ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၅)
ရန်ကုန်သားတာတေ
ဒိန်း ဒလိန်း ဒိန်း ဒိန်း ဂျိန်း ဂျိန်း …
ဒိန်း ဒလိန်း ဒိန်း ဒိန်း ဂျိန်း ဂျိန်း …
ရုက္ခစိုးကြီး ညောင်ပင်ပေါ်မှ အလန့်တကြား ခုန်ချသည်။ ခြေဦးတည့်ရာကို စွတ်ပြေးနိုင်ရန်အတွက် ပုဆိုးကို ခါးတောင်း ကျိုက်ဖို့ ပြင်လိုက်သည်။
`ဟိုက်´ လက်ထဲမှာ ဘာမှပါမလာ။ သောက်ကျိုးတော့ နည်းပါပြီ။ အတွင်းခံဘောင်းဘီတိုနံ့နံ့နဲ့ ရုက္ခစိုးကို ဘုရားဖူးလာတဲ့ ကောင်မလေးတွေမြင်ကုန်ပြီး ပြေးကြဦးမယ်ဟု … ကြောက်လန့်တကြား ပြင်နေတဲ့ကြားက အတွေးကြောင်တွေက
ဝင်လာသေးသည်။
ပြေး အန်ကယ်ကြီး ရုက္ခစိုး ပြေး … ပြေး …
ဖိုးရှုပ်နှင့် ကြွက်စုတ်သည် ဘယ်က ပေါ်လာသည်မသိ။ သူတို့လည်း ရုက္ခစိုးနဲ့အတူ ခြေဦးတည့်ရာ ပြေးကြသည်။ တောင်ခြေရောက်တော့ ဟောဟဲ … ဟောဟဲနှင့် သုံးယောက်သား အမောဆိုက်နေကြသည်။
ကြွက်စုတ်။ ။ ဘာဖြစ်တာလဲဗျ။
ရုက္ခစိုး။ ။ မိုးကြိုးပစ်တာလေ … ငါ့ညောင်ပင်က အကိုင်းကြီးကိုထိသွားတာ … ငါလဲလန့်ပြီးပြေးတာ။
ဖိုးရှုပ်။ ။မသိပါဘူးဗျာ အန်ကယ်ကြီး ပြေးလာတာမြင်တော့ ကျနော်တို့လဲ ကြောက်လန့်ပြီး လိုက်ပြေးတာ လေ့ကျင့်ခန်းတောင် ရသွားပြီ။
ကြွက်စုတ်။ ။ (လေးလေးနက်နက် မျက်နှာပေးနှင့်) အင်း … ဘုရားသာသနာပြီးတော့ သိကြားသာသနာရောက်ပြီ ဆိုတော့ မကောင်းသူပယ် ကောင်းသူကယ်တဲ့ခေတ်ကို ရောက်နေပြီ။
ရုက္ခစိုးမျက်နှာမှာ ဒေါသတွေ အလိပ်လိုက်ထွက်လာတာကို မြင်လိုက်ရသည်။
ရုက္ခစိုး။ ။ မင်းက ငါ့ကို အကုသိုလ်လုပ်နေတာလို့ ပြောတာပေါ့လေ။
ကြွက်စုတ်။ ။ မဟုတ်ရပါဘူးဗျာ … ကျနော်က ကောင်းသူ မကောင်းသူ ခွဲပြောတာပါ။
ဖိုးရှုပ်။ ။ သိကြားခေတ်တော့ မသိဘူး … ချင်းမိုင်မှာ ငလျင်တွေလှုပ် … ကယ်လီဖိုးနီးယားမှာ ရေတွေခဲ … ဘန်ကောက်မှာ ဗုံးတွေကွဲ … တက်ဆင်ကြီးက စင်္ကာပူသွားလိုက် ဂျပန်ပြေးလိုက် ဘာလီမှာ ဘီယာစုပ်လိုက်နဲ့ တရုတ်နဲ့ ရုရှားက ဗီတိုသုံး … ခေတ်ကြီးက ကောင်းကို မကောင်းပါဘူးဗျာ။
