ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၉၀)
ရန်ကုန်သားတာတေ | အောက်တိုဘာ ၂၄၊ ၂၀၀၇
နေ့လယ်ခင်းနေပူပူအောက်တွင် ချင်းမိုင်မြို့ ကျုံးထောင့်တနေရာမှ ဒွိုင်ဆူထေ့တောင်ဆီသို့ တည့်တည့်ကြီးဦးတိုက်နေသည့် ကာဆုန်ကယောက်လမ်းမကြီးအတိုင်း ဆိုင်ကယ်အစုတ်ကလေးတစီး တရိပ်ရိပ်ပြေးလွှားနေ၏။ ဆိုင်ကယ်ကလေးပေါ်၌ မဟာလူသားနှစ်ဦးလိုက်ပါလာကြပြီး ပဲ့ကိုင်မာလိမ်မှူးကြီး ဖိုးရှုပ်က ရုက္ခစိုးညောင်ပင်အနီးတွင် ထိုးရပ်လိုက်၏။
ရုက္ခစိုးကြီးကား ညောင်ပင်ရင်း၌ စာရွက်ပေါ် တောင်ခြစ်၊ မြောက်ခြစ်နှင့် တကိုယ်တည်း သဲကြီးမဲကြီး ဘာတွေ ကြိတ်ကြံ နေသည်မသိ။ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦး အနားသို့ရောက်လာသည်ကိုပင်မမြင် …။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကြီး ဘာတွေများလုပ်နေတယ်မှတ်တယ် လက်စသတ်တော့ မစ္စတာ ကိုင်ရို လုပ်နေတာကိုး။ ခေတ်မကောင်းတာနဲ့ လုပ်ငန်းပြောင်းတော့မယ်ပေါ့လေ။
ရုက္ခစိုး။ ။ စီးပွားဖြစ်မဟုတ်ပါဘူးကွာ။ တတ်သလောက် မှတ်သလောက်လေးနဲ့ တို့တိုင်းပြည် အနာဂတ်ကို တွက်ကြည့်နေတာ .. ငါ့တွက်ကိန်းအရဆိုရင်တော့ စစ်အစိုးရ ၆ လ မခံဘူးကွ။ မင်းပြောင်း မင်းလဲကတော့ တွေ့နေရပြီ မောင်ရင်တို့ အထုပ်အပိုးပြင်၊ သိမ်းဆည်းစရာရှိတာတွေ သိမ်းကြတော့ဟေ့။
ကြွက်စုတ်။ ။ လုပ်ချလိုက်ပြန်ပြီ ကိုင်ရို ရုက္ခစိုးရယ်။ ပြောပြန်ရင်လည်း ကြွက်စုတ်အလွန်ဖြစ်တော့မယ်။ ပြောတော့ တတ်သလောက် မှတ်သလောက်တဲ့ ခုတော့ အပိုင်ကြီးပြောနေပြန်ပြီ။
ဖိုးရှုပ်။ ။ ဟုတ်ပါရဲ့ဗျာ … ကျုပ်တို့တွေ အိမ်ပြန်မရာက်ဘဲ ဂျေးထဲတန်းရောက်ပြီး အကုန်ဂန့်နေပါ့မယ်။
ရုက္ခစိုး။ ။ မင်းတို့ကောင်တွေ အဲဒါခက်တာပေါ့ကွ … ကိုယ့်အချင်းချင်းဆို ဘယ်တော့မှအထင်မကြီးဘူး။ ဒီဟောစာတမ်းသာ ဂူဂယ်လ်သတင်းဆိုဒ်မှာပါလာရင် ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆိုပြီး အင်တာဗျူး ၀င်လုပ်ကြမှာ မြင်ယောင်နေသေးတယ်။
ကြွက်စုတ်။ ။ ထားပါတော့လေ … ဗေဒင်ကိန်းခန်းအရ အပြောင်းအလဲက ဘယ်လိုတုန်း။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြောင်း မှာလား၊ စစ်ဗိုလ်တွေကလည်း ၆ လအတွင်း အမြင်မှန်ရနိုင်ပါ့မလား။
ဖိုးရှုပ်။ ။ အပါ့ ... ကြွက်စုတ်ရာ … တွက်ကိန်းကမှန်ခဲ့ရင်တောင် ပေါတာကြီးနဲ့ အပေါင်းပါတွေက နအဖ ကနေ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ဆိုပြီး နာမည်သစ်တမျိုးနဲ့ ကပြအသုံးတော်ခံတာမျိုး ဖြစ်မှာပေါ့ကွ။
ဖိုးရှုပ်၏ထင်မြင်ချက်ကြောင့် ရုက္ခစိုးကြီးမှာ အောင့်သက်သက်ဖြစ်သွားကာ …
ရုက္ခစိုး။ ။ ငါက မြင်တဲ့အတိုင်းဟောထားတာကွ။ မြန်မာပြည်ကြီး ကောင်းနေပါပြီ၊ တိုးတက်နေပါပြီ၊ မယုံရင် အဝေး ရောက်နေသူတွေ ပြန်ကြည့်ကြပါလို့ ပြောနေတာမှမဟုတ်တာ။
ကြွက်စုတ်။ ။ ကျနော်တို့ကလည်း ရုက္ခစိုးကြီးရဲ့တွက်ကိန်းကို ဆန္ဒဇောတခုတည်းနဲ့မဆုံးဖြတ်ဘဲ လက်တွေ့ကျကျ စဉ်းစားစေချင်လို့ ပြောနေတာပါ။
ဖိုးရှုပ်။ ။ ဟုတ်တယ်ဗျ။ လက်ရှိအခြေအနေမှာ စစ်ဗိုလ်တွေဘက်က နိုင်ငံရေး၊ စီးပွားရေးအရ အထိနာနေတယ်ဆိုပေမယ့် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဘာတခုမှ မယ်မယ်ရရလုပ်တာကို မတွေ့ရသေးဘူး။ တကယ်ဆို ဖမ်းထားတဲ့ သံဃာ တော်တွေ၊ ကျောင်းသား ပြည်သူတွေကို ဘယ်တော့ လွှတ်မယ်လို့ မပြောတောင် ဘာကြောင့်ဖမ်းထားတယ်ဆိုတာ လောက်တော့ ပြောသင့်တာပေါ့။
ကြွက်စုတ်။ ။ ပြောမှာပါကွ။ ဘယ်သူ့ကို ဘယ်လိုလိမ်ရမလဲဆိုတာ တိုင်ပင်နေကြတုန်းမို့ပါ။ ပြောပြန်တော့လည်း မင်းတို့မီဒီယာတွေက အကောင်းပြောကြမှာမှ မဟုတ်တာ။
ရုက္ခစိုး။ ။ ဒါတော့ကြွက်စုတ်ရေ သူတို့က လေလှိုင်းထဲက လူသတ်နေကြတဲ့ လေပေါ်လေအောက် အဖျက်သမားတွေ ဆိုတော့ အကောင်းဘယ်မြင်ပါ့မလဲ။
ကြွက်စုတ်။ ။ ဘယ်လို ဘယ်လို …. လေပေါ်လေအောက် … စကားလုံးအသစ်ပါလားဗျ။ မြန်မာ့အလင်းကတော့ မြေပေါ်မြေအောက်လို့သုံးတာနော်။
ရုက္ခစိုး။ ။ မြေပေါ်မြေအောက်အဖျက်သမားဆိုတာ ဟိုဘက်ခေတ်က အတိုက်အခံတွေကိုပြောတာကွ။ အင်ဖော်မေးရှင်း ခေတ်ကြီးထဲမှာ စစ်အစိုးရကို တယ်လီဖုန်း၊ အင်တာနက်တွေကတဆင့် ပညာပေးနေသူကို လေပေါ်လေအောက် အဖျက် သမားလို့ခေါ်တယ်ကွ။
ဖိုးရှုပ်။ ။ ဒါဆို သံဃာတွေနဲ့ ပြည်သူတွေကိုနှိပ်စက်နေတဲ့ စစ်တပ်နဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို ဘယ်လို ခေါ်မလဲဗျ။
ရုက္ခစိုး။ ။ သူတို့က လိုင်စင်ရထားတဲ့ ပြည်တွင်းဖြစ် အကြမ်းဖက်သမားတွေလေကွာ။ လမ်းမထွက် ဆန္ဒပြမလား၊ လူရိုက်မလား လုပ်ချင်တာလုပ်လို့ရတယ်။ လူသတ်ချင်သေးလား ရသေးတယ်ကွ။
ကြွက်စုတ်။ ။ အဲဒီအဖွဲ့ဝင်တွေ အနေချောင်၊ အစားချောင်တာတော့ မပြောပါနဲ့တော့ဗျာ။ တလောက ရန်ကုန်မှာ ပြည့်တန်ဆာအလုပ်နဲ့ အသက်မွေးနေတဲ့ မိန်းမတယောက်ကို ရဲကဖမ်းတဲ့အခါ အမျိုးသမီး စွမ်းဆောင်ရှင် အဖွဲ့ဝင်ကတ်ပြား ထုတ်ပြလို့ ဖမ်းမယ့်ရဲခမျာ မရဲနိုင်ရှာဘူး … တောင်းပန်ပြီး လစ်ခဲ့ရတယ်တဲ့။
ဖိုးရှုပ်။ ။ အဲဒီရဲ အသရေဖျက်မှုနဲ့ အဖမ်းမခံရတာ ကံကောင်းတာပေါ့ ... ဟားဟား ... ။
ရုက္ခစိုး။ ။ လက်ရှိနိုင်ငံရေးအခြေအနေကကော အခြေအနေဘယ်လိုလဲကွ။ အနောက်အုပ်စုက လုပ်လိုက်တဲ့ ပိတ်ဆို့ရေးက အလုပ်ဖြစ်ရဲ့လား။
ကြွက်စုတ်။ ။ ဖြစ်ပါ့ဗျာ၊ ချက်ချင်းလက်ငင်းကို အကျိုးဖြစ်တာဗျ။ ဥရောပဘက်ကိုပို့တဲ့ ရေထွက်ပစ္စည်းတွေ အကုန် ပြန်ရောက်လာလို့ ၀န်ထမ်းထမင်းဗူးတွေမှာ ပုစွန်ဟင်းတွေ ဖြစ်ကုန်ပါလေရော။ဈေးထဲမှာဆိုရင် ပုစွန်ထုပ်ဈေးက ၅ ရာ၊ ၆ ရာလောက်အထိကို ဖြစ်သွားတာ … အဲဒါ စီးပွားရေးပိတ်ဆို့ခြင်းရဲ့ ရလဒ်ပေါ့ဗျ။ ဟိုတုန်းကဆို မြန်မာပြည်မှာ ဗိုလ်ချုပ် တွေကလွဲရင် တတိုင်းပြည်လုံးက ပုစွန်ဆို ဘုရားလှူထားသလား အောက်မေ့ရတာ။
ဖိုးရှုပ်။ ။ တယ်ဟေုတ်ပါလားကွ၊ ကြက်ငှက်တုပ်ကွေးဖြစ်လို့ ကြက်သားစားခွင့်ရတာထက်တော့ လက်ရှိ ပုစွန်ထုပ်ကွေးက အများကြီးသာတယ်ဟေ့။ ကျောက်မျက်ရတနာတွေလည်း မ၀ယ်တော့ဘူးဆို … မကြာခင် ပြည်သူတွေ ရွှေတွဲလဲ၊ ငွေတွဲလဲ ဖြစ်ကြဦးမှာပေါ့။
ရုက္ခစိုး။ ။ မင်းဂျီးတော်ရတနာဈေးက ပုစွန်ဈေးလို ၅ ရာ၊ ၆ ရာအထိ ဘယ်ဈေးကျပါ့မလဲ။
ဖိုးရှုပ်။ ။ ကျနော့်ဂျီးတော်ကိုတော့ ဦးရုက္ခစိုးကို အလကားပေးပါတယ်ဗျာ။ သီတင်းကျွတ်မှာ ကန်တော့တယ်လို့ သဘောထားလိုက်ပေါ့။
ဖိုးရှုပ်စကားကြောင့် ဦးရုက္ခစိုးမှာ တခုခုကို သတိရသွားဟန်ဖြင့် …
ရုက္ခစိုး။ ။ ဟုတ်ပါရဲ့ကွာ ဖိုးရှုပ်ပြောမှ သတိရတယ်။ မကြာခင် သီတင်းတောင်ကျွတ်တော့မှာပါလား။
ကြွက်စုတ်က ရုက္ခစိုးကြီး၏စကားကိုဖြတ်ကာ …
ကြွက်စုတ်။ ။ သီတင်းကျွတ်တော့ ဦးရုက္ခစိုးက ဘာလုပ်မှာလဲ။ မိန်းမယူမလို့လား။
ရုက္ခစိုး။ ။ အချိန်တွေသာ တဖြည်းဖြည်းကုန်လာပြီး တိုင်းပြည်အခြေအနေက မပြောင်းလဲသေးတာကို စဉ်းစားမိလို့ပါကွာ ဟင်း …။ ငါ့ဘ၀လည်း ဒီညောင်နန်းမှာ ခိုနေတာဒီဝါကျွတ်ဆို ၅ နှစ်ရှိပြီပေါ့ကွာ။
ရုက္ခစိုးကြီးက သက်ပြင်းရှည်ကြီးချကာ ဖြတ်သန်းလာခဲ့သည့် ဘ၀ခရီးကို ပြန်တွေးနေလေ၏။
ဖိုးရှုပ်။ ။ အခုမှတော့ ဘာမှတွေးမနေပါနဲ့တော့ဗျာ။ ရှေ့ဆက်ဘယ်လိုစခန်းသွားမယ်၊ ကျနော်တို့တိုင်းပြည် အကောင်းဆုံး အခြေအနေတခုရောက်အောင် ဘယ်လိုကြိုးစားမယ်ဆိုတာကို တိုင်တိုင်ပင်ပင် နေသွားကြတာပေါ့။
ကြွက်စုတ်။ ။ ပြောမယ့်သာပြောနေတာ မြန်မာပြည်ကြီး တကယ်ပြောင်းလဲသွားတဲ့အခါ ဦးရုက္ခစိုးက ပြန်ချင်စိတ် တကယ်ရှိလို့လား။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ မီးမမှန်၊ ရေမမှန်နဲ့ နေနိုင်ပါ့မလား။ လွမ်းရေးထက် ၀မ်းရေးခက်တယ်နော့်။
ရုက္ခစိုး။ ။ မင်းတို့လူတွေသာ နေနိုင်အောင်ကြိုးစားကြပါမောင်တို့ရာ။ ငါတို့ ရုက္ခစိုးနတ်ဆိုတာ အငွေ့နဲ့နေတာ၊ မောင်ရင် တို့လို အတွေ့သမားတွေမဟုတ်ဘူး။ ရုပ်ဝတ္ထုတွေကို သံယောဇဉ်တွယ်လွန်းတာက မောင်ရင်တို့ လူတွေပါကွ။
ဖိုးရှုပ်။ ။ ဟုတ်ရဲ့လားဗျ၊ ကျနော်တို့က တနေရာက တနေရာ ပြောင်းရွှေ့နေထိုင်တာ ပြဿနာမရှိဘူး။ အနေကြာ တော့လည်း အသားကျသွားတာပါပဲ။ ဦးရုက္ခစိုးသာ တနေရာတည်းကို သံယောဇဉ်တွယ်လွန်းလို့ ဒီအပင်တပင်ကနေ ဘယ်ကိုမှမသွားနိုင်ဖြစ်နေတာမဟုတ်လား။
ကြွက်စုတ်။ ။ တခုတော့မှာလိုက်ချင်သေးတယ် ဦးရုက္ခစိုးရေ … အခုတလော ညောင်ပင်ရှေ့ဖြတ်လျှောက်တဲ့ ကောင်မ လေးတွေကို ချင်းမိုင်ရုက္ခစိုးက လိုက်လိုက်နောက်တယ်လို့ သတင်းတွေကြားနေတယ်။ ဦးရုက္ခစိုး သံယောဇဉ်ဘယ်လောက် ရှိရှိ ဘုရားလူကြီးက အာဏာစက်သုံးပြီး နှင်ရင်တော့ ဘုံပျောက်မှာသေချာတယ်။ ကြည့်နေ၊ ကြည့်စားနော် … ဟုဆိုကာ သူကောင်းသားနှစ်ဦး ရုက္ခစိုးကြီးအား ပြောချင်သမျှ တရစပ်ပြောကာ ပါးစပ်ကလည်း ညောင်ပင်တစေ ဝေလေလေ … ညောင်ပင်တစေ ဝေလေလေ … ဟုအော်ကာ ပြေးကြလေတော့သည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |