ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၀)
ရန်ကုန်သားတာတေ
ဒွိုင်ဆူထေ့တောင်ခြေမှ ရုက္ခစိုးနတ်ကွန်း၌ ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော်များဖြစ်ကြသည့် ချင်းမိုင်ရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ၃ ဦးသည် လေးနက်သည့်အကြောင်းအရာတရပ်ကို အကြိတ်အနယ် ခေါင်းချင်းရိုက်နေကြ၏။
၎င်းတို့ဆွေးနွေးနေကြသည်မှာ အယုဒ္ဓယနိုင်ငံတော်ကို ပြန်လည်ထူထောင်ခဲ့သော နရဲစွမ်ဘုရင်အကြောင်း ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်းနိုင်ငံ၌ရုံတင်ပြသနေစဉ်၊ မြန်မာနိုင်ငံတွင် ကျန်စစ်မင်းဇာတ်ကား အကယ်ဒမီဆုတွေ တထွေးကြီး ရရှိခဲ့သည့်အကြောင်းပင်တည်း။
ရုက္ခစိုး။ ။ မင်းတို့စဉ်းစားကြည့်ကွာ၊ ကျန်စစ်သားမင်းဆိုတာ ရာဇ၀င်မှာ စံထားလောက်တဲ့မင်းတပါးကွ။ အခုတော့ ဒီရုပ်ရှင်စကတည်းက ဆုံးတဲ့အထိလူမင်းက မိန်းမတွေ တယောက်ပြီးတယောက် ယူပြနေတာကိုပဲ ဆုရွေးချယ်ရေးအဖွဲ့က အကယ်ဒမီတွေ အများကြီးပေးလိုက်တယ်ဆိုတော့ နားမလည်နိုင်တော့ပါဘူးကွာ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ၊ လည်မလိုနဲ့ တော်တော်အူတာဘဲ။ ကျန်စစ်သားမင်းကြီး မိန်းမတွေ ဘယ်လောက် တောင်စွံတယ်ဆိုတာ နောင်လာနောက်သားတွေ သိအောင်ရိုက်ပြနိုင်တာကို မှတ်တမ်းတင်ထားချင်လို့ ဆုတွေအများကြီး ပေးလိုက်တာဗျ။
ရုက္ခစိုး။ ။ တော်စမ်းပါကွာ၊ မင်းကတော့ အဲဒီလိုမိန်းမပိုးတဲ့နေရာမှာ ၀ါသနာကြီးသူဆိုတော့ ဒီကားကိုသဘောကျမှာပေါ့။ ငါဆိုလိုတာက အနုပညာအရ အဆင့်အတန်းဘယ်လောက်ရှိတယ် ဆိုတာကိုပြောနေတာ။
ဖိုးရှုပ်။ ။ ဒါတော့ ဦးရုက္ခစိုးက အရိပ်ကို အကောင်ထင်နေတာကိုး။ ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်အထိ
၁၉၆၀ ကျော် လောက်က စက်တွေနဲ့ရုပ်ရှင်ရိုက်နေခဲ့ကြတာ ကျန်စစ်မင်းကားကျမှ ဟိုနည်းပညာ၊ ဒီနည်းပညာတွေကို သုံးထားတယ်လို့ ကြော်ငြာပြီး ရိုက်စားလုပ်ထားလို့ ဆုမရခင်၊ ရုံတင်ကတည်းက နာမည်ကြီးတယ်။ နောက်ပြီးတော့ ကျွန်ုပ်တို့ဆီက စစ်ဗိုလ်ကြီးတွေက ဘုရင်ရူး ရူးနေကြတာဆိုတော့ ဒီကားကိုဆုမချရင် ဘယ်ကားဆုရမလဲ။ ဒါကြောင့် လူတွေက ပေါ်လစီကားတွေ အကယ်ဒမီရတယ်လို့ ပြောကြတာပေါ့။
ဖိုးရှုပ်က သူအင်တာဗျူးဖူးသော သရုပ်ဆောင်အချို့၏ပြောစကားများနှင့် ကြားဖူးနားဝများကို ရောသမမွှေကာ
ဆရာကြီးဝင်လုပ်လေ၏။
ရုက္ခစိုး။ ။ တကယ်ဟုတ်တဲ့ မောင်ဖိုးရှုပ်ပါလားကွ။ နောက်ဆက်တွဲသတင်းလေးများသိရင် ပြောစမ်းပါအုန်း။
ဖိုးရှုပ်။ ။ အခုဆို ရုပ်ရှင်လောကကလူတွေ အချင်းချင်း ဒီအကယ်ဒမီပွဲကြောင့် စိတ်ဝမ်းကွဲတဲ့ အသံတွေတောင် ထွက်နေပြီဗျ။
ကြွက်စုတ်။ ။ ဟုတ်ရဲ့လားကွာ။ မင်းပြောသလို စစ်အစိုးရက စိတ်ဝမ်းကွဲအောင်လုပ်တယ်ပဲထားပါတော့၊ ရုပ်ရှင်သမား တွေက မသိဘဲနေပါ့မလားကွ။
