#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၃)
ရန်ကုန်သားတာတေ | ဇွန် ၆၊ ၂၀၀၇

ကျွန်ုပ်တို့၏ မိန်းကာရိုက်တာကြီးဖြစ်သည့် ရုက္ခစိုးကြီးသည် ညောင်ပင်အောက်တွင် တုတ်တချောင်းဖြင့် တောင်ခြစ်၊ မြောက်ခြစ်လုပ်ကာ ပါးစပ်ကလည်းပွစိပွစိ နန်းစတော့ရွတ်နေလေ၏။ ဒွိုင်ဆူထေ့တောင်ပေါ်သို့ လမ်းလျှောက်တက် လာသည့် ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ ၂ ယောက် အနားသို့ရောက်လာနေသည်ကိုပင် သတိမထားမိပေ။

သူကောင်းသား ၂ ယောက်က အသာလေးအနားကိုကပ်သွားပြီး ဦးရုက္ခစိုး၏ ခါးကို ကြွက်စုတ်ကတို့လိုက်ရာ …။

ရုက္ခစိုး။     ။ ဟဲ့ … သောက်ပလုပ်တုတ် အစိုးရပြုတ် … အဲအဲ၊ လန့်လိုက်တာကွာ မင်းတို့ကောင်တွေ အနားရောက်နေ ရင်လည်း အသံပြုမှပေါ့ကွ။ အခုတော့ မင်းတို့ကြောင့် အာရုံတွေပျက်ကုန်ပြီ။

ဖိုးရှုပ်။     ။ အေးလေကွာ၊ ကြွက်စုတ်ကလည်း နောက်စရာရှားလို့ ဦးရုက္ခစိုးလန့်သွားအောင် …၊ အလုပ်ကြီး အကိုင်ကြီး လုပ်နေတာ ကလေးကစားစရာမဟုတ်ဘူးကွ၊ လူကြီး ဖဲရိုက်တာ ဟဲဟဲဟဲ …။

ကြွက်စုတ်။     ။ လူကြီးဖဲရိုက်တာ မဟုတ်ပါဘူးကွာ။ မိုးဦးကျဆိုတော့ ဒီတောင်ကိုလာကြတဲ့ ဘုရားဖူး နည်းသွားလို့ သူ့ညောင်ပင်မှာလူပြန်စည်အောင် နံပါတ်ပေးဖို့ ရုက္ခစိုးကြီး ချဲတွက်နေတာကွ။ ဒီအပတ်အတွက် ထိပ်စည်းလေး ပြောပါဦးဗျ။

ရုက္ခစိုး။     ။ ငါက ရုက္ခစိုး စစ်စစ်ကွ။ မင်းတို့ကြားဖူးတဲ့ ဘိုးတော်၊ ဂိုဏ်းဆရာတွေလို ချဲဂဏန်းလဲမပေးဘူး၊ ပရီးမီးယားလိခ် ဘောလုံးပွဲကိုလည်း ဖိုးကပ်မဟောဘူးကွ။

ဖိုးရှုပ်။     ။ ဒါဆိုရင် မြေကြီးပေါ်မှာ တုတ်တချောင်းနဲ့ ဟိုခြစ်ဒီခြစ် … ဘာလုပ်တာလဲဗျ။

ရုက္ခစိုး။     ။ မနေ့တုန်းက ကမ္ဘာ့ပတ်ဝန်ကျင်ထိမ်းသိန်းရေးနေ့လေကွာ။ အဲဒါ တို့တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေကို ဖော်ပြတဲ့ ကဗျာလေးတပုဒ်ကို စာချိုးလေးနဲ့ စမ်းကြည့်နေတာ။ ဖိုးရှုပ် … ပြန်ရင်ကူးယူသွား မင်းတို့မဂ္ဂဇင်းမှာ သုံးချင်လည်း သုံးပေါ့ကွာ။

ကြွက်စုတ်။     ။ ကောင်းတယ်ဗျို့ ...  ကောင်းတယ်၊ ထီသည်စစ်သူတို့ … ထီးသည်စစ်သူတို့လည်း ဒီလိုပဲ ထီရောင်း၊ ထီးရောင်းရင်းကနာမည်ရလာတာ။ ဖိုးရှုပ် … မင်းကနေ့တိုင်းနေ့တိုင်း စာတွေရေးနေတဲ့ကောင်ဆိုတော့ နာမည်လှလှပေး တတ်မှာပေါ့။ တို့ရုက္ခစိုးကြီးအတွက် နာမည်လှလှလေး ရွေးပေးလိုက်စမ်းပါကွာ။

ဖိုးရှုပ်။     ။ ဒါလေးများ ခက်တာမှတ်လို့ တို့ရဲ့ပညာရှင်ရုက္ခစိုးကြီးကို ဒေါက်ချာ ဒူလာချစ်သူ လို့ ပေးလိုက်ပေါ့ကွာ။ လုပ်ပါဦး ဦးရုက္ခစိုးရဲ့ ရွတ်ပြစမ်းပါဦး။ ခုနှစ်ရက်သား သမီး စိတ်မချမ်းသာအောင်။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့သည် ရုက္ခစိုးကြီးက သူစပ်ထားသည့်ကဗျာကို ရွတ်ပြတော့မည်မှန်းသိနေသောကြောင့် ချက်ချင်း ရွတ်မရအောင် နှိပ်စက်နေကြလေ၏။

ရုက္ခစိုး။     ။ ကဲပါကွာ … ဒူလာချစ်သူ ပဲဖြစ်ဖြစ်၊ ဘောက်ချာဖိုးတွန့် ပဲဖြစ်ဖြစ် … နားထောင်စရာရှိတာ ကောင်းကောင်း နားထောင်ကြလေကွာ။ ပြီးတော့မှ ဝေဖန်ရေးပေးကြပေါ့။ အဟမ်းဟမ်း … ခေါင်းစဉ်လေးက “ချိန်ခါမှီ ပေါက်မယ့်တော” တဲ့။

                    ဥတုရာသီ တောကိုမှီ
                    မှီစရာတောပြုန်း ပြန်စိုက်တုန်း
                    စိုက်ကြပါကွဲ့ ကြက်ဆူတဲ့
                    လောင်စာလည်းရ မြန်ပြည်လှ
                    ကျွန်းအစားထိုး စိုက်ကြသည်
                    ဘယ်ခါပေါက်မည် မသိပြီ …။

ကြွက်စုတ်။     ။ သိပ်ခံစားရတာဘဲ ဦးလေးရာ။

ဖိုးရှုပ်။     ။ အဲဒါဆိုလဲ တကယ့်ဦးလေးတော်သွားအောင် မင်းဂျီးဒေါ်ကြီးနဲ့ ပေးစားလိုက်ပါလား။

ဖိုးရှုပ်စကားကြောင့် မောင်ကြွက်စုတ်တယောက် မျက်နှာရှုံမဲ့သွား၏။

ဖိုးရှုပ်။     ။ ကျွန်တော်က ကဗျာသမားမဟုတ်တော့ အရေးအသားအပေါ်မှာတော့ မဝေဖန်ချင်ဘူး။ ကိုယ်မပိုင်တဲ့ စပ်ဂျက် ကိုဝင်ပြောမိလို့ အင်တာနက်ပေါ်မှာ အဆော်ခံနေရမယ်။ ဒီကဗျာကိုရွတ်သင့် ရွတ်ထိုက်တဲ့နေရာလေး ကိုတော့ အခါအခွင့်သင့်တုန်း လက်ချာပေး အဲ … အကြံပေးချင်တယ်။

ဖိုးရှုပ်တယောက် ဆရာ့ဆရာကြီးဂိုက်ဖမ်းနေပုံကို စိတ်မရှည်တော့သည့် ကြွက်စုတ်က ကြားဖြတ်ပြီး …။

ကြွက်စုတ်။     ။ ဟုတ်ပါပြီ ဆရာရှုပ်ရာ … ရွှီးစရာရှိရင်လဲ အမြန်ရွှီးပါခင်ဗျား။

ဖိုးရှုပ်။     ။ ဒီလိုကွ၊ တိုက်တိုက်ဆိုင်ဆိုင် တို့ရုက္ခစိုးကြီး ကဗျာဉာဏ်ကွန့်မြူးတဲ့အချိန်နဲ့ ပြည်တွင်းမှာ လူမှုကူညီ စောင့်ရှောက်ရေးတွေလုပ်နေတဲ့ အဖြူရောင်သက်တံအဖွဲ့ တနှစ်ပြည့်ကဗျာရွက်ပွဲလုပ်တဲ့နေ့ တရက်ထဲ တိုက်ဆိုင်နေလို့ အဲဒီပွဲမှာ ကဗျာသွားရွတ်ဖို့ကောင်းတယ်လို့ ပြောမလို့ပါ။

ရုက္ခစိုး။     ။ ဘယ်လိုဘယ်လို… ဟို ကဗျာရွတ်ခွင့်မရ၊ မီဒီယာမှာ နာမည်ဖော်ပြခွင့်တွေ ခဏခဏ အပိတ်ခံနေရတဲ့ ၀ှိုက်ရိမ်းဘိုးအဖွဲ့ကိုပြောတာလား။

ဖိုးရှုပ်။     ။ ဟုတ်ပါ့ဗျား။

ကြွက်စုတ်။     ။ ဒါဆိုရင် သူတို့အုပ်စု လုပ်ပိုင်ခွင့်လေးတွေရ၊ အခြေအနေလဲကောင်းလာတာပေါ့နော်။

ဖိုးရှုပ်။     ။ အဖြူရောင်လှုပ်ရှားမှုတွေ နားထားလို့ ခွင့်ပြုလိုက်တာ ဖြစ်မှာပါကွာ။ ဒါတောင် ခွင့်ပြုချက်ရဖို့ ဘယ်ကဗျာတွေ ရွက်မယ်ဆိုတာကို စာသားကအစအသေးစိတ် သူ့တို့ကိုတလလောက်ကြိုပေးထားရတာ။ အစီအစဉ်အသေးစိတ်ကိုလည်း တလလောက်ကြိုပြောထားရနဲ့ အဲဒီပွဲမှာကဗျာရွတ်မယ့်သူတွေ ပွဲနေ့ကျရင် အိမ်သာ ဘယ်နှစ်ခါဝင်မယ်ဆိုတာကအစ ပါမစ်တင်တုန်းက တခါထဲပြောထားရတာတဲ့ဗျ။

ရုက္ခစိုး။     ။ ဘာပေါ့ဖြစ်ဖြစ်ပါကွာ လူမှုရေးလုပ်ငန်းလုပ်တဲ့သူတွေ အခုလိုလုပ်ခွင့်ရတာကိုတော့ ၀မ်းသာပါတယ်။

ကြွက်စုတ်။     ။ နောက်ထပ်ဝမ်းသာစရာတခုပြောရဦးမယ်။ ဘယ်တော့မှမပြီးတော့ဘူးလို့ထင်ထားတဲ့ ညောင်နှစ်ပင် ညီလာခံကြီး ဒီတခါပြန်စရင် အပြီးသတ်လုပ်တော့မယ်လို့ ကြေညာလိုက်ပြီဗျ။

ရုက္ခစိုး။     ။ ပြီးသွားတော့လဲအေးတာပေါ့ကွာ။ အသင့်ရေးထားတာတွေကို အဆုံးသတ်အတည်ပြု လိုက်တယ်လို့ဘဲ ယူဆရတော့မှာပေါ့။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကြီး မသိဘဲ လျှောက်ပြောနေပြန်ပြီ။ အတွင်းစကားပြောရဦးမယ်၊ အခုညောင်နှစ်ကို အဆုံးသတ် လိုက်တာ အကြောင်းရှိတယ်ဗျ။ သူတို့က ညောင်တပင်ညီလာခံ ထပ်လုပ်ဖို့စီစဉ်နေတာ၊ မြန်မာပြည်မှာလဲ ညောင်ပင်ကောင်း မှန်သမျှ ပရိဘောဂပစ္စည်းဆိုင်တွေရောက်ကုန်ပြီဆိုတော့ ဦးရုက္ခစိုးနေတဲ့ ညောင်ပင်ကို ထိုင်းအစိုးရဆီကနေ အနဲဆုံး
နှစ် ၅၀ ငှားဖို့ကို ညီလာခံကျင်းပရေးကော်မတီဥက္ကဌကြီးက ပွဲစားတယောက် လွှတ်ထားတယ်ဗျ။

ရုက္ခစိုး။     ။ ဟေ့ကောင် ဖိုးရှုပ်၊ ဒါနောက်စရာကိစ္စမဟုတ်ဘူးကွ။ နောက်တယ် ပြောင်တယ်ဆိုတာ အတိုင်းအတာ ရှိရတယ်။ မင်းတို့ နောက်နေပုံက တဖက်လူကို နပ်ကြောင်းပေးသလိုဖြစ်နေတယ်ဆိုတာကိုလဲ စဉ်းစားဦး။

ကြွက်စုတ်။     ။ နအဖ က ဦးရုက္ခစိုးကြီးနေတဲ့ညောင်ပင်မှာ ညီလာခံလာလုပ်လဲ ပူစရာမလိုပါဘူးဗျာ။ ကျွန်တော်နေတဲ့ အပတ်မင့် နားမှာ ဇီးပင်က တော်တော်ကြီးနေပြီ။ နတ်စင်ဘာညာလဲမရှိသေးဘူးဆိုတော့ အဲဒီဇီးပင်မှာလာနေပေါ့ဗျာ ဟားဟားဟား…။

ကြွက်စုတ်၏စကားကြောင့် ဦးရုက္ခစိုး၏ ကညစ်တဖြစ်လဲ မြေတွင်ခြစ်နေသောတုတ်သည့် ဦးအောင်ဇေယျ၏ အထူး
တပ်ဖွဲ့ဝင်များကိုတပ်ဆင်ပေးသည့် ၀ါးရင်းတုတ်ဖြစ်သွားကာ သူကောင်းသား ၂ ဦးကို လိုက်ရိုက် လေတော့၏။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.