#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၅)
ရန်ကုန်သားတာတေ | ဇွန် ၂၀၊ ၂၀၀၇

ယမန်နေ့ညက ချင်းမိုင်တက္ကသိုလ်တွင် အမျိုးသမီးအဖွဲ့များကကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲသို့ ဖိုးရှုပ်နှင့် ကြွက်စုတ် သူကောင်းသား ၂ ဦး တက်ရောက်ခဲ့ကြသည်။ ကျွေးမွေးဧည့်ခံရေး အစီအစဉ်ပါသောကြောင့် ဖြစ်မည်။ မွေးနေ့ ပွဲတွင် အပေါင်းအသင်းများဆုံမိကြပြီး အထူးမွေးနေ့ပွဲတရပ်ကို ညဥ့်နက်သန်းခေါင်းအထိ ထပ်ဆင့်ကျင်းပခဲ့သောကြောင့် ဖိုးရှုပ်မှာအိမ်သို့ပင် မပြန်နိုင်ဖြစ်ကာ ကြွက်စုတ်၏ မိုးရာသီစံအိမ်၌ပင် စတည်းချခဲ့လေ၏။

ဦးရုက္ခစိုးတယောက် အာရုံမတက်ခင်ကတည်းက ဘုရားဝတ်ပြု၊ အမျှအတန်းဝေစသည့် နေ့စဉ်လုပ်မြဲဖြစ်သည့် ၀တ္တရား များကို ၀ီရိယကောင်းကောင်းဖြင့် စောလျှင်စွာပြီးစီးနေလေ၏။ ဆန္ဒစောနေရွေ့ပဲလား မပြောတတ်၊ နေသည်တော်တော်နှင့် မထွက် …။ ဘ၀မှာ မိမိဖြစ်ချင်သမျှဆန္ဒများကို စောင့်မျှော်ရင်းနှင့်သာ နှစ်၊ လ၊ ရက်တို့ ကုန်ဆုံးခဲ့ရပုံများကို ရုက္ခစိုးကြီး တကိုယ်တည်းတွေးကာ နာရီများအားဖြုန်းတီးနေလိုက်၏။

နံနက် ၉ နာရီထိုးခါနီးပြီဖြစ်သော်လည်း သူကောင်းသား ၂ ယောက် အခုထိပေါ်မလာသေး။ ကိစ္စရှိ၍ ယနေ့နံနက်စောစော လာရန် ဖုန်းဆက်ထားသော်လည်း မြန်မာလူမျိုးတို့၏အစဉ်အလာကို ပုဂ္ဂိုလ် ၂ ဦးထိန်းသိမ်းကြ၏။ မစောင့်နိုင်သည့်အဆုံး ရွေးစရာလမ်းတခုသာကျန်တော့သည်။ လိုက်သွားရန်သာဖြစ်ပါသည်။

ကြွက်စုတ်၏စံအိမ်အတွင်း၌ ပရော်ဂျက်တာဖြင့် ဆလိုက်ထိုးလိုက်သလို ဦးရုက္ခစိုးကြီး ဖြတ်ခနဲ ပေါ်လာ၏။ ပုဂ္ဂိုလ်များ ကတော့ အိပ်ပျော်နေဆဲပင် …။

ရုက္ခစိုး။     ။ ဟေ့ကောင်တွေထကြတော့၊ မင်းတို့တော်လှန်ရေးပြီးတော့မယ် … ဒီအချိန်အထိ ဘာလို့ စက်တော်ခေါ်နေ ကြတာလဲ။ ဒီမိုကရေစီရတော့မယ် … ထကြပါကွ … စစ်တပ်က စစ်တန်းလျားပြန်တော့မယ်တဲ့ … ထကြပါတော့လား။

ဦးရုက္ခစိုးက သူကောင်းသား ၂ ဦး အိပ်ရာကမထသည်ကို အမြင်ကပ်ကပ်ဖြင့် ပါးစပ်ထဲရှိရာကို ကျုံးအော်၍ နှိုးလေသည်။ ထိုအခါမှ …

ဖိုးရှုပ်။     ။ ကြွက်စုတ်ရေ … ထတော့ကွ၊ ဒီမှာ မင်္ဂလာရုက္ခစိုးကြီးက သတင်းကောင်းယူလာတယ်။ တို့တတွေ အိမ်ပြန်ရတော့မယ်ကွ။

ကြွက်စုတ်။     ။ ငါလဲကြားပါတယ်ကွ။ ဟုတ်ရဲ့လား ဦးရုက္ခစိုးရာ။ ဘယ်ကနေ ကြားခဲ့တာတုန်း။ ဒီမနက် ဘီဘီစီမှာ ပါသွားပြီလား။

ရုက္ခစိုး။     ။ ဘယ်မှာမှ မပါဘူးဟေ့၊ မင်းတို့ကို စောစောလာပါလို့ ချိန်းထားရဲ့နဲ့ အခုအချိန်အထိအိပ်နေတာကို အမြင်ကပ်လို့ ပါးစပ်ထဲရှိတာတွေ လျှောက်အော်လိုက်တာ။

ကြွက်စုတ်။     ။ ပေါက်ကရအော်တာများဗျာ အော်စရာရှားလို့ ဒီမိုကရေစီရသလေး … ဘာလေးနဲ့၊ ကျနော်တို့က အဟုတ် ထင်နေတာဗျ။ ညတုန်းက ဒေါ်စု မွေးနေ့ဂုဏ်ပြုပွဲကိုသွားတာ ညဥ့်နက်မှပြန်ရောက်လို့ အိပ်ရာထ နောက်ကျသွားတာပါဗျ။

ရုက္ခစိုး။     ။ လိုချင်တာအော်တာ ဒီမိုကရေစီရတယ်မအော်လို့ ဘာအော်ရမှာတုန်း။ မင်းတို့က ဒီမိုကရေစီရမှာကို ကြောက်နေလို့လား …။ ကဲ ထားပါတော့လေ … မင်းတို့ကိုပြောမယ့်ကိစ္စဆိုတာ မွေးနေ့အကြောင်းပြောမလို့ကွ။

ဖိုးရှုပ်။     ။ မွေးနေ့ကိစ္စဆိုရင်တော့ ပြောမနေပါနဲ့တော့ ဦးရုက္ခစိုးရယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာမှာလုပ်ကြတဲ့ ဒေါ်စုမွေးနေ့ အကြောင်းတွေကို ဦးရုက္ခစိုးသိတာထက်ပိုပြီး ကျနော်တို့က ပြောနိုင်တယ်ခင်ဗျ။

ရုက္ခစိုး။     ။ မင်းတို့တွေ အဲဒါခက်တာပေါ့ကွ။ ဒေါ်စုမွေးနေ့ဆိုတာ တကမ္ဘာလုံးက လုပ်ကြတာကွ။ မင်းတို့သိသလောက် တော့ ငါလဲသိပါတယ်ကွ။ အခုငါပြောမှာက ငါ့မွေးနေ့ကွ … ငါ့မွေးနေ့။

ကြွက်စုတ်က ရုက္ခစိုးကြီးအား သူ၏လက်ကိုကမ်းပေးလျက် ကွက်စိတ်ဆရာလေဖြင့် …

ကြွက်စုတ်။     ။ ဟယ်ပီဘတ်ဒေး ရုက္ခစိုးမင်း …။ အခုလို သာယာလှပတဲ့ မင်္ဂလာမွေးနေ့မှာ ကျနော်တို့လို လူကြီးမင်းများကို အိမ်တိုင်ရာရောက် တကူးတက လာရောက်တွေ့ဆုံတာကို ၀မ်းသာလို့မဆုံးပါဘူး။

ဖိုးရှုပ်ကလည်း အားကျမခံ ၀င်ပြောသည်မှာ …

ဖိုးရှုပ်။     ။ ဂလက်တူ ဟီးယား ဦးရုက္ခစိုး …၊ ဟက်ပီဘတ်ဒေး ပါခင်ဗျား။ လက်စသတ်တော့ ဦးရုက္ခစိုးက ဒေါ်စုထက် တရက်ငယ်မှန်း အခုမှဘဲသိတော့တယ်။ ဘတ်ဒေးဒင်နာ ဘယ်မှာလုပ်မှာလဲ။ စီဒိုးနားမှာလား။

ရုက္ခစိုး။     ။ မင်းတို့ကွာ ပြောလိုက်ရင် တခုမှကိုမမှန်သေးဘူး။ ငါ့မွေးနေ့က မရောက်သေးဘူး။ လာမယ့် စနေနေ့မှကွ။ အဲဒါ မင်းတို့ကိုလာဖိတ်တာ၊ နောက်ပြီး မွေးနေ့ပွဲအစီအစဉ်လေးလဲ ပြောပြချင်လို့ကွ။

ကြွက်စုတ်။     ။ တယ်ဟုတ်ပါလားဗျ။ ကောင်းတယ်ဗျို့ … ကောင်းတယ်။ ပွဲတက်မယ့်သူ နည်းတာများတာထက် ထူးထူးခြားခြားလုပ်နိုင်မှဗျ။ အကုန်ကျခံနိုင်ဖို့ကလဲ လိုသေးတယ်နော်။

ရုက္ခစိုး။     ။ သိပ်ဟုတ်တာပေါ့ မောင်ကြွက်စုတ်ရာ၊ ငါက သစ်ပင်ပေါ်နေတဲ့ ရုက္ခစိုးဆိုပေမယ့် ရေကူးတာ သိပ်ဝါသနာ ပါတာကွ။ ငါ့မွေးနေ့ကို ရေကူးကန်ကြီးကြီးပါတဲ့ ချင်းမိုင်က … ဟိုတယ်မှာလုပ်မှာ။ အစီအစဉ်ကတော့ …

ဖိုးရှုပ်က ကြားဖြတ်ပြီး …

ဖိုးရှုပ်။     ။ ကျနော်က ရေနဂါးတို့ ရေသူမတို့လောက် ကြားဖူးတာ၊ အခုမှပဲ ရေရုက္ခစိုး တွေ့ဖူးတော့တယ်။

ကြွက်စုတ်။     ။ ဖိုးရှုပ်ရာ … စကားကို ဆုံးအောင်နားထောင်မှပေါ့။ ဆက်ပြော ဦးရုက္ခစိုး။

ရုက္ခစိုး။     ။ ဒီလိုကွ …၊ ငါ့မွေးနေ့ကျရင် အဲဒီဟိုတယ်က ဧည့်ခံခန်းမမှာ အကျွေးအမွေးပေါ့ကွာ။ ဘတ်ဒေးကိတ် လှီးမယ်။ ဆင်မြင့်ပေါ်မှာတော့ ပြီးခဲ့တဲ့အိုလံပစ်မှာ ရွှေတံဆိပ်ရတဲ့ ရေကူးမယ်တွေနဲ့ ငါနဲ့ တွဲရိုက်ထားတဲ့ပုံကြီးကို ချိပ်ထားမယ်ကွာ။

ဖိုးရှုပ်။     ။ ရှယ် ပါပဲခင်ဗျာ။ ဦးရုက္ခစိုးကကော ရေကူးဘောင်းဘီနဲ့လားဗျ။

ရုက္ခစိုး။     ။ သိပ်သေချာတာပေါ့ ငါ့တူရာ။ ရေကူးဘောင်းဘီမှ ရွှေရောင်ကို ရွေးဝတ်မှာကွ။ ရွှေရောင်နေ့တနေ့ လို့တောင် နာမည်တပ်ထားသေးတယ်။

ကြွက်စုတ်။     ။ ရွှေရေရုက္ခစိုး ပေါ့နော် ဟဲဟဲ။

ရုက္ခစိုး။     ။ ကောင်းကောင်းနားထောင်ကြလေကွာ။ အဲဒီ ဧည့်ခံပွဲပြီးရင် ငါနဲ့ ရေကူးမယ်တွေကတဘက်၊ မော်ဒယ်ဂဲတွေက တဘက် ၀ါတာပိုလို ကစားကြဦးမှာကွ။

ကြွက်စုတ်။     ။ ကျနော်တို့ကော ပါလို့မရဘူးလားဗျ။

ရုက္ခစိုး။     ။ မင်းတို့ကောင်တွေ ရေငန်းတက်နေလို့ ငါ့မွေးနေ့ပျက်သွားနိုင်တယ် … မရဘူး။ ကြည့်ခွင့်တော့ရမယ်။ နောက်ဆုံးအစီအစဉ်ကတော့ မင်းတို့မပါဘူး၊ အသိပေးရုံလောက်ပဲ။ အဲဒါကတော့ ငါနဲ့ သိပ်ရင်းနှီးတဲ့ ရေကူးမယ်လေး တွေနဲ့အတူတူ ချင်းမိုင်ကမြစ်ထဲမှာ အပျော်တမ်းရေကူးကြမယ့် အစီအစဉ်ပေါ့ကွာ။

ဦးရုက္ခစိုးကြီး၏ အစီအစဉ်များကြောင့် သူကောင်းသား ၂ ဦး အလွန့်အလွန် အံ့သြစိတ်ညစ်သွားကြကာ ဖိုးရှုပ်က …

ဖိုးရှုပ်။     ။ ဒါဆိုလဲ ရွှေရေရုက္ခစိုးမင်းရယ် ... ရွှေရေရုက္ခစိုးမင်းကြီး မွေးနေ့မှာရေနစ်တဲ့အကြောင်းလေး သတင်းရေးဖို့ အခုကတည်းက အင်တာဗျူးလေးပေးထားဖို့ တောင်းပန်ပါရစေခင်ဗျား။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.