ရုက္ခစိုး။ ။ မင်းဟာကလဲ အမြီးအမောက်မတည့်လိုက်တာကွာ … တက်ဆင် ခရီးလျှောက်ထွက်နေတာ သူ့ရဲ့ Frequent Flyer Card မှာ Mileage တိုးအောင်လုပ်နေတာပါကွ။
ကြွက်စုတ်။ ။ (အလွန်ကို အထင်ကြီးသောအကြည့်နှင့် ရုက္ခစိုးကို ကြည့်လိုက်ပြီး) တော်လိုက်တာဗျာ … ဘယ်သူမှ မတွေးတဲ့ အချက်ကို ရုက္ခစိုးက တွေးတတ်တယ်။ ညောင်ပင်မှာ နှစ်ရှည်လများနေတဲ့ အကျိုးတွေပေါ့နော်။
ရုက္ခစိုး။ ။ ဟေ့ကောင် … မင်းငါ့ကိုမရိနဲ့ … တက်ဆင်လို ၀န်ကြီးချုပ်ကို NCGUB က ခဏခေါ်ပြီး consultant ခန့်ဖို့ ကောင်းတယ်ကွ … သူ စင်္ကာပူကိုသွားပြီး ဒုဝန်ကြီးချုပ်နဲ့ တွေ့လိုက်တာ ဒီကဗိုလ်ချုပ်တွေ ပြာဆင်းသွားတာပဲ … မင်းတို့ ဆီက ၀န်ကြီးချုပ်ကတော့ ၀က်သားတုတ်ထိုးပဲ ထိုင်ရောင်းနေဖို့ကောင်းတယ်။
ဖိုးရှုပ်။ ။ (လေသံတိုးတိုးဖြင့်) သူရောင်းလဲ ဘယ်သူမှလာစားမှာမဟုတ်ပါဘူးဗျာ … ၀က်သားတုတ်ထိုး ဈေးကွက်ထိခိုက် ပါတယ်။
ကြွက်စုတ်။ ။ ကဲ … ကဲ … တော်ပါတော့ဗျာ … ဒီလိုလုပ်ကြရအောင်၊ ခုနက ပြောသလို ဒီခေတ်က သိကြားခေတ် ဆိုတော့ သိကြားမင်းဆီကို E-mail ပို့ပြီး မြန်မာ့အရေးမှာဝင်ပြီး intervene လုပ်ပေးဖို့ ပြောရမယ်။
ဖိုးရှုပ်။ ။ မင်းက သူ့ E-mail ကို သိလို့လား။
ကြွက်စုတ်။ ။ သိတာပေါ့ကွ … ဆိုပြီး ရွတ်ပြလိုက်သည်။
ရုက္ခစိုး။ ။ မင်းပြောတဲ့သိကြားကို ငါလဲသိတယ်ကွ … အဲဒါ သိကြားမင်းအစစ်မဟုတ်ပါဘူး … Internet ကနေ မြန်မာ့ အရေးထဲက ဇာတ်ကောင်တွေကို သရော်နေတဲ့ သိကြားပါကွ။
ကြွက်စုတ်။ ။ သကြားဆိုတော့ သမ၀ါယမဆိုင်မှာ ရောင်းတာပေါ့နော်။
ဖိုးရှုပ်။ ။ ဟုတ်တယ် … ဟုတ်တယ် … အတော်လက်သံပြောင်တဲ့ သူပဲဗျ၊ သူရေးတာလေးတွေက ထိလွန်းလို့ ဖတ်ရ သူတွေ တခွိခွိနဲ့ ဖြစ်နေကြတယ်။ ဧရာဝတီ မြန်မာပိုင်းကတောင် Column တခုပေးပြီး ရေးခိုင်းဖို့ ကမ်းလှမ်းမယ်ကြားတယ်။
ရုက္ခစိုး။ ။ အေးကွ … ဆရာကြီးဦးသော်က ကတော့ ပြောဖူးတယ်။ သရော်စာရေးနိုင်တဲ့ သူတွေဟာ Genius တွေဆိုပဲ။
ဖိုးရှုပ်။ ။ သူက သိကြားအတု ဆိုပေမယ့် ဟိုဘက်နဲ့ ဒီဘက်က မယောင်ရာဆီလူးနေတဲ့သူတွေ ခေါင်းပုနေကြတယ် ကြားတယ်ဗျ။
ရုက္ခစိုး။ ။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ရသင့်တဲ့ သိကြားပေါ့ကွာ။
ဖိုးရှုပ်။ ။ ဒီလောက်တော့ မရသေးဘူး ရုက္ခစိုးကြီးရ … (ဘေးနားမှ ဖြတ်သွားသောဂျီတောင့်တောင့် ကောင်မလေးကို ငန်းရင်း ပြောလိုက်သည်)။
ကြွက်စုတ်။ ။ `ဟေ့ကောင် … playboy ဖိုးရှုပ်´ဟု လှမ်းနောက်လိုက်သည်။
ဖိုးရှုပ်။ ။ (ချောင်းကိုရှင်းလိုက်ပြီး) မြန်မာ့အရေးမှာ Third Force ဖွဲ့နေတဲ့သူတွေ၊ Expert ဆိုတဲ့ သူတွေ ဒေါ်အောင်ဆန်း စုကြည် NLD နဲ့ အပြင်ကလူတွေကို relevant မဖြစ်တော့ဘူးလို့ပြောပြီး `devide and rule´ (တံတွေးစင်လိုက်တာဟု ကြွက်စုတ်ထအော်သည်) လုပ်သွားတဲ့ နှာခေါင်းရှည်တွေကိုလဲ သိကြားမင်းက သူ့ရဲ့ ဝရဇိန် E-mail ထဲမှာထည့်ပြီး ကြိတ်ပေးသင့်တယ်ဗျ။
ရုက္ခစိုး။ ။ ဟုတ်ပ … ဟုတ်ပ … ဟို အသက်ငယ်ငယ်နဲ့ သံအမတ်ကြီးဖြစ်ပြီး ဗမာတွေကို အထင်သေးသလို ဆက်ဆံပြီး မြန်မာ့နိုင်ငံရေးကို မွှေနှောက်သွားတဲ့ ကောင်မလေးရောကွ …။
ဖိုးရှုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို lecture အပေးကောင်းလို့ ရန်ဖြစ်ကြတယ်ဆိုတဲ့ သံအမတ်လားဗျာ။
ရုက္ခစိုး။ ။ အေးလေကွာ ငါးရံ့ပြာလူး အရူးမလေးကို ပြောတာပေါ့။
ဖိုးရှုပ်။ ။ သူက mission accomplish ဖြစ်သွားပြီဗျ … (ကြွက်စုတ်က တံတွေးစင်တယ်ဗျို့ဟုအော်ရာ ဘေးနားမှ ဖြတ်သွားသော ထိုင်းတွေက လှမ်းကြည့်ပြီး ရဲခေါ်လိုက်ရမလား … လက်မှတ်ရှိလားဟု မေးသွားသည်)။
ရုက္ခစိုး။ ။ ဘာလဲကွ mission accomplish ဆိုတာ။
ဖိုးရှုပ်။ ။ လင်ရသွားတာကို ပြောတာပါ။
ရုက္ခစိုး။ ။ ကဲ … ကဲ … List လုပ်ကွာ … အဲဒီ အလိုတော်ရိတွေနဲ့ apologist တွေကို enemies of Yokegasoe ဆိုပြီး အင်တာနက်ပေါ် တင်ကြရအောင် …။
ကြွက်စုတ်။ ။ Enemies of Revolution ပါဗျ။
ရုက္ခစိုး။ ။ အော် … ဟဲ ဟဲ … မှားသွားလို့ပါကွာ။
ကြွက်စုတ်။ ။ အခု ရန်ကုန်မှာ သင်တန်းတွေပေးပြီး ကိုယ်တော်ကြီးသန်းရွှေကို သက်ဆိုးရှည်အောင် ဖုတ်သွင်းပေးနေတဲ့ Robert Taylor ကိုလဲထည့်နော်၊ သူက သွေးတိုးခဏခဏဖြစ်နေတာဆိုတော့ ဘ၀ရှင်ကိုယ်တော်ကြီး သန်းရွှေ မလျှောခင် သူက အရင်လျှောဘရာသား ပြသွားနိုင်တယ်။ မသေခင် ထည့်ထား။
ရုက္ခစိုး။ ။ ဟုတ်တယ် … ဟုတ်တယ် … ပြီးခဲ့တဲ့ သမာဆတ်ပွဲကိုတောင် သူမလာနိုင်ဘူးဆိုပဲ … အသံ မထွက်တော့လို့တဲ့။
ကြွက်စုတ်။ ။ မဟုတ်ဘူးဗျ … ကျနော်ကြားတော့ ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့လို့တဲ့။
ဖိုးရှုပ်။ ။ ICG Humanitarian Aid Report ရေးတဲ့ ဟိုကောင်လေးကိုလဲ ထည့်ပါဦး။
ကြွက်စုတ်။ ။ အော် … အော် သိပြီ … OSI က President ကြီးကတော့ ဒီကောင်လေးခမျာ ရန်ကုန်သွားပြီး အမှိုက် တောင်းထဲက gossip တွေ ပြန်ကောက်ပြီး Report ရေးတယ်ဆိုပြီး ချီးကျူးထောပနာ ပြုထားတာ။
ရုက္ခစိုး။ ။ Scholar ယောင်ယောင် အူကြောင်ကြားတွေကိုလည်း မမေ့နဲ့နော်။
ဖိုးရှုပ်။ ။ ထည့်ရမှာပေါ့ … ထည့်ရမှာပေါ့ … ။
ဖိုးရှုပ်သည် ပြောရင်း မြောင်းထဲကို ခြေချော်ကျသွားသည်။
ကြွက်စုတ်။ ။ (ပြောင်ချော်ချော် မျက်နှာပေးနှင့်) ဒွိုင်ဆူးထေ့က ဦးရုက္ခစိုးကြီးလဲ ထည့်ဗျာ။
ရုက္ခစိုး + ဖိုးရှုပ်။ ။ (ပြိုင်တူအော်) ဘာဖြစ်လို့ …။
ကြွက်စုတ်။ ။ (ဆားပုလင်း ကင်းကောင်၏ မျက်နှာပေးနှင့်) အိုင် စီး … ဦးရုက္ခစိုး … ဘာကြောင့် ဦးရုက္ခစိုးရဲ့ညောင်ပင်ကို မိုးကြိုးခရတာလဲဆိုတာလေး ရှင်းပြပါဦး။
ရုက္ခစိုး။ ။ (မလုံမလဲ မျက်နှာနှင့်) ဘုရားပေးပေး … ကျမ်းပေးပေး … ချင်းမိုင်က ကောင်မလေးတွေ … ပေးချင်တာပေး … မှန်ရာကို ပြောပါ့မယ် မောင်တို့ရာ … မနက်က တခုတွေးမိတာပါ … ဒီလောက် ရက်စက်ယုတ်မာတဲ့ စစ်အစိုးရကိုတော့ ချော့ပြီးပေါင်းရတော့မယ်၊ အပေးအယူ dialogue မလုပ်လို့ မရတော့ဘူးလို့ တွေးလိုက်မိတဲ့အခါ အတွေးမဆုံးခင် ငါ့ညောင်ပင်ကို မိုးကြိုးပစ်တာပါပဲကွာ …။
ရုက္ခစိုးက ပြော၍မှ မဆုံးခင် လျှပ်စီးတချက် ပြက်ကနဲ လင်းသွားပြီး …
ဒိန်း … ဒလိန်း … ဒလိန်းလိန်းလိန်း …
ရုက္ခစိုး+ ကြွက်စုတ်+ ဖိုးရှုပ်။ ။ ပြေးဟေ့ … ပြေးဟ … ဒါမျိုးက စိတ်ကူးလို့တောင်မရဘူး။
သုံးယောက်သား ပြေးလိုက်သည်မှာ ခြေဦးတည့်ရာသို့ ။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |