ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၈)
ရန်ကုန်သားတာတေ
ယခုအခါ ချင်းမိုင်၏ရာသီဥတုသည် ပုံမှန်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ချင်းမိုင် ကောင်းကင်တွင် မီးခိုးမှုန်များနှင့် ပြည့်ကျပ်နေစဉ်က လူအများ စိတ်လက်မရွှင်မပြနှင့် ကျန်းမာရေးလည်း ထိခိုက်ခဲ့ကြရသည်။
နှစ်ကူးအတာရေသဘင်ပွဲကြီးပြီးသည့်နောက် မိုးနှစ်ပြိုက်ခန့်ရွာချလိုက်ရာ ချင်းမိုင်သားများ ပျော်ရွှင်သွားကြသည်။ ပြီးခဲ့သည့် ကဆုန်လပြည့်နေ့ကလည်း မိုးရွာလိုက်သေးသည်။
ထိုနေ့က ရန်ကုန်မြို့လမ်းများပေါ်တွင် ရေလျှံသည်အထိ မိုးရွာခဲ့သည်ဟု သိရသည်။ နှစ်ပေါင်းများစွာ ရေဆင်းမြောင်း များကို စည်ပင်က မရှင်းလင်း၍ ရေလျှံတာလည်း ဖြစ်နိုင်သည်။
ကဆုန်လပြည့် ညောင်ရေသွန်းပွဲ။ ပွဲခါညောင်ရေကို မိုးမင်းကပါ ကူသွန်းခဲ့သည်။
ပြည်ပရောက် မြန်မာနိုင်ငံသားအများစုကတော့ ညောင်ရေမသွန်းနိုင်ကြ၊ သတင်းစာများတွင်ပါသည့် ပြည်တွင်းသတင်း ဓာတ်ပုံများကိုကြည့်၍ စိတ်မှန်းနှင့်ပင် ကြည်နူးကြရသည်။
ဖိုးရှုပ်တယောက် ရေသဘင်ပွဲအရှိန်နှင့် ညောင်ရေပွဲအခါသမယ၌ မြန်မာပြည်က အမှတ်ရစရာလေးများကို ချင်းမိုင်ကနေ ယမ်းရော်နေမိသည်။
သြော် … ဘယ်တော့ … နီးပါ့မလဲ …၊ ဒီမိုကရေစီရလျင် မြန်မာပြည်ပြန်မည် …။
ကြွက်စုတ်။ ။ ဟေ့ကောင် ဖိုးရှုပ် … မင်းကို ငါကြည့်နေတာကြာပြီ … မင်းမျက်နှာက အရောင်တွေက လင်းလိုက် မှိန်လိုက်နဲ့ … မြန်မာပြည်က မီးအားမမှန်တဲ့ မီးလုံးကြီးကြနေတာပဲ … ဘာဖြစ်နေတာလဲ …။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ယောက် မြန်မာထမင်းဆိုင်လေးတွင် ညစာစားနေစဉ် အပြင်၌ မိုးရွာချလိုက်သည်ကိုကြည့်ပြီး အတွေးထဲကနေ ဖိုးရှုပ် မြန်မာပြည် ပြန်ရောက်သွားခြင်းဖြစ်သည်။
ဖိုးရှုပ်။ ။ ဘာမှမဖြစ်ပါဘူးကွာ … သတင်းစာမှာ ညောင်ရေသွန်းပွဲ ဓာတ်ပုံတွေကိုမြင်ပြီး … စိတ်က ရွှေတိဂုံတို့၊ ဆူးလေဘုရားတို့ကို ရောက်သွားလို့ပါကွ …။
ကြွက်စုတ်။ ။ မင်းမှာလဲ ဒီသတင်းစာမပါရင် စကားမပြောတတ်တော့ဘူးလား … ငါကတော့ မလွှဲသာလို့ဖတ်နေရတာ … နအဖ ၀ါဒဖြန့်တာတွေကိုပဲ သတင်းစာလုပ်ရောင်းစားနေတာ … အလကား … ပြည်သူတွေက ပိုက်ဆံအကုန်ခံပြီး စိတ်ညစ်ခံနေကြရတယ် … တချို့ဆို နာရေးနဲ့ ကြော်ငြာလောက်ပဲဖတ်တာ …။
ဖိုးရှုပ်။ ။ ဟာကွာ … ကြွက်စုတ်ရာ … မင်းလဲသိသားနဲ့ … ငါက ဒီသတင်းအလုပ်ကို လုပ်တဲ့လူဆိုတော့ သည်းခံ ဖတ်ရတာပေါ့ကွာ … အခုလည်း သတင်းစာမှာ အလုပ်သမားနေ့ သတင်းတော့ လုံးဝမပါဘူး … အတိုက်အခံကို သားပုပ်လေလွင့် ရေးတာတော့ပါတယ်ကွ … မင်းပြောလဲ ပြောချင်စရာပေါ့ကွာ …။
ရုက္ခစိုး။ ။ ဟ … ပြောရမှာပေါ့ကွ … ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့လို အထင်ကရ နေ့တနေ့ရဲ့ သတင်းအစ လေးတောင် မထည့်တဲ့သတင်းစာမျိုးကွာ … ချောက်မြို့မှာလုပ်တဲ့ မေဒေးအခမ်းအနားကိုလည်း အလုပ်သမားတွေကို မပတ်သက်ရဘူး … ပတ်သက်ရင် အလုပ်ထုတ်မယ်ဆိုပြီး ခြောက်လှန့်တယ် … သတင်းစာမှာ ဘာသ၀ဏ်လွှာမှလည်း အလုပ်သမားတွေကို မပို့ဘူး … သိသာတယ်ကွာ …။
ရုက္ခစိုးက လွတ်နေသော ခုံတခုံတွင်ဝင်ထိုင်ရင်း သတင်းစာဝေဖန်ရေးတွင် အားတက်သရော ပါဝင်လိုက်သည်။
ကြွက်စုတ်။ ။ ဟာ … ဦးရုက္ခစိုး … ညစာစားမလို့ လိုက်လာတာလား …။
ရုက္ခစိုး။ ။ ဟေ့ကောင် … ဟေ့ကောင် … စကားအကောင်းပြော ... မြားဦးက နအဖဘက်ကနေ မင့်ဘက်လှည့်သွားမယ် … အခု ထိုင်းမှာကွာ အလုပ်သမားနေ့မှာ အလုပ်သမားတွေ တောင်းဆိုဆန္ဒပြကြတာတွေကို ထိုင်းမီဒီယာတွေမှာ
အကျယ်တ၀င့် ဖော်ပြတယ် … ဗမာသတင်းစာကတော့ …။
ကြွက်စုတ်။ ။ အာ … ဦးရုက္ခစိုးကလည်း … သတင်းစာလွတ်လပ်ခွင့်မရှိတဲ့ အစိုးရသတင်းစာလေ … အဲဒီ မေဒေးနေ့က အမေရိကန်သံရုံးမှာလုပ်တဲ့ အခမ်းအနားတက်သူ ၃၀ ကျော်ကိုလည်း ထောက်လှမ်းရေးကဖမ်းပြီးတော့ သတင်းဌာနတွေကို သတင်းပေးမှာစိုးလို့တဲ့ … စစ်မေးတာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးလို့ ခံဝန်တောင် ထိုးခိုင်းသေးတယ်တဲ့ …။
ဖိုးရှုပ်။ ။ အဲဒီလို သတင်းလွတ်လပ်ခွင့် … သတင်းစာလွတ်လပ်ခွင့် ပိတ်ပင်တာတွေရှိလို့ အခု မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ရယ်လို့ သတ်မှတ်ဖြစ်ပေါ်လာတာမဟုတ်လား …။
