#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၆)
ရန်ကုန်သားတာတေ | ဇွန် ၂၇၊ ၂၀၀၇

ရုက္ခစိုးက နံနက်စောစော အိပ်ရာထနေကြအတိုင်း အိပ်ရာထ၊ ဒွိုင်ဆူထေ့တောင်ပေါ်တွင်ပင် လမ်းလျှောက်၊ ပြီးလျင် ရေဒီယိုနားထောင်ပြီး အစာပြေတခုခုစား၊ အစာပြေစားရင်း စာလေး ဘာလေး ဖတ်သည်။

ယခုလည်းရုက္ခစိုးက ဘလက်ကော်ဖီသောက်ရင်း အီးမေးလ်တစောင်ကို ဖတ်နေသည်။ အီးမေးလ်က ပြည်တွင်းက မိတ်ဆွေတဦးပို့လိုက်သည့် အီးမေးလ်၊ အီးမေးလ်တွင် မြန်မာ့ဒီမိုကရေစီအရေး၊ အမျိုးသားညီလာခံ၊ အတိုက်အခံများ အခြေအနေ၊ နအဖ ခြေလှမ်း စသဖြင့် စုံလင်လှသည်။

ရုက္ခစိုးက အီးမေးလ်ပါ အကြောင်းအရာများအား စိတ်ဝင်တစားဖတ်နေသည်ကို တိတ်တိတ်ဆိတ်ဆိတ် ရောက်လာသည့် ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ ၂ ဦးက ရုက္ခစိုး၏ နောက်မှ ခြေဖျားလေးထောက် ရင်း ကြည့်လိုက်ကြသည်။

တကြိမ်တွင် ဖိုးရှုပ်က ကြွက်စုတ်ပခုံးကို ကိုင်ထားသည့်လက် ဟန်ချက်ပျက်သွား၍ ဖိလိုက်သကဲ့သို့ ဖြစ်သွားရာ ကြွက်စုတ် ရှေ့သို့ငိုက်သွားသောကြောင့် ရုက္ခစိုးက သိသွားသည်။

ရုက္ခစိုး။  ။ ဟာ…ဒီ…ကောင်စုတ်တွေ…ဘယ်အချိန်က ရောက်နေတာလည်းကွ…ဟေ..ခိုးကြောင် ခိုးဝှက်နဲ့…

ဖိုးရှုပ်တို့ နှစ်ဦးလုံး ပြုံးဖြဲဖြဲနှင့် ရုတ်တရက် ရုက္ခစိုးကို ဘာပြန်ပြောရမှန်းမသိဖြစ်သွားကြသည်။ ပြီးမှ ဖိုးရှုပ်က-

ဖိုးရှုပ်။  ။ အဟီး…ကျနော်တို့က ရောက်နေတာ မကြာသေးပါဘူး…ဦးရုက္ခစိုး ရည်းစားစာ ဖတ်နေသလားလို့ ကြည့်နေတာ…ဟဲ…ဟဲ…

ရုက္ခစိုး။  ။ ဟေ့ ကောင်တွေ…မင်းတို့ မနက်စောစော စီးစီး ငါ့ကို လာပြီး အကုသိုလ်ပေးမလို့လား… အဲဒါမျိုးဆိုရင်တော့ မင်းတို့ အခုပဲ ပြန်တော့…

ရုက္ခစိုးက ချက်ချင်း နှင်ထုတ်နေ၍ ကြွတ်စုတ်က ကမန်းကတန်း ၀င်ဖြေလိုက်သည်။

ကြွက်စုတ်။  ။ ဟာ…အဲဒီလိုတော့ မလုပ်ပါနဲ့ ဦးရုက္ခစိုးရယ်…ကျနော်တို့ ၂ ယောက်က ဦးရုက္ခစိုးဆီကို တကူးတက မနက်စောစောလာရတာက…သတင်း ပလင်းဖလှယ်ရုံတင်မဟုတ်ဘူး…အခုလိုအချိန်မှာတွေ့ချင်လို့ ကို လာတာပါ…

ဖိုးရှုပ်။  ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရဲ့…လွန်တာရှိ..၀န္ဒာမိပါ ဦးရုက္ခစိုးရဲ့…တောင်းပန်ပါတယ်…နှင်တော့ မထုတ်ပါနဲ့…

ကြွက်စုတ်။  ။ ဒါနဲ့ ဦးရုက္ခစိုးက ဘာတွေဖတ်နေတာလဲ ခင်ဗျ…

ဖိုးရှုပ်က တောင်းပန်လိုက်၍ ရုက္ခစိုးက ကြွက်စုတ်၏ အမေးကို စိတ်မပါ့တပါဖြင့် ပြန်ဖြေသည်။

ရုက္ခစိုး။  ။ အတွင်းက ပို့လိုက်တဲ့ အီးမေးလ်ဖတ်နေတာ…

ဖိုးရှုပ် မျက်လုံးကျယ်သွားသည်၊ အတွင်းက အီးမေးလ်ဆိုပါလား….

ဖိုးရှုပ်။  ။ အတွင်းက အီးမေးလ်…ဟုတ်လား…ဦးရုက္ခစိုးက အီးမေးလ်အကောင့်အသစ် ပြောင်းသုံးနေပြီလား… အဲဒီထဲမှာ ဘာ…ဘာတွေ ပါလဲ…

ကြွက်စုတ်။  ။ ဟေ့ ကောင် ဖိုးရှုပ်…မင်းဟာက အိနြေ္ဒပျက်လှချည်လားကွာ…မင်းအတွက် သတင်းဖြစ်ရင် တွက်ခြေကိုက် အလုပ်ဖြစ်မယ်ဆိုတာ သိပါတယ်…အဲဒီလောက်ကြီးတော့…

ကြွက်စုတ်က ဖိုးရှုပ်ကို နှိပ်ကွပ်လိုက်သောကြောင့် ရုက္ခစိုး ကျေနပ်သွားသည်။

ရုက္ခစိုး။  ။ အေး ငါ့မှာ ဂျီ မေးလ် အသစ်ရှိတယ်လေ…စာထဲ ပါတာတွေကတော့ စုံနေတာပဲကွ…မကြာသေးခင်က အိပ်ခ်ျအိုင်ဗီ ဝေဒနာ ရှင်တွေကို စောင့် ရှောက်ပေးနေတဲ့ မဖြူဖြူသင်းအစာငတ်ခံ ဆန္ဒပြတာကို အာဏာပိုင်တွေက ဖုံးထားတာတွေ… စောင့်တဲ့လူတွေ ကိုလည်း ပြောင်း…မိသားစုလည်းမတွေ့ရ…အသက်အန္တရာယ်ဖြစ်မှာ တောင်  စိုးရိမ်နေကြရတယ်တဲ့…

ဖိုးရှုပ်ပို၍စိတ်ဝင်စားသွားသည်။

ဖိုးရှုပ်။  ။ ကျနော်လည်း အစာငတ်ခံဆန္ဒပြတာတော့ သိတယ်…ဆက်ပြောပါဦး…ဦးရုက္ခစိုးရဲ့…

ရုက္ခစိုး။  ။ ပြီးတော့ ဝေဒနာရှင်တွေကလည်း မဖြူဖြူသင်း လွတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားမှုတွေ လုပ်နေကြတယ်တဲ့ကွ….

ကြွက်စုတ်။  ။ ဘယ်လိုလုပ်တာလဲ…သူတို့က ဖမ်းတဲ့သူတွေကို ကိုက်မှာလား…

ဖိုးရှုပ်။  ။ ဟေ့ကောင် ငကြွက် မင်း ၀င်မဖောက်နဲ့…

ရုက္ခစိုး။  ။ ဘယ်က ကိုက်ရမှာလည်းကွ…တောက်တီးတောက်တဲ့တွေ… အဲဒီဝေဒနာရှင် ၁၀၀ ကျော်က…တဲ့ မဖြူဖြူသင်းကို ပြန်လွှတ်ပေးဖို့ လက်မှတ် ၀ိုင်းထိုးပြီး ပြည်ထဲရေးကို တောင်းဆိုမှာတဲ့….

ဖိုးရှုပ်။  ။ ဟာ ကောင်းလိုက်တာ…ဝေဒနာရှင်တွေက မဖြူဖြူသင်းကို တော်တော် သံယောဇဉ်ရှိကြတယ်နော်…

ကြွက်စုတ်။  ။ အေး အဲဒါတော့ ဟုတ်တယ်ကွ…ဝေဒနာရှင် တယောက်ဆိုရင် သူကတဲ့ မဖြူဖြူသင်းသာ တကယ် လို့ သေသွားရင်တဲ့ သူလည်း လိုက်သေမယ်တဲ့…အဲဒီလိုပြောတာ ကြားဖူးတယ်….

ရုက္ခစိုး။  ။ ဒါ အများကြီး ဖြစ်နိုင်တယ်ကွ…မဖြူဖြူသင်းက ဝေဒနာရှင်တွေကို အနစ်နာခံ စောင့်ရှောက်ပေးနေတဲ့ သူလေ…နအဖ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တချို့ အန်ဂျီအို အဖွဲ့တွေလို အကျိုးစီးပွားပေါ်မှာအခြေခံထားတဲ့ စေတနာမျိုး မဟုတ်ဘူးကွ…

ဖိုးရှုပ်။  ။ ဒါနဲ့ ဦးရုက္ခစိုးခင်ဗျ…မဖြူဖြူသင်း ဘယ်မှာ ရှိနေသလဲဆိုတာရော အီးမေးလ်ထဲမှာပါသလား…

ရုက္ခစိုး။  ။ အေး ကွ…မဖြူဖြူသင်း ဘယ်ရှိတယ်ဆိုတာသိရဖို့ နေနေသာသာ သူ့ကို လာဖမ်းတုန်းက ပြန်ပို့ပေး ပါ့မယ်လို့ ပြောသွားတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များကိုယ်တိုင် ခြေရာပျောက်နေလို့ ဘာမှ မသိရတဲ့ အတွက် မိသားစုက လည်း အရမ်းစိတ် ပူနေကြတယ်တဲ့… ဒါကြောင့် ဥပဒေမဲ့လွန်းတယ်လို့ နအဖ ကို ပြောကြတာပေါ့ကွာ…

ဖိုးရှုပ်။  ။ ဥပဒေကတော့ မဲ့မဲ့ လွန်းပါတယ်ဗျာ..ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားသူ ၄၀ ကျော် ကို ဖမ်းထားတာ မဖြူဖြူသင်းအပါအ၀င် တယောက်မှကိုပြန်မလွှတ်သေးဘူး…မစုစုနွေး တယောက်တောင် ကျန်းမာရေး အခြေအနေအရ ပြန်လွှတ်ပေးလိုက်တာ…

ရုက္ခစိုး။  ။ ပြီးတော့ရှိသေးတယ်လေ…ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းပွဲက ပြန်လာတဲ့ မတ္တရာက အန်အယ်လ်ဒီလွှတ်တော်အမတ် ဦးသန်းလွင်ကိုလည်း ကြံ့ဖွံ့က သံလက်သီးနဲ့ ထိုးလိုက်တာ နှာခေါင်းရိုး ကျိုးသွားတယ်လေ…အဲဒါကို အာဏာပိုင်တွေက ဘာမှ အရေးတယူမလုပ်ဘူး…

ကြွက်စုတ်။  ။ ဒေါသ ဖြစ်စရာ တွေချည်းပဲ…တခြားကော ဘာတွေပါသေးလဲ ဟင်…ဦးရုက္ခစိုး…    

ရုက္ခစိုး။  ။ တခြားကတော့ ကွာ…ထိုင်း နဲ့ မြန်မာက သမိုင်းကြောင်းအရ ဆက်စပ်နေတာ ဆိုတော့ အခု ထိုင်း
ဝန်ကြီးချုပ်ဟောင်း သက်ဆင်က မန်စီးတီးကို ၀ယ်တယ်ဆိုတော့…မြန်မာ့ စီးပွားရေးဥသျှောင် တေဇ ကလည်း မန်ယူကို
ဝယ်မယ်လို့ ရန်ကုန်မှာ ပြောနေကြတယ်တဲ့…

ဖိုးရှုပ်။  ။ ဟာ ဒါ နောက်တာတော့ မဖြစ်နိုင်ဘူးထင်တယ်…ဘ၀ရှင် မင်းတရားကြီး ဦးသန်းရွှေရဲ့ သည်းသည်း လှုပ်မြေး နိုင်ငံတော် မျောက်ကလေးက ဘောဝါသနာအိုး ဆိုတော့ သူ့အတွက် တေဇက လာမယ့် နှစ် မွေးနေ့ လက်ဆောင် ပေးမလို့ထင်တယ်…

ရုက္ခစိုး။  ။ ဘယ်ကလာကွာ…အဲဒီလိုလည်းကြားရောတဲ့… ဆာဘွဲ့ရ မန်ယူ မန်နေဂျာကြီး ဖာဂူဆန်က အကြီးအကျယ် စိတ်တွေ ပျက်ပြီး အခု သူ့ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီတဲ့…

ကြွက်စုတ်။  ။ ဘာ…ဘယ်လို…ခင်ဗျ…

ရုက္ခစိုး။  ။ ဖာဂူဆန်ကတဲ့…တေဇ သာ မန်ယူကိုဝယ်လိုက်ရင်တဲ့…သူ မန်နေဂျာအဖြစ်ကနေ နုတ်ထွက်မယ်တဲ့… ပြီးတော့ ဖြစ်နိုင်ရင်တဲ့.. ဘောလုံး လောကက ရာသက်ပန် အနားယူပါတော့မယ်တဲ့ ခင်ဗျာ…။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.