ဖိုးရှုပ်။ ။ ရုပ်ရှင်သမားတွေ သိ၊ မသိတော့ ငါလဲမသိဘူးဟေ့။ ကြားရတဲ့အတိုင်း ပြန်ပြောပြတာ။ ရုပ်ရှင်သမားထဲမှာလည်း
တချို့က သရုပ်ဆောင်ဆုရဖူးပေမယ့် ဒါရိုက်တာဆုလဲလိုချင်၊ ထုတ်လုပ်သူအနေနဲ့လဲ ရချင်ပြန်ဆိုတော့ အချင်းချင်း
စိတ်ဝမ်းမကွဲတောင် မျက်စိနောက်စရာတွေ ဖြစ်ကုန်တာပေါ့။ နောက်ပြီး အကယ်ဒမီရွေးတဲ့သူတွေက ပေါ်လစီတခုထဲကို ကြည့်ရွေးတာမဟုတ်ဘူး။ လာဘ်ပေး၊ လာဘ်ယူကိစ္စတွေက အများကြီးရှိသေးတယ်။
ရုက္ခစိုး။ ။ နေစမ်းပါအုံး ရုပ်ရှင်ကြည့် ပရိသတ်တွေကကော မြန်မာရုပ်ရှင်တွေကို ဘယ်လိုသဘောထားသလဲကွ။
ကြွက်စုတ်။ ။ အနီးစပ်ဆုံး ကျန်စစ်မင်းကားနဲ့ ဆက်စပ်ပြောရရင် မျိုးဆက်သစ်တွေက တရုတ်သူရဲကောင်း ကျန်ကျောင်း လောက်သိကြတာ။ ကျန်စစ်သားကို မသိကြတော့ဘူး။ ကိုရီးယားက ဂျွန်စော၊ ဆန်းမီ တို့ကိုသာ ဒီနေ့ကလေးတွေက သဲသဲလှုပ် ဖြစ်နေတာ ဟိုနေ့က ဇာတ်ပို့ဆုရတဲ့ သရုပ်ဆောင်ကို မြင်တောင် မမြင်ဖူးကြဘူး။
ဖိုးရှုပ်။ ။ တကယ်တော့ ရုပ်ရှင်လုပ်ငန်းကျဆုံးတာ လူတွေကိုယ်၌က ရုပ်ရှင်မကြည့်တော့လို့ဗျ။ မြန်မာကားတွေက အစစအရာရာ ညံ့ရတဲ့အထဲ ရုပ်ရှင်ရုံမှာ ရုပ်ရှင်တခါကြည့်တဲ့စရိတ်ကလည်းမသေးတော့ လူတွေက ဘယ်ကြည့်တော့မှာလဲ။
ရုက္ခစိုး။ ။ သြော် … တော်တော်လည်း ၀မ်းနည်းစရာကောင်းပါလား မြန်မာ့ရုပ်ရှင်ရယ်။
ကြွက်စုတ်။ ။ ဒါနဲ့ ဦးရုက္ခစိုးရော ငယ်ငယ်က သရုပ်ဆောင်လေး၊ ဘာလေး မလုပ်ဖူးဘူးလား။
ရုက္ခစိုး။ ။ ငါက ဘာကိစ္စ သရုပ်ဆောင်ဖူးရမှာလဲကွ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးရုပ်က လူမင်းနဲ့ အတော်ဆင်တော့ မင်းသားသာလုပ်ရင် အကယ်ဒမီတွေ နှစ်တိုင်းလိုလိုရနေမှာ သေချာတယ်။
ရုက္ခစိုး။ ။ ဟေ့ကောင်ကြွက်စုတ်၊ မင်းငါ့ကို ပေါက်ကရတွေလာပြောမနေနဲ့။ ရုက္ခစိုး အေးအေးနေတာ လူမင်းတွေ၊ နတ်မင်းတွေ လာမလုပ်နဲ့။ မင်းလုပ်ချင်ရင် ကိုယ့်ဘာသာ ကလေးသရုပ်ဆောင် ကြွက်မင်း ဆိုပြီးသွားလုပ်။
ကြွက်စုတ်။ ။ တကယ်ပြောတာပါဗျ။ ကျွန်တော်က အတွင်းသတင်းရထားလို့ ဦးရုက္ခစိုး မင်းသားလုပ်ရင် အကယ်ဒမီတွေ ရမယ်လို့ပြောတာ။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲကွ၊ ပြောစမ်းပါအုန်း။
ကြွက်စုတ်။ ။ ဒီလိုလေ … မိဘုရားခေါင်ကြီး ဒေါ်ကြိုင်ကြိုင်က လူမင်းခရေဇီကွ။ ဖွင့်သာမပြောတာ မင်းတရားကြီးကို ကြိုက်တာထက်ကို ပိုသေးတယ်လို့ နိုင်ငံရေးအကဲဖြတ်တွေက သုံးသပ်ထားသာဆိုတော့ လူမင်းနဲ့ရုပ်ချင်းဆင်တဲ့ ဒို့ရုက္ခစိုးကြီးသာ မင်းသားလုပ်ရင် အကယ်ဒမီတွေရမှာ သေချာပေါက်ပေါ့ကွာ။
ရုက္ခစိုး။ ။ တော်ပါကွာ အရူးမလင်တော့ မလုပ်ပါရစေနဲ့။
ကြွက်စုတ်။ ။ ဟားဟားဟား ဒါမျိုးကျတော့ ကြောက်သလားဗျ။
ရုက္ခစိုး။ ။ ကြောက်ပါရဲ့မောင်ရယ်။ ချမ်းသာပေးပါ။
ရုက္ခစိုးသည် လက်တခါခါ ခေါင်းတခါခါနှင့် ညင်းဆန်သည်ကို ကြည့်ပြီး ကြွက်စုတ်နှင့် ဖိုးရှုပ်က အားရပါးရ ရယ်မောလိုက်ကြပါသည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |