ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၃)
ရန်ကုန်သားတာတေ
ယခုရက်ပိုင်းတွင် ရာသီဥတုက နည်းနည်း ပြန်ကောင်းလာသော်လည်း နွေရာသီဖြစ်နေ၍ နွေဇာတိကပြလာပြန်သည်။ ညဦးပိုင်း၌ ပူလောလောဖြစ်လာသဖြင့် ညဥ့်နက်ပိုင်းကျမှ ဖိုးရှုပ်တယောက် အိပ်၍ရသည်။
ထို့ကြောင့် မနက်မနက် အိပ်ရာမှ တော်ရုံနှင့် မထချင်၊ မနက်ပိုင်းလွှင့်သည့် VOA, BBC, RFA စသည့် နားထောင်နေကျ ရေဒီယိုအချိန်များကိုပင် ပြောင်းခိုင်းစေချင်သည့် စိတ်များဖြစ်ပေါ်နေမိသည်။ ၀ါသနာအလျောက် နားထောင်နေမိ သော်လည်း မဖြစ်မနေ တာဝန်တခုကို ထမ်းဆောင်နေရသလို ဖြစ်နေသည်။
တခါတလေလည်း ရေဒီယိုကို ဒေါသဖြစ်ရသည့်အခါများရှိသည်။ BBC ကလွှင့်သည့် မြန်မာ့အရေး ကမ္ဘာ့အရေးကဏ္ဍကို နှစ်သက်မိသော်လည်း စစ်အစိုးအရ အလိုတော်ရိများကို ပွဲထုတ်ပြီး ဒီမိုကရေစီဘက်တော်သားများနှင့် စီချင်းထိုးခိုင်းသည့် ပုံစံမျိုးကိုတော့ စိတ်ပျက်မိသည်။ ၀ါသနာက ရေဒီယိုတင်မက သတင်းတွေကိုပါ စိတ်ဝင်စားသောကြောင့် နားမထောင် ဘဲလည်းမနေနိုင်။
ယနေ့မနက်တွင်တော့ အိပ်ရာထနောက်ကျနေ၍ ရေဒီယိုချိန်ကို ဖိုးရှုပ်မမီလိုက်။ သို့သော် ဦးရုက္ခစိုးတို့ ကြွက်စုတ်တို့နှင့် တွေ့ပါက သူ့သတင်း ကိုယ့်သတင်းဖလှယ်ရင်း သတင်းစုံ သိရတတ်သောကြောင့် ဖိုးရှုပ်တယောက် သူ့အပေါင်းအသင်း များနှင့် ဆုံတွေ့ရန် ဒွိုင်ဆူထေ့တောင်ပေါ်သို့ တက်ခဲ့သည်။
ကြွက်စုတ်။ ။ ဟောဒီမှာ ဦးရုက္ခစိုးရေ … နတ်သဘင် အစည်းဝေးမမီလိုက်မှာစိုးလို့ သုတ်ခြေတင်လာတဲ့ နတ်သား တပါးထင်ရဲ့ ညောင်ပင်ဆီကိုတော့ လာနေလေရဲ့ ...။
ကြွက်စုတ်က ဖိုးရှုပ်ကို လက်ညှိုးထိုးပြရင်း ရုက္ခစိုးကို လှမ်းပြောလိုက်သည်ကို ဖိုးရှုပ်က နားစွန်နားဖျားကြားပြီး ပြန်မေးရင်းညောင်ရိပ်တွင် ၀င်ထိုင်လိုက်သည်။
ဖိုးရှုပ်။ ။ ဘာအစည်းဝေးလဲကွ ... သတင်းထူးလေး ဘာလေးသိထားရင်လည်း ပြောပြဦးကွာ ...။
ရုက္ခစိုးက ဖိုးရှုပ်ကိုတချက်ကြည့်ရင်း ၀င်ပြောလိုက်သည်။
ရုက္ခစိုး။ ။ အင်း ... ဘုရားစူး သတင်းထောက်ပါပဲကွာ ... နားကလည်းပါးတာတလွဲ ... ဒီမှာတော့ ဘာအစည်းအဝေးမှ မလုပ်ဘူးမောင်ရင် ... နေပြည်တော်မှာတော့ သတင်းစာရှင်းလင်းပွဲလုပ်တယ် ...။
ဖိုးရှုပ်က မျက်လုံးပြူးကြောင်ကြောင်နှင့် ဘာသံမှမထွက်ဘဲ ရုက္ခစိုးအား ကြည့်နေသည်ကို ကြွက်စုတ်က …
ကြွက်စုတ်။ ။ အပ်ဒိတ် (update) မဖြစ်လိုက်တာ ဖိုးရှုပ်ရာ ... တပ်မတော်နေ့ အဲ ... တော်လှန်ရေးနေ့အကြို နိုင်ငံခြား သတင်းထောက်တွေကိုပါဖိတ်ပြီး တခါတည်း တချက်ခုတ်နှစ်ချက်ပြတ်လုပ်တာ ... သတင်းစာရှင်းလင်းပွဲရော ... စစ်ရေးပြ အခမ်းအနားကိုပါ ခေါ်ပြလိုက်တာကိုယ့်လူ ...။
ဖိုးရှုပ်။ ။ သတင်းစာရှင်းလင်းပွဲက ဘယ်သူတွေက ရှင်းတာလဲ ... ငါက အခုတလော သိပ်နေမကောင်းချင်သလိုဖြစ်နေလို့ တချို့သတင်းတွေ မသိလိုက်ဘူးကွ ...။
ကြွက်စုတ်က နှုတ်ခမ်းကိုမဲ့ပြီး လာဖြီးမနေပါနဲ့ဖိုးရှုပ်ရာဆိုတဲ့ ပုံစံမျိုးနဲ့ကြည့်နေသောကြောင့် ရုက္ခစိုးကပဲ ၀င်ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဘယ်သူတွေရှိမလဲကွာ ... ဟို ပြန်ကြားရေးဝန်ကြီး ဦကျော်ဆန်းနဲ့ ရဲချုပ်ခင်ရီ တို့ပဲပေါ့ကွာ ... ငါထင်တာတော့ သတင်းစာရှင်းလင်းပွဲကို တမင်လုပ်ပြီး သူတို့အသစ်တည်တဲ့ နေပြည်တော်မြို့တော်သစ်ကိုလည်း ခေါ်ကြွားတာပါမယ် ...။
ကြွက်စုတ်။ ။ သတင်းစာ ရှင်းလင်းပွဲက အကြောင်းအရာအသစ် မဟုတ်ပေမယ့် နေပြည်တော်မှာပဲလုပ်တဲ့ သူတို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနဲ့ ၀မ်းဆက်စီစဉ်ထားတာကတော့ ထူးခြားမှုတခုဖြစ်နေတယ်လေ ...။
ဖိုးရှုပ်။ ။ ဘယ်လိုထူးခြားတာလဲ ...။
ဖိုးရှုပ်အမေးကို ရုက္ခစိုးက ၀င်ဖြေလိုက်သည်။
ရုက္ခစိုး။ ။ ဒီလိုကွ … သတင်းစာရှင်းလင်းပွဲမှာ ဦးကျော်ဆန်းက ဒီမိုကရေစီကို ဖော်ဆောင်နေတယ် ... အခြေခံ ဥပဒေသစ် ဆွဲနေတာလည်းပြီးခါနီးပြီ ... နိုင်ငံတကာနဲ့ အတိုက်အခံတွေပြောတာ တခုမှမဟုတ်ဘူး ... ဒေါ်စုကိုလည်းပြန် မလွှတ်နိုင်ဘူးဆိုပြီး ပြောတယ် ...။
ဖိုးရှုပ်။ ။ ဟင် ... အဲဒါက အသစ်မှမဟုတ်ဘဲ ... သူတို့ပြောနေကျပဲဟာ ... အလွတ်တောင်ရနေသေးတယ် ...။
ကြွက်စုတ်။ ။ ဒေါ်စုကတဲ့ တိုင်းပြည်ကို အန္တရာယ်ပေးဖို့ရှိတယ်တဲ့ ... သူတို့အစိုးရကို ထိပ်တိုက်ရင်ဆိုင်ရေးတွေ လုပ်တယ်တဲ့ ... ဒါကြောင့် အင်အား ၄ သိန်းကျော်လောက်ရှိတဲ့ စစ်တပ်ကို အန္တရာယ်ပြုမှာစိုးလို့ ဒေါ်စုကိုပြန်လွှတ် မပေးရဲဘူးတဲ့လေ ...။
ကြွက်စုတ်က အတည်လိုလိုနှင့် ငေါ့ပြော ပြောနေသည်ကိုသိ၍ ရုက္ခစိုးက ၀င်ရှင်းပြန်သည်။
ရုက္ခစိုး။ ။ သဘောကတော့ ဒီလိုကွာ ... အာဏာကို ဘယ်သူ့မှလွှဲမပေးဘူး ... ဘာတွေ့ဆုံဆွေးနွေးရေးမှမလုပ်ဘူး၊ တိုင်းပြည်ကို သူတို့ပဲ ဆက်အုပ်ချုပ်မယ် ... အဲဒါကို ပြဿနာရှာတဲ့သူကို သူတို့က ဆက်လက်နှိပ်ကွပ်မယ်လို့ ဆိုလိုတာ ...။
ကြွက်စုတ်။ ။ အေး ... ဦးသန်းရွှေကလည်း စစ်ရေးပြအခမ်းအနားမှာ ပြောတာက ... စစ်တပ်အင်အားရှိမှ တိုင်းပြည် တိုးတက်မယ် ... စစ်တပ်ကိုမထိနဲ့ … ထိတဲ့သူကို ချေမှုန်းမယ်ဆိုတာမျိုးပြောတယ် ... ဘာအမျိုးသား ပြန်လည်သင့်မြတ် ရေးမှမပါဘူး ... တိုက်ခိုက် ချေမှုန်းပစ်ဖို့ပဲပြောတာ ... ဒါကြောင့် သတင်းစာရှင်းလင်းပွဲနဲ့ ၀မ်းဆက်လို့ပြောတာ ...။
ရုက္ခစိုး။ ။ ပြီးတော့ … တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးရအောင် တိုက်ယူခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ အကြောင်းကိုလည်း ဦးသန်းရွှေက တလုံးမှ ထည့်ပြောမသွားဘူး …။
ဖိုးရှုပ်။ ။ အင်း ... သဘောပေါက်ပြီ ... အဲဒီ သတင်းစာရှင်းလင်းပွဲအကြောင်းတော့ သတင်းစာမှာ ပါမလာဘူး ...။
ကြွက်စုတ်။ ။ ဘယ်ပါမလဲကွ … သူတို့ တပ်မတော်နေ့ ဦးစားပေး အထူးအချပ်ပို ၄ မျက်နှာတောင် ထည့်ထားတာ ... နောက်နေ့ကျမှ ပါရင်ပါမှာပေါ့ ...။
ဖိုးရှုပ်။ ။ ဒါနဲ့ သတင်းစာဆိုလို့ ဟို ... သတင်းစာဖြတ်ပိုင်းတွေ ခြံစည်းရိုးမှာကပ်လို့ ဖမ်းထားတဲ့ ဦးသိန်းဇံဆိုတဲ့ လူကြီးကို အဲဒီ တပ်မတော်နေ့ အကြိုတနေ့က ရုံးထုတ်တာသိလား ...။
ရုက္ခစိုး။ ။ ဟုတ်တယ် ... ရုံးထုတ်တယ် ... ဒါပေမယ့် အဲဒီ ဦးသိန်းဇံအတွက် အာမခံလျှောက်တာ တရားရုံးက ပယ်ချလိုက်တယ်တဲ့ ...။
ကြွက်စုတ်။ ။ အင်း ... ဥပဒေရဲ့အထက်မှာ တခြားဘယ်သူမှတော့ မရှိရဘူး ... သူတို့ပဲရှိတယ်ဆိုတော့ သူတို့ သဘောပဲပေါ့ ...။
ဖိုးရှုပ်။ ။ ငါ့အသိတယောက်ကလည်း သူ့အတွေ့အကြုံကို ပြောဖူးတယ် ... အရင်တုန်းကတဲ့ ငွေများတရားနိုင်တဲ့ ... အခုကျတော့ရောလို့ ငါကမေးတော့ ... အခုကျတော့ ငွေနည်းတရားရှုံးတဲ့လေ ... ငါဖြင့်ရယ်ချင်တာ မနည်းအောင့်ထား ရတယ် ... ဒါနဲ့ အခုတလော အဖမ်းအဆီးတွေကလည်း စိပ်နေတယ်နော် ...။
ရုက္ခစိုး။ ။ အေးကွ ... မကြာသေးခင်ကပဲ ဦးသန်းရွှေသမီး မင်္ဂလာဆောင်မှတ်တမ်း ဗီစီဒီကို ပြန်မွမ်းမံထားတဲ့ စိန်စီသောညအခွေ လက်ဝယ်တွေ့ရှိမှုနဲ့ ညောင်တုန်းက နှစ်ယောက်ကိုတောင် ဖမ်းထားသေးတယ် ...။
ကြွက်စုတ်။ ။ အင်း … ကျနော်လည်းကြားတယ် … သူတို့ကို နိုင်ငံတော်အကြည်ညိုပျက်မှုနဲ့ တရားစွဲမလို့တဲ့ … ဒါနဲ့ အဲဒီမင်္ဂလာဆောင်မှတ်တမ်းကို ဘယ်လိုပြန်မွမ်းမံထားတာလဲ …။
ဖိုးရှုပ်။ ။ မွမ်းမံတယ်ဆိုတာကကွာ … သူတို့မင်္ဂလာပွဲမှာက စိန်တွေတဖြတ်ဖြတ်နဲ့ အဲဒီသတို့သမီးတောင် သန္တာရွှေကနေ သန္တာစိန်ဖြစ်သွားတယ်လေ ... ပြည်သူတွေဘက်ကတော့ ငတ်ပြတ်ဆင်းရဲ ဒုက္ခရောက်နေကြတယ်ဆိုတာကို ပြထားတာ …။
ရုက္ခစိုး။ ။ အေး … အဲဒီလို ဆင်းရဲဒုက္ခ ဖြစ်နေကြတယ်ဆိုတာကို သိမ်ကြီးဈေးရှေ့မှာ ဆန္ဒပြတော့လည်း ဖမ်းတယ်လေ … ဒီမိုကရေစီရရှိရေးတို့ … စစ်အာဏာရှင်ပြုတ်ကျရေးတို့ ဘာမှပါတာမဟုတ်ဘူး …။
ကြွက်စုတ်။ ။ အဲဒီလူတွေကို အာဏာပိုင်တွေက ဖမ်းလိုက်လွှတ်လိုက် လုပ်နေတာကကော ဘယ်လိုသဘောလဲ …။
ဖိုးရှုပ်။ ။ သံရုံးတွေရှေ့ ဆန္ဒပြသူတွေကျတော့ လမ်းတောင်ရှင်းပေးသေးတယ်လေ … အင်း … အခု သူတို့လုပ်ပုံက စဉ်းစားစရာပဲ … ထောက်လှမ်းရေးအဖွဲ့အစည်းတွေက နောက်ဆုတ်နေသလိုလို … ပျော့ပြောင်းလာသလိုလိုလုပ်နေပြီး ကြံ့ဖွတ်ကရှေ့ထွက်လာတယ် …။
ရုက္ခစိုး။ ။ အေးကွ … ငါလည်းစဉ်းစားမိတယ် … ဒါတမင် ဗျူဟာပြောင်းတာလားပေါ့ … ဒါပေမယ့် ကြံ့ဖွတ်ကတော့ ပိုပြီးစွာသထက်စွာလာတယ် … ဟိုတလောက မြောက်ဥက္ကလာက ကိုနိုင်ဦးသေဆုံးတာကလည်း ကြံ့ဖွတ်လက်ချက် ပါတယ်တဲ့ …။
ကြွက်စုတ်။ ။ အံမယ် … ဦးရုက္ခစိုးကလည်း … တချို့နေရာတွေမှာဆို အဲဒီ ကြံ့ဖွတ်တွေက လက်ထိပ်တွေ ဘာတွေ နဲ့တဲ့ …။
ဖိုးရှုပ်။ ။ ပြီးခဲ့တဲ့ ၂၀၀၆ ခုထဲမှာလည်း ကြံ့ဖွတ်အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးက ကြံ့ဖွတ်ကို ပါတီအဖြစ်ပြောင်းမလို့ဆိုဘဲ … အဲဒီလို ပြောထားတာရှိသေးတယ် …။
ရုက္ခစိုး။ ။ အေး … တနိုင်ငံလုံး အတိုင်းအတာနဲ့ အဓမ္မအဖွဲ့ဝင်ခိုင်းတာတွေအပါဆိုရင် ကြံ့ဖွတ်က အင်အား သန်းနဲ့ချီ ရှိတယ် … ဦးသန်းရွှေ မိန့်ခွန်းအရ တပ်မတော်အင်အားရှိဖို့ဆိုပြီး … ကြံ့ဖွတ်ကို လက်နက်တပ်ဆင်ပေးပြီး စစ်တပ်နဲ့ ပေါင်းပေးလိုက်လို့ကတော့ …
ကြွက်စုတ်။ ။ ကြံ့ဖွတ်ကို လက်နက်တပ်ဆင်ပေးလဲ ဘာဖြစ်လဲဗျ … ဦးရုက္ခစိုးရ …။
ဖိုးရှုပ်။ ။ ဟုတ်တယ်လေ ဦးရုက္ခစိုးရ … ကျနော်တို့က ကြောက်နေရမှာလား …။
ရုက္ခစိုး။ ။ မင်းတို့ပဲ စဉ်းစားကြည့်လေ … အခုတောင် ဒီလောက်ဖြစ်နေတာ … လက်နက် တပ်ဆင်ပေးလိုက်လို့ကတော့ … ဇာတ်တော်ထဲက ကိုယ့်အမေလက်ညှိုးတောင်ဖြတ်ဖို့ ကြိုးစားတဲ့ အင်္ဂုလိမာလလို လူမျိုးကို စက်သေနတ် တပ်ဆင် ပေးလိုက်သလို ဖြစ်သွားမှာပေါ့ကွာ …။
ကြွက်စုတ်+ဖိုးရှုပ်။ ။ ဟိုက် … ရုက္ခစိုး …။
ကြွက်စုတ်နှင့် ဖိုးရှုပ်တို့နှစ်ဦးမှာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ရုက္ခစိုးကို ဂျပန်လို စလုရိုက်အလေးပြုလိုက်ကြပါတော့သည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |