ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၀)
ရန်ကုန်သားတာတေ | မေ ၁၆၊ ၂၀၀၇
နွေရာသီဟုဆိုသော်လည်း ချင်းမိုင်တွင် မေလဆန်းကတည်းက မိုးတွင်းကြီးကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အပူရှိန်ကျကာ နေ၍ထိုင်၍ ကောင်းနေသည်။
ထိုရာသီလွဲမိုးသည် မြန်မာပြည်သို့ သွားရောက်ခဲ့သည်။ ကဆုန်လပြည့်နေ့လောက်ကပင် စတင်၍ ရန်ကုန်မြို့၌ ရွာသွန်းသောမိုးကြောင့် ရန်ကုန်မြို့တွင်းနှင့် အနီးတ၀ိုက် မြို့နယ်များတွင် လမ်းများပေါ်သို့ ရေများ အလုံးအရင်းနှင့် ရောက်ရှိလာကြသည်ကို သတင်းဖြင့် တသွယ်၊ ဓာတ်ပုံဖြင့်တမျိုး၊ ဗီဒီယိုဖြင့်တနည်း မြန်မာမီဒီယာများနှင့် နိုင်ငံတကာ သတင်းဌာနများက ဖော်ပြကြသည်ကို စိတ်လက်မအီမသာဖြင့် မှတ်သားသိရှိရသည်။
ထိုမျှနှင့်မပြီးဘဲ မေလလယ်ရောက်လာသည့် အချိန်တွင်လည်း ကျေးဇူးရှင်ဆိုင်ကလုန်း မုန်တိုင်းက ထပ်ဆင့်မွှေနှောက် လာပြန်သောကြောင့် နိုင်ငံနှင့်အ၀န်းရှိ မြန်မာပြည်သားများ ရန်သူမျိုးငါးပါးမက ရန်သူမျိုး ခြောက်ပါးခန့်၏ ဘေးဒဏ်ကို ခံနေကြရသည်။
ယခုတလော ရာသီဥတုပြောင်းလဲမှုကြောင့် လူအများ ဒုက္ခသုက္ခဖြစ်ကြရပုံကို ရုက္ခစိုးက စိတ်မသက်မသာဖြစ်နေမိသည်။
ဒွိုင်ဆူထေ့တောင် တခုလုံးကတော့ စိမ်းစိုနေပေသည် …
ထိုအချိန်တွင် ရုတ်တရက် မိုးရွာချလိုက်၍ ရုက္ခစိုးက ညောင်ပင်နား တိုးကပ်လိုက်ရာ … ညောင်ရိပ်သို့ပြေးဝင်လာသူ နှစ်ဦးနှင့် တိုက်မိမတတ်ဖြစ်သွားရသည်။
ရုက္ခစိုး။ ။ ဟာ … ဟေ့ ဟေ့ ကောင်တွေ … ဘယ်လိုဖြစ်လာရတာလဲကွာ။
ဖိုးရှုပ်။ ။ မိုးလေ … ဦးရုက္ခစိုးရဲ့ … မိုးရွာတယ်လေ …။
စိမ်းနေသော ဒွိုင်ဆူထေ့တောင်ကြောပေါ်သို့ ပုဝါပါးပါးတခုဖြင့် အုပ်လိုက်သကဲ့သို့ မိုးမှုန်လေးများကျနေသည့်
ခပ်ဝါးဝါးမြင်ကွင်းကို လက်ညှိုးထိုးပြရင်း ဖိုးရှုပ်က ပြန်ပြောလိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း မိုးကြောက်သူကြီး ဖြစ်နေပါပေါ့လား … တချို့တလေကတော့ မိုးချစ်တဲ့သူတွေ … ဟို သီချင်းထဲကလို … မိုးရွာရင် မိုးရေချိုးမယ် … မေမေလာရင် နို့ဆို့မယ် … ဆိုတာလေ … ငါးမရလည်း ရေချိုးပြန်မယ်ဆိုတဲ့ လူတွေလိုတော့ မဟုတ်ဘူးပေါ့ …။
ရုက္ခစိုးက စိတ်မရှည်သည့် လေသံဖြင့်ဖြတ်ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဟာကွာ … စိတ်တွေ နောက်နေရတဲ့အထဲ ဘာတွေပြောနေတာလဲ … ငကြွက်စုတ်ရာ …။
ဖိုးရှုပ်က ရုက္ခစိုး၏ အခြေအနေကို အကဲခတ်ရင်း ၀င်ဖြေလိုက်သည်။
ဖိုးရှုပ်။ ။ ဟုတ်တယ် … ဒီကောင်ဘာတွေ လာပြောနေတာလည်းမသိဘူး … ကျနော်ကတော့ အပြင်းဖြေစရာမဟုတ်တဲ့ သတင်းတွေထုတ်ပြန်ပေးမယ် … အခု ဖမ်းလိုက်လွှတ်လိုက်တွေ ဆက်တိုက်ဖြစ်နေပြန်ပြီ …။
ရုက္ခစိုးက ဖိုးရှုပ်၏သတင်းအမြည်းကို စိတ်ဝင်တစားဖြစ်သွားပြီး ဖိုးရှုပ်ကို လှည့်မေးလိုက်သည်။
ရုက္ခစိုး။ ။ ဘာလဲ … ဦးမြင့်အေးတို့အဖွဲ့လား … ကိုထင်ကျော်တို့အဖွဲ့လား …။
ဖိုးရှုပ်။ ။ နိုး … နိုး … နိုး … လုံးဝမဟုတ် … ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားသူတွေကိုဖမ်းတာ …။
ကြွက်စုတ်။ ။ ဟုတ်တယ် … ဟုတ်တယ် … မစုစုနွေးတို့ဦးဆောင်ပြီး ဒီ မေလတလလုံး ဒေါ်စုလွတ်မြောက်ရေး လှုပ်ရှားကြမှာတဲ့ …။
ဖိုးရှုပ်။ ။ အဲဒီ မစုစုနွေးနဲ့ လူ ၃၀ ကျော်လောက်ကို မနေ့က ဖမ်းသွားတာ …။
ရုက္ခစိုး။ ။ ဖမ်းတာက ဘယ်သူတွေလဲ … ထုံးစံအတိုင်း … ထောက်လှမ်းရေးတို့ ရဲတို့ပဲလား …။
ဖိုးရှုပ်။ ။ နိုး … နိုး … နိုး … လုံးဝမဟုတ် … အခုဖမ်းတဲ့လူတွေက အရပ်သားတွေလိုဝတ်ထားပြီး သူတို့ကိုယ်သူတို့ ပြည်သူတွေလို့ပြောပြီး ဖမ်းတာတဲ့ …။
ကြွက်စုတ်။ ။ ဟား … ဟား … ဟား … ဟား … ပြည်သူတွေကဖမ်းတာ … နောက်နေတာလား …။
ရုက္ခစိုး။ ။ ဟေ့ကောင် … မရယ်နဲ့ … ဒါ သက်သက် အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အများပြည်သူကို ချွန်တွန်းလုပ်ပြီး လှည့်တိုက်ပေးတာကွ … ဒါ ညစ်ပတ်မှုတခုပဲ …။
ဖိုးရှုပ်။ ။ ဒီနေ့ မနက်ကလည်း အဲဒီပုံစံမျိုး လူ ၁၅ ယောက်လောက် ထပ်ဖမ်းလိုက်သေးတယ်လို့ ရန်ကုန်မြို့ကလာတဲ့ သတင်းများအရ သိရတယ် …။
ဖိုးရှုပ်၏ အပြောအဆိုလေသံကြောင့် ကြွက်စုတ်က ဖိုးရှုပ်ကို မျက်လုံးစွေကြည့်လိုက်သည်။
ကြွက်စုတ်။ ။ ဟေ့ကောင် ဒါ ရေဒီယိုစတေရှင်မဟုတ်ဘူး … အချဉ်ပေါက်အောင်မလုပ်နဲ့ … ဒေါ်စုကိုလွှတ်ပေးပါလို့ဆိုပြီး ဟိုသမ္မတတွေ ၀န်ကြီးချုပ်တွေပါတဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းကြီးတွေ ၆၀ လောက်ကလည်း တောင်းဆိုလိုက်သေးတယ် မဟုတ်လား …။
ရုက္ခစိုး။ ။ အေး … ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အများစုကလည်း အတူတူပါပဲ … စတိတ်မင့်ထုတ် တောင်းဆို လိုက်သည် … ဆိုတာနဲ့ မြန်မာ့အရေးဟာ သက်တမ်းတိုးလာတာကြာပြီပေါ့ … စစ်အုပ်စုကတော့ ရှေ့သို့ပဲ … နောက်ကို ပြန်လှည့်ကိုမကြည့်တာ … သူတို့လုပ်ချင်တာကိုပဲ လုပ်နေတာ … ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး …။
ဖိုးရှုပ်။ ။ အင်း … ဦးရုက္ခစိုးပြောတာဟုတ်တယ် … အခုလည်း စစ်အစိုးရနဲ့ ရုရှတို့ မြန်မာမှာ နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်ဖို့ သဘောတူလိုက်ပြန်ပြီလေ … ဟို တလောလေးကလည်း မြောက်ကိုရီးယားနဲ့ သံအဆက်အသွယ် ပြန်လုပ် သေးတယ် … မသူတော်ချင်းပေါင်းဖက်ပြီး ခေတ်မီ ဒုက္ခပေးရေးအစီအစဉ်တွေ လုပ်ကြပြန်ဦးမယ်လေ …။
ဖိုးရှုပ်၏ ဝေဖန်ရေးကြောင့် ကြွက်စုတ်ကလည်း တက်ကြွလာသည်။
ကြွက်စုတ်။ ။ အေးကွ … နိုင်ငံတကာက အများပြည်သူကို ကူညီချင်တဲ့အဖွဲ့တွေကျတော့ မလာနဲ့တို့ ကြံ့ဖွံ့တွေနဲ့ တွဲလုပ်ရမယ်တို့ အမျိုးမျိုးပိတ်ဆို့နှောင့်ယှက်ပြီး အကူအညီတွေကို ဖျက်ပြစ်တယ် … သူတို့ အာဏာမြဲဖို့ကျတော့ ဘာပဲလုပ်ရလုပ်ရ … ဘယ်သူ့အကူအညီပဲ ယူရယူရ …။
ရုက္ခစိုး။ ။ ငါလည်း အခုပြောရင်းက တခုသတိရလာတယ် … အကူအညီပေးရေးအသင်းအဖွဲ့တွေလေ … နာရေးကူညီမှု အသင်း အပါအ၀င် ပုဂ္ဂလိက အသင်းအဖွဲ့ ၂၀ ကျော်ကို စစ်အစိုးရက ဖွဲ့စည်းလုပ်ကိုင်ခွင့် မပေးတော့ဘူးတဲ့ … ခိုင်လုံတဲ့ သတင်းရပ်ကွက်က ပြောတာကွ …။
ဖိုးရှုပ်။ ။ ဒါဆို ကြံ့ဖွံ့ကိုယ်ပွားအဖွဲ့တွေ ထပ်ပေါ်လာဦးမယ့် သဘောပဲကွ … သူတို့က စောစောကတည်းက ရုပ်ရှင်မင်းသား ကိုကျော်သူတို့ နာရေးကူညီမှုအသင်းကို မရှုစိမ့်ဖြစ်နေတာဆိုတော့ … တဘက်လှည့်နဲ့ ကိုကျော်သူတို့ ရပ်သွားအောင်လုပ်တာမျိုးကော မဖြစ်နိုင်ဘူးလား …။
ကြွက်စုတ်က မျက်လုံးလေးပြူးကြည့်နေရင်းက …
ကြွက်စုတ်။ ။ ဒီနေ့ တို့ စကားဝိုင်းကို ငါသတိထားကြည့်နေတာ … ဒီနေ့ ဖိုးရှုပ်ရဲ့သုံးသပ်ဝေဖန်ချက်တွေက တအားကို ထိရှနေတာတွေ့ရတယ် … တချို့ မြန်မာ့အရေး တော်တော်လေးများ ကျွမ်းကျင်သူတွေထက်ကို ထိရှတယ် …။
ရုက္ခစိုး။ ။ ဒါဆို တို့တွေ ဖိုးရှုပ်ကို အထူးပြောခွင့်ရပုဂ္ဂိုလ် စပုတ်ပါစင် ရာထူးပေးပြီးတော့ မြန်မာ့အရေးဆိုင်ရာ အဖွဲ့သစ် တဖွဲ့ ဖွဲ့ရင် ကောင်းမလား … ဖန်ဒင်လေး ဘာလေးလည်း ရနိုင်တာပေါ့ …။
ဖိုးရှုပ်။ ။ ဘယ်လိုအဖွဲ့လဲ … ကျနော်ကတော့ သိပ်အပင်ပန်းမခံနိုင်ဘူးနော် … ကြာကြာလည်း မလုပ်နိုင်ဘူး …။
ဖိုးရှုပ်က ခပ်ပြုံးပြုံးလုပ်ပြီး အိုက်တင်ခံသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
ရုက္ခစိုး။ ။ မပင်ပန်းပါဘူးကွာ … သူများတွေလုပ်ကိုင်နေတာတွေကို ဘေးကကြည့်ပြီး ဝေဖန်ရေးလေကန်ရေးအဖွဲ့လေ … ဟို … ဗမာလိုဆိုရင် အတွေးတိုင်ကီဆိုလား … Think-tank ဆိုတာလေ … အဲဒီအဖွဲ့ကွာ …။
ကြက်စုတ်။ ။ ဟာ … ဦးရုက္ခစိုးကလည်း … ဒါဆိုလည်း အရင်ဆုံး ဟားဗက်တို့ ယေး ယူနီဗာစီတီတို့ကိုသွားပြီး ပရော်ဖက်ဆာ ဒေါက်တာ ရုက္ခစိုးဖြစ်အောင် လုပ်ဦး … ဒေါက်တာရုက္ခစိုးတို့ … ဒေါက်တာဖိုးရှုပ်တို့ဖြစ်မှ လူရိုသေ ရှင်ရိုသေ ဝေဖန်ရေး လေကန်ရေး လုပ်လို့ကောင်းတာမဟုတ်လား …။
ဖိုးရှုပ်။ ။ ဟုတ်ပါပြီ … ရှင်းပါပြီခင်ဗျ … မြန်မာ့အရေး လူတတ်ကြီး ပရော်ဖက်ဆာ ဒေါက်တာ ကြွက်စုတ်ရယ် … ကဲ … ကဲ … ပြန်ကြပါစို့ … မိုးတွေ ထပ်ရွာလာတော့မယ် …။
ဤတွင် ကြွက်စုတ်သည် စကားအရှိန်မသေသေးဘဲ ဖိုးရှုပ်က အတင်းလက်ဆွဲ၍ ပြန်သောကြောင့် ရုက္ခစိုးကို လက်ပြနှုတ်ဆက်ပြီး မလှုပ်တလှုပ်နှင့် ဖိုးရှုပ်နောက်က ပါသွားလေတော့သည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |