြွက်စုတ် ဤသို့ စဉ်းစားနေရင်း ဖိုးရှုပ် ပါလာမှ သတိရသွားသည်…။

သတင်းနှင့် ပတ်သက်၍ သူ တခုခု လုပ်ချင်နေသည်ကို ဖိုးရှုပ်တို့ ၊ ဦးရုက္ခစိုးတို့ နှင့် တိုင်ပင်ဆွေးနွေးရန် ကြွက်စုတ် အတွေးပေါ်လာတော့သည်…။

ဟုတ်ပြီ…ဒီနေ့ပဲ အဲဒီ ကိစ္စ အပြတ်ဆွေးနွေးရမယ်…

ကြွက်စုတ် အတွေးမှ မဆုံးခင် ဆိုင်ကယ် မစုတ်တစုတ် ကလေးဖြင့် ဖိုးရှုပ်က ရောက်လာသည်…။

ကြွက်စုတ်။  ။ မင်းကတော့ သေခဲဦးမယ်…

ကြွက်စုတ် အပြောကို ဖိုးရှုပ်က နားမလည်သကဲ့သို့ အူကြောင်ကြောင်ဖြင့်ကြည့်ရင်း ပြန်မေးလိုက်သည်…။

ဖိုးရှုပ်။  ။ ဟင်…ငါ..ငါက ဘာလို့ သေရမှာလဲ…

ကြွက်စုတ်။  ။ အာ…အေး…စောရီးကွာ…ငါ့ အတွေးနဲ့ရောသွားလို့ အဟဲ…ဒီလိုကွ…ငါ မင်းအကြောင်း စဉ်းစားနေတုန်း မင်းရောက်လာတာနဲ့ တိုက်ဆိုင်သွားတာကို ပြောလိုက်မိတာ…

ဖိုးရှုပ်။  ။ မင်းက ဘာတွေများ ထွေထွေထူးထူး စဉ်းစားနေရတာလဲ…

ကြွက်စုတ်။  ။ အဟဲ…ဒီလိုကွ…လာကွာ…ဦးရုက္ခစိုးဆီသွားကြမယ်…ဟိုရောက်မှ ငါ အသေအချာပြောပြမယ်…

ဤသို့ဖြင့် သူကောင့်သား ၂ ဦး ရုက္ခစိုးရှိရာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ တက်လာကြရာ ဖိုးရှုပ်မှာ ပြောမည်ပြုပြီးမှ မပြောဘဲ နေသော ကြွက်စုတ်ကို ဘ၀င်မကျစွာနှင့် လိုက်ပါလာခဲ့ရသည်။

ခပ်ဝေးဝေးမှပင် ရုက္ခစိုးကို လှမ်းမြင်နေကြရသောကြောင့် သူကောင့်သား ၂ ဦးက လက်လှမ်းပြလိုက်သည်။
သို့သော် ရုက္ခစိုးထံမှ မည်သို့သော တုံ့ပြန်ချက်မှ ပြန်မပြ။ အသေအချာကြည့်လိုက်မှပင် တစုံတရာနှင့် အလုပ်များ နေကြောင်း မှန်းဆမိတော့သည်။

ဖိုးရှုပ်က စတင်၍ လှမ်းအော် နှုတ်ဆက်လိုက်သည်။

ဖိုးရှုပ်။  ။ ဗျိုး…ဦးရုက္ခစိုး…ဘာတွေများ…အလုပ်တွေများနေရတာလဲ…ကျနော်တို့ လာတာတောင်မမြင်ဘူး…

ရုက္ခစိုးက ဖိုးရှုပ်လှမ်းနှုတ်ဆက်လိုက်သည်ကို တချက်လှမ်းကြည့်လိုက်ပြီး ခေါင်းက အောက်ဘက်သို့ ပြန်ငုံ့သွား သည်။ အမှန်မှာ ရုက္ခစိုးတဦးတည်း ကွန်ပျူနှင့် အလုပ်များနေခြင်းဖြစ်သည်။

ရုက္ခစိုး။  ။ ဟေ့ ကောင် ဖိုးရှုပ်…ဘာများ ငါ့ကို လာရှုပ် ဦးမလို့လဲကွဟေ…

ဖိုးရှုပ်။  ။ ရှုပ်မှာက ကျနော် မဟုတ်ဘူး ဦးရုက္ခစိုးရဲ့…ဟို အကောင် ငကြွက်…

ဖိုးရှုပ်၏ အပြောကြောင့် ကြွက်စုတ်မနေသာတော့။

ကြွက်စုတ်။  ။ ဟို ကျနော်က သတင်းနဲ့ပတ်သက်တာ တခုခု လုပ်ချင်လို့ အဲဒါ တိုင်ပင်မလို့ ပါ ဦးရုက္ခစိုးရဲ့ ရှုပ်မလို့ မဟုတ်ပါဘူး…

ဖိုးရှုပ်။  ။ နေစမ်းပါဦး ငကြွက်ရ…မင်းက သတင်းကိစ္စလုပ်ချင်ရအောင် သတင်းကို ဘယ်လောက်များ သိလို့လဲ…

ရုက္ခစိုး။  ။ အေးလေ…ငါ သိရသလောက်လည်း… ရေဒီယိုတောင် ကောင်းကောင်း နားမထောင်တဲ့ကောင်ကွာ… ဘယ်လိုလုပ် သတင်းလုပ်ချင်ရတာလဲ…

ကြွက်စုတ်။  ။ အဟဲ အဲဒါပြောမလို့…ဟို ကျနော်လုပ်လို့ရတာမျိုး ကို အကြံပေးစေချင်လို့…အဲဒါ…

ရုက္ခစိုး။  ။ ငါ သတိရပြီ…အခု ငါ အင်တာနက်မှာ ဘလော့တွေကြည့်နေတာကွ…ကြွက်စုတ်နဲ့ အဆင်ပြေတာ ဆိုရင်တော့ ဘလော့ပဲ…သတင်းရော..အတင်းအဖျင်းရော…အဆိုအဆဲရော…လွတ်လွတ်လပ်လပ်ပဲ…တချို့ဆို အလွန်အကျွံ တွေလုပ်တာ…

ဖိုးရှုပ်။  ။ ခေတ်မီသူတိုင်း ဘလော့ လုပ်ကြသည်လို့ ပြောရမလိုတောင်ဖြစ်နေပြီ…အင်း… ပြီးခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တွေမှာ…ဘလော့တွေက တော်တော် အားကိုးခဲ့ရတာ…အထူးသဖြင့် စစ်အစိုးရ စစ်တပ်ရဲ့မိုက်ရိုင်းပုံတွေကို ရအောင်ဖော်ပြ နိုင်ခဲ့ကြတာ… ပေါ့တော့မပေါ့ဘူးမောင်…

ရုက္ခစိုး။  ။ အေးကွ…အရပ်သား သတင်းသမားတွေရဲ့ တာဝန်သိလုပ်ရပ်တွေကလည်း တအားပဲကွ…တချို့ သံဃာ တော်တွေ နဲ့ပတ်သက်တဲ့ အရေးကြီးသတင်းတွေကို မီဒီယာတွေဆီပို့တာတွေ…နအဖ အလိုတော်ရိ ပခုက္ကူက ဦတေဇော ပါမစ်တို့လို ဘုန်းကြီးသတင်းမျိုးတွေကအစ…

ကြွက်စုတ်မှာ ဖိုးရှုပ်နှင့် ရုက္ခစိုး၏ နှိပ်ကွပ်မှုကို မခံချင်ချင်ဖြစ်လာပြီး ထပြောတော့သည်။

ကြွက်စုတ်။  ။ ဒီနေ့ပဲ ပခုက္ကူ သံဃာတွေ ဆန္ဒပြ လမ်းလျှောက်ကြတယ်လေ…အဲဒါသိလား…ဟို ပဲခူး ဆရာတော်ကြီး တပါးကို လည်း ဘွဲ့အမည် အသစ်ပေးထားတာရော သိလား…

ဖိုးရှုပ်။  ။ အံမယ်…ပခုက္ကူကိစ္စကတော့ သိတာပေါ့ကွာ…အဲဒီမှာ ဒီနေ့လုပ်တဲ့ အစိုးရထောက်ခံပွဲကို တန်ပြန်ပြီး သံဃာ တော်တွေက မေတ္တာပို့ ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြတာလေ.. ဆရာတော်ကြီးရဲ့ဘွဲ့ ဆိုတာက ဘာလဲကွ…

ကြွက်စုတ်။  ။ အေး..အဲဒါက အဲဒီ ဆရာတော်ကြီး နအဖ က အသုံးချခံရတာကို ဒကာ ဒကာမ တွေ က စိတ်ကုန်လို့ပေးတဲ့ ဘွဲ့…

ရုက္ခစိုး။  ။ ဘာတဲ့လဲကွာ…မင့်ဟာက ပြောမှာသာ ပြော…

ကြွက်စုတ်။  ။ ခြောက်ပုလင်း ဆရာတော်တဲ့…ခြောက်ပုလင်း ကို တဂါလန်လေ…အဲဒီ တဂါလန်ရဲ့ အသံထွက် ဒကာလန်ကို ယူပြီးပေးထားတာ… ဆရာတော်ကြီးကို အခု ဒကာတွေက လန်ကုန်လို့…သိပြီလား…

ဖိုးရှုပ်။  ။ ရှင်းပါပြီ…ရှင်းပါပြီ…မင်းက ဒါမျိုး စိတ်ဝင်စားတာဆိုတော့ ဦးရုက္ခစိုး ပြောသလို ဘလော့နဲ့ပဲ ကိုက်ပါတယ်… လွတ်လပ်တယ်ဆိုပြီး ဆဲတော့ မဆဲနဲ့ပေါ့ကွာ…ဒါနဲ့ ဦးရုက္ခစိုးရော သတင်းထူးလေး ဘာလေး သိထားတာရှိရင် ရှယ်ဦးလေ…

ရုက္ခစိုး။  ။ အစိုးရထောက်ခံပွဲဆိုလို့ ဒီနေ့ပဲ ငါ့ ဆီ ရန်ကုန်က အသိတယောက် အီးမေးလ်ဝင်လာတယ်… ရန်ကုန် မှာလုပ်တဲ့ အစိုးရထောက်ခံပွဲတွေမှာ…နယ်တွေမှာလိုသံဃာဆန္ဒပြပွဲကို ဆန့်ကျင်ရှုံ့ချတာမပါဘူးတဲ့…ထောက်ခံ ရှုံ့ချမဟုတ်ဘူးတဲ့ မောင်… ဂန်ဘာရီ ဒီတခါ မြန်မာပြည်လာရင်တဲ့ အများပြည်သူတွေက ဂန်ဘာရီလာ တာကို မနှစ်သက်တဲ့ ပုံစံမျိုး အစိုးရက စီစဉ်နေတယ်တဲ့….

ဖိုးရှုပ်။  ။ ဂန်ဘာရီတင် ဘယ်ကမလဲ…ပီညဲရိုး လည်း ဒီနိုဝင်ဘာထဲမှာ လာဖို့ရှိတယ်လေ…

ကြွက်စုတ်။  ။ သူတို့ ၂ ဦးလုံး ယူအန်က ချည်းပဲ ဆိုတော့…ဟိုတခါ ဂန်ဘာရီ တဦးတည်းလာတုန်းကတော့ ဂန်ဘာရီ အကြံပြုတာကို လေးစားလို့ ဆိုပြီး ဒေါ်စုနဲ့ ဆက်သွယ်ဖို့ ဆက်ဆံရေး ၀န်ကြီးတွေ ဘာတွေခန့်၊ နောက် ဒေါ်စုကို ခေါ်တွေ့တယ်…အခု ၂ ဦး ဆိုတော့…ဒေါ်စုကို ပြန်လွှတ်…တွေ့ဆုံဆွေးနွေး…ဒါ မျိုးတွေဖြစ်လာ မလားဘဲ…

ရုက္ခစိုး။  ။ အဟတ်…အဟတ်…ဟား…ဟား…တကယ် စိတ်ကူးယဉ် ကြွက်ပဲကွာ… မင့်ခေါင်းကို ရွှေချပြီး မြန်မာ့ အရေး တော်တော်လေးများ ကျွမ်းကျင်သူ လူတတ် ဘွဲ့ကို တပြိုင်နက် ၃ ဘွဲ့လောက် ပေးဖို့ကောင်းနေပြီ…

ရုက္ခစိုးက ခြောက်ကပ်ကပ် ရယ်လိုက်ရင်း ကြွက်စုတ်ကို နှိပ်ကွပ် လိုက်ရာ ကြွက်စုတ် မအီမလည်ဖြစ်သွားသည်။

ဖိုးရှုပ်။  ။ အဲဒီလိုနဲ့ ဒိုင်စားလာတဲ့ လောင်းကစားပွဲက သက်တမ်း မင့်တသက် မကတော့ဘူးမောင်… ခေါင်းစဉ်ပြောင်း… အမည်ပြောင်း…ဖြစ်နိုင်ရင် နေရပ်လိပ်စာတို့…မှတ်ပုံတင်တို့ပါ ပြောင်းပြီး ဆက်ကာဆက်ကာ လိမ်ဖို့ ကြံနေတာပါကွာ… ငါသာ ချမ်းသာရင်တော့ သူတို့မိသားစု အပေါင်းအပါတွေကို မြန်မာပြည်သူတွေ ဒုက္ခခံရသလို ခံရအောင် လုပ်နိုင်တဲ့သူ တွေကို စည်းစိမ်ပုံအောပြီး အလုပ်အပ်လိုက်ချင်ပါရဲ့…ဥပမာ ဘင်လာဒင်တို့ အဖွဲ့လိုမျိုး ကို ဖြစ်နိုင်ရင် အပ်လိုက်ချင်တယ်…

ဖိုးရှုပ်၏ စိတ်ပါလက်ပါ ပြောလိုက်ပုံကို ကြည့်ပြီး ကြွက်စုတ် ဘာပြောရမည်မသိဖြစ်သွားသည်။ ခဏအကြာတွင်မှ ...

ကြွက်စုတ်။  ။ တော်ပါတော့ကွာ…ငါ့ ဘလော့လည်း ဘယ်တော့ ဖြစ်မလဲမသိဘူး…မင်းလည်း ဘယ်တော့ ဘင်လာဒင်ကို အလုပ်အပ်နိုင်မလဲ မသိ…တော်ပြီ…မင်းတို့နဲ့ ဒီနေ့ အစဉ်မပြေနိုင်ဘူး…သွားပြီ…

ကြွက်စုတ်မှာ စောစောကပင် သူ့ကို နှိပ်ကွပ်သည်ကို ကြွက်မြီးတို…အဲ…ကျွဲမြီးတိုနေပေရာ…ယခုကဲ့သို့ အကွက်ဆိုက်လာ သည်နှင့် လစ်တော့သည်။

ဤသို့ဖြင့် ကြွက်စုတ်ရုတ်တရက် ထပြန်လိုက်သောကြောင့် ဖိုးရှုပ်နှင့် ရုက္ခစိုးတို့နှစ်ဦး စကားဝိုင်းကိုရပ်လိုက်ရတော့သည်။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.