ကြွက်စုတ်။ ။ အဲဒါက ကမ္ဘာမှာ သူ့ဟာသူသတ်မှတ်တာ … စစ်အစိုးရကတော့ သူနဲ့ လုံးလုံးမဆိုင်သလိုပဲ … အခုကြည့်ပါလား … ဦးမြင့်အေးတို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ရိုက်နှက်တိုက်ခိုက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ် ... ရပ်တန်းကရပ်ဖို့ … ဆိုပြီး ကုလသမဂ္ဂအပါအ၀င် ကမ္ဘာက၀ိုင်းပြောနေ ကြေညာချက်တွေ ထုတ်နေတဲ့ကြားက အဲဒီအရိုက်ခံရတဲ့ လူတွေကို တရားပြန်စွဲတယ် …။
ဖိုးရှုပ်။ ။ နောက်ထပ်လည်း ၃ ယောက် ထပ်ဖမ်းလိုက်သေးတယ်တဲ့ …။
ဖိုးရှုပ်က ၀င်ထောက်လိုက်၍ ကြွက်စုတ်က စကားကို ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
ကြွက်စုတ်။ ။ ပါးစပ်နဲ့ ပြောနေလို့ကတော့ … ရမယ့်ဟာတွေမဟုတ်ဘူး …။
စိတ်လိုက်မန်ပါ စကားကြောရှည်ရှည်ပြောလိုက်ရသည့်အတွက် အနည်းငယ်မောသွားဟန်ရှိသော ကြွက်စုတ်ကို ရုက္ခစိုးက အေးစက်သည့်မျက်လုံးများနှင့် ကြည့်လိုက်ပြီး …
ရုက္ခစိုး။ ။ မင့်က ပါးစပ်နဲ့ မပြောချင်လို့ ဘယ်လိုဟာနဲ့ ပြောချင်လို့လဲ …။
ကြွက်စုတ်။ ။ ဟာ ... ဦးရုက္ခစိုးမေးတာက တမျိုးကြီးပဲ၊ ကျနော်ဆိုလိုတာက အဲဒီစစ်အစိုးရက သူတို့ထိခိုက်နာကျင်မှုရှိမှ အလေးထားမယ်ဆိုတဲ့ သဘောမျိုးပြောတာပါ …။
ဖိုးရှုပ်။ ။ ဟ … သူတို့ကို ဘယ်လိုထိခိုက်အောင်လုပ်ရမလဲ … သူတို့ကသာ လက်နက်အင်အား လူအင်အား … ရသမျှအင်အားတွေစုပြီး ဗိုလ်ကျဒုက္ခပေးနေတာ နှစ်ပေါင်းမနည်းတော့ဘူး … အတိုက်အခံကိုလည်း အင်အားချိနဲ့အောင် ဆက်တိုက်လုပ်ထားတယ် … ကမ္ဘာ့အလယ်မှာ ရှက်ရကောင်းမှန်းလဲမသိ …။
ရုက္ခစိုး။ ။ အဲဒါဆိုလည်း ဒီလိုလုပ်ကွာ … နိုင်ငံကတာကလည်း အော်ရုံပဲအော်တာ … အတိုက်အခံတွေကလည်း နအဖကိုမယှဉ်သာဆိုတော့ … နအဖက သူတို့ဘာသာသူတို့ပဲ ကိုယ့်ကိုယ်ကို ဒါဟာ ရှက်စရာပါလားလို့သိပြီး အာဏာ စွန့်သွားအောင် အန်ဂျီအို တခုခုကိုဖြစ်ဖြစ်၊ အကဲဒမစ်တွေကိုပဲ ဖြစ်ဖြစ် အကူအညီတောင်းပြီး သင်တန်းပို့ချခိုင်းပါလား …။
ကြွက်စုတ်က ရုက္ခစိုး၏ နအဖကိုပို့ချမယ့်သင်တန်းကို စိတ်ဝင်စားသွားပြီး ကမန်းကတန်းဝင်မေးလိုက်သည်။
ကြွက်စုတ်။ ။ ဘာသင်တန်းများလဲ … ဦးရုက္ခစိုးရဲ့ …။
ရုက္ခစိုး။ ။ ရှက်နည်းကား သင်တန်းလေကွာ …။
ဤရုက္ခစိုး၏ အဖြေစကားနှင့်ပင် ထမင်းဝိုင်းတဖြစ်လဲ သတင်းပလင်း စကားဝိုင်းကို အဆုံးသတ်လိုက်ကြလေတော့သည်။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |