#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၉)
ရန်ကုန်သားတာတေ | အောက်တိုဘာ ၁၇၊ ၂၀၀၇

ယခုလသည် ၀ါလ ကင်းလွတ် သီတင်းကျွတ်လ၊ မြန်မာတို့၏ ဓလေ့ထုံးတမ်းအရ ဆီးမီး ပူဇော်ပွဲများ၊ ဆရာ မိဘ ကန်တော့ ပွဲများဖြင့် ပွဲလမ်းများ မြန်မာပြည်တ၀န်းခင်းကျင်းနေသည့်ကာလ။ ယခုမူ စစ်တပ်အစိုးရကအကြမ်းဖက် နှိပ်ကွပ်၍ အများ ပြည်သူကို ညမထွက်ရ နေ့မထွက်ရ၊ ဘာမလုပ်ရ ညာမလုပ်ရ ဟူသော အမိန့်အာဏာများဖြင့် ညှပ်ကွပ်ဗိုလ်ကျထား၍ ပြည်သူအများ ဆင်းရဲ ဒုက္ခကြီးစွာနှင့် နေထိုင်ကြရသည့် သမယ ဖြစ်နေပေပြီ။

စက်တင်ဘာအတွင်း ဆန္ဒပြလှုပ်ရှားကြသည့် သံဃာတော်များနှင့် ကျောင်းသားပြည်သူများ၏ အင်အားသည် ကမ္ဘာနှင့်
အ၀န်း စစ်အစိုးရ၏ ပက်စက် ကြမ်းကြုတ်သည့်လုပ်ရပ်ကို အရှင်လတ်လတ် ပြသနိုင်ခဲ့ပေမည့် ကြီးမားသည့် အရင်းအနှီး များကို ပေးဆပ်ခဲ့ကြရသည်မဟုတ်ပါလား…

ဟင်…ဘာသံ တွေပါလိမ့်….

တို့ အရေး…တို့ အရေး…
တို့ အရေး…တို့ အရေး…

ရုက္ခစိုး ဇဝေ ဇ၀ါ ဖြစ်နေမိသည်။ ဘာသံတွေဘာလိမ့်… ဟင်…ဒါ တို့ အရေး သံတွေ…

ရုက္ခစိုးမှာ ပြီးခဲ့သည့် ဆန္ဒပြပွဲများအကြောင်း အတွေးစ မကုန်သေးမီ ယခုကဲ့သို့ အသံများကြားလိုက်ရ၍ စိတ်လှုပ်ရှားမိ သွားသည်။

အတန်ကြာမှ တဖြည်းဖြည်း သူကောင့် သား နှစ်ကောင် တောင်အောက်က ပေါ်လာသည်ကို တွေ့ရတော့သည်။

သြော်…ဒင်း တို့ကိုး….

ရုက္ခစိုးက အံကြိတ်ပြီး သူကောင့်သားတွေကို ခါးထောက်၍ လှမ်းကြည့်နေလိုက်သည်။ အနီးရောက်လာမှ ဆီး၍ ငေါက်လိုက်သည်။

ရုက္ခစိုး။  ။ ဒါ က ဘယ်လို တီထွင်ကြံဆ နီးလမ်းရလာပြန်သလဲ ဆိုတာ မိန့်ကြားကြပါဦး…

ရုက္ခစိုးကြည့်ရသည်မှာ သိပ်ကြည်လင်ပုံမရ၊ စိတ်တိုနေပုံရကြောင်း စောကြော မိသော ကြွက်စုတ်က ကမန်း ကတန်း ရုက္ခစိုးကို လှမ်းနှုတ်ဆက်လိုက်သည်။

ကြွက်စုတ်။  ။ အဟဲ…ဦးရုက္ခစိုး နေကောင်းတယ်နော်…ကျနော်တို့ အိုင်ဒီယာ ပေါ်လာလို့ မနေနိုင်တာနဲ့ အခုလို အဟဲ…

ရုက္ခစိုး။  ။ ဘာ အိုင်ဒီယာလဲ…ငါ ပါ ဒီ တောင်ပေါ်ကနေ ပြေးရမယ့် အိုင်ဒီယာလား…မင်းတို့ဟာက…

ကြွက်စုတ်က မျက်နှာလိုမျက်နှာရ နှုတ်ဆက်လိုက်သော်လည်း ရုက္ခစိုး၏ အငေါက်မလွတ်။ ထို့ကြောင့် ဖိုးရှုပ်က မနေသာဘဲ ၀င်လေပြေသွေးရပြန်သည်။

ဖိုးရှုပ်။  ။ ဒီလိုပါ ဦးရုက္ခစိုးရဲ့…အခု ပြည်တွင်းမှာ စစ်တပ်အစိုးရက တန်ပြန် ဆန္ဒပြပွဲတွေ အကြီးအကျယ်လုပ် နေတယ်လေ… လူတွေကို အတင်းအဓမ္မ လုပ်ခိုင်းနေတာ…အဲဒါ…

ရုက္ခစိုး။  ။ အဲဒါ ဘာဖြစ်သလဲ…

ဖိုးရှုပ်။  ။ အဲ…ကျနော်တို့ ကြားတာက လူအများစုက မလိုက်ချင်ဘဲ လိုက်ရတော့…သူတို့ အော်ခိုင်းတဲ့ ကြွေးကြော် သံတွေကို မအော်ဘူးတဲ့…

ဤတွင် ရုက္ခစိုး နည်းနည်းစိတ်ဝင်စားသွားပြီး ဘာမှ မပြောဘဲ ဆက်ပြော ဟူသော ပုံစံဖြင့်ကြည့်နေသည်။
ကြွက်စုတ်ကလည်း ယခုအခွင့်အရေးကို လက်လွတ်မခံ ပါးနပ်စွာ ၀င်ရောက်အသုံးချလိုက်သည်။

ကြွက်စုတ်။  ။ ဟို လေ…ဦးရုက္ခစိုး…သတင်းစာတွေမှာလည်း နေ့တိုင်းပါနေတယ်လေ…တန်ပြန်ဆန္ဒပြပွဲ သတင်း တွေ…အဲဒီ ဆန္ဒပြပွဲတွေမှာတဲ့…အမျိုးသားညီလာခံကိုထောက်ခံကြ၊ ဆူပူသောင်းကျန်းသူတွေကို ဆန့်ကျင်ကြတို့၊ ပြည်ပအားကိုး ပုဆိန်ရိုးတွေကိုဆန့်ကျင်ကြတို့ ကြွေးကြော်သံတွေ အော်ခိုင်းတာကို…တချို့တွေက တို့အရေးတွေ အော်လို့ ကို့ရို့ကားရား တွေဖြစ်ကုန်တယ်လေ…တချို့လည်း ရုပ်ရှင်မင်းသား ကျော်သူ ကို ပြန်လွှတ်ပေးလို့ အော်တယ် တဲ့…

ဖိုးရှုပ်။  ။ ဟုတ်တယ်…ဟုတ်တယ်…အဲဒါ ကျနော်တို့ကလည်း သူတို့ကို အားကျလို့…

ရုက္ခစိုး။  ။ အေး…ဟုတ်ပါပြီ…အားကျတော့ မင်းတို့က ဘာလုပ်ချင်လို့လဲ…

ကြွက်စုတ်။  ။ ဟင်…ဦးရုက္ခစိုးမေးပုံကလည်း လူမိုက်လေသံကြီးနဲ့…အဲဒါ တခုခု လုပ်ချင်လို့ ဦးရုက္ခစိုးနဲ့ တိုင်ပင်ပြီး လုပ်မလို့လာတာလေ…

ဖိုးရှုပ်။  ။ ကျနော်ကတော့ တရုတ် ၊ အိန္ဒိယ ၊ ရုရှ တွေနဲ့ စစ်အစိုးရကို ထောက်ပံ့နေသူတွေကို ကမ္ဘာနဲ့အ၀န်း ဆန့်ကျင်အောင် လှုံ့ဆော်တာတွေလုပ်ချင်တယ်…ကုလ သမဂ္ဂအပါအ၀င်ပေါ့…ပြည်တွင်း ဂျာနယ်တချို့တောင် တရုတ် ဆန့်ကျင်ရေး လုပ်တဲ့အနေနဲ့ သူတို့အိုလံပစ်ပွဲ အကြောင်း မဖော်ပြကြဘူးတဲ့…

ရုက္ခစိုး။  ။ ငကြွက်က ရော ဘာလုပ်ချင်သလဲပြော…

ကြွက်စုတ်က တက်တက်ကြွကြွ မဆိုင်းမတွပင် ဖြေလိုက်သည်။

ကြွက်စုတ်။  ။ ကျနော်ကတော့ အဲဒီ နအဖ ခေါင်းဆောင်တွေကို မိအောင်ဖမ်း၊ ပြီးတော့ ဆက်ဒမ်ဟူစိန်လို ကြိုးပေးလိုက် ချင်တယ်…အဲဒါမှ စစ်အာဏာရှင်လည်း ခံရပါလားလို့ နောင်ကျဉ်သွားမယ်…သူတို့က ချည်း ဒုက္ခပေးနေတာ…ဒါနဲ့ ဦးရုက္ခစိုး ကရော အိုင်ဒီယာရှိရင် ရှယ် ဦးလေ…

ရုက္ခစိုးက ကြွက်စုတ်ကို မျက်လုံးစွေကြည့်လိုက်ပြီး ခေတ္တ စဉ်းစားနေဟန် ပြုနေလိုက်သည်။

ရုက္ခစိုး။  ။ အင်း….ငါ က တော့ အခုလောလောဆယ် စတိတ်မင့်ထုတ်မလားလို့ စဉ်းစားထားတယ်လေ…မင်းတို့ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ဒါမှ လူတွေသိလာမယ်…လေးစားမှုရှိလာမယ်…နောင်တချိန်မှာလည်း မှတ်တမ်းမှတ်ရာနဲ့ အရာထင် ကျန်ခဲ့မယ်… သမိုင်းရှိမယ်ပေါ့ကွာ…

ဤကဲ့သို့ မထင်မှတ်ထားသည်ကို ရုက္ခစိုးက ပြောလိုက်ရာတွင် ကြွက်စုတ်အနည်းငယ် စိတ်အချဉ်ပေါက်သွားသည်။ သို့သော် အသာ ငြိမ်နေလိုက်သည်။

ဖိုးရှုပ်။  ။ ဒါနဲ့ ဦးရုက္ခစိုးက ဘယ်လိုမျိုး စတိတ်မင့် ထုတ်ချင်ပါသလဲ ခင်ဗျ…

ရုက္ခစိုး။  ။ ဒီလိုကွာ…စတိတ်မင့်မှာ “မြန်မာ့အရေးလှုပ်ရှားသူ ဦးရုက္ခစိုးနှင့်အဖွဲ့ကြေညာချက် အမှတ် ၀၀၁/၂၀၀၇” ဆိုပြီးတော့ အောက်ကနေ အဲ…ပါဝင်ရမယ့် အချက်တွေက…မင်းတို့လည်း ၀ိုင်း စဉ်းစားလေ…

ကြွက်စုတ်က ရုက္ခစိုးကို မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး ထ ပြောလိုက်သည်။

ကြွက်စုတ်။  ။ ကျနော် တခု မေးချင်တာက… ဦးရုက္ခစိုး စတိတ်မင့် အမှတ်က ဂဏန်းသုံးလုံး ဆိုတော့ ရာဂဏန်းဖြစ် နေတယ်…စတိတ်မင့် တွေ ရာနဲ့ချီပြီး ထုတ်မယ် ဆိုတဲ့ သဘောလား ခင်ဗျ…

ဖိုးရှုပ်ကလည်း ထပ်မံ ဖြည့်စွက်၍ မေးခွန်းထုတ်လာပြန်သည်။

ဖိုးရှုပ်။  ။ ဟုတ်ကဲ့…ကျနော့်အနေနဲ့လည်း မေးချင်တာရှိတယ်ခင်ဗျ… စတိတ်မင့် ခေါင်းစီးက “ဦးရုက္ခစိုးနှင့် အဖွဲ့”လို့ တပ်ထားတော့ ပုဂ္ဂလိက ဆန်သလိုဖြစ်မနေဘူးလား ခင်ဗျ…

ရုက္ခစိုး။  ။ အဲဒါတွေက ဒီလိုကွာ…အခုဟာက…လူတိုင်းလိုလို စတိတ်မင့်ထုတ်နေကြတာ မင်းတို့လည်း အသိလေ… အင်တာနက်ပေါ်မှာလည်း ယမ မင်းကဆိုလား အ၀ီစိကနေ လှမ်းကြေညာချက်ထုတ်တယ်လေကွာ…

ကြွက်စုတ်က ရုက္ခစိုးကို သိပ်ခံတွင်းမတွေ့သည့်ပုံနှင့် ကြည့်လိုက်ပြီး မေးလိုက်သည်။

ကြွက်စုတ်။  ။ ကဲ ထားပါတော့…ဦးရုက္ခစိုး စတိတ်မင့်ရဲ့ အဓိက က ဘာကို ပြောကြမှာလဲ…

ရုက္ခစိုး။  ။ အဲဒါက စောစောက ပြောသလိုလေကွာ….ငါ တို့ အားလုံးဝိုင်း စဉ်းစားလို့ရတာကို အတည်ပြုတာပေါ့ကွာ…

ရုက္ခစိုး၏ ဝေ့လည်လည် ပုံစံကို ဖိုးရှုပ်က မနေနိုင်၍ ၀င်ပြောချလိုက်သည်။

ဖိုးရှုပ်။  ။ ဟင်… ဦးရုက္ခစိုးပဲ စတိတ်မင့် ထုတ်မယ်လဲဆိုသေး…ဦးတည်ချက်က…ယူအန်လား… ဂန်ဘာရီလား… အာဆီယံလား…နအဖ ကိုလား…ဒါမှမဟုတ် အတိုက်အခံတချို့ရဲ့ အမြီးအမောက်မတည့်တာတွေကိုလား…

ကြွက်စုတ်။  ။ အင်း ဟုတ်တယ်လေ…ဦးရုက္ခစိုးကလည်း ဘာမှန်းမသိဘူး…ဝေေ၀၀ါးဝါး မရှင်းမရှင်းနဲ့ တချို့ မြန်မာ့အရေး ကျွမ်းသူဆိုတဲ့ ပညာရှိတွေလိုပဲ…ဒီလိုဆိုရင်တော့ ကျနော်တို့ပြန်မယ်ဗျာ…ကိုယ့်ပါးစပ်နဲ့ ကိုယ်ပဲ တို့အရေး…အော်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော့မယ်…

ပြောပြောဆိုဆို ကြွက်စုတ်က ခြေစောင့်၍ ရှေ့ကထွက်သွားရာ ဖိုးရှုပ်ကလည်း ရုက္ခစိုးကိုလှည့်ကြည့်လှည့်ကြည့်နှင့် ကြွက်စုတ်နောက်မှ တောင်အောက်သို့ ဆင်းလိုက်သွားလေသောကြောင့် ရုက္ခစိုး၏ မဟာစတိတ်မင့် စီမံကိန်းကြီး ပျက်သုဉ်းသွားရတော့သည်….။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.