ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၄)
ရန်ကုန်သားတာတေ
ဒွိုင်ဆူထေ့တောင်ပေါ်က ကြွက်စုတ်၊ ဖိုးရှုပ်နှင့် အန်ကယ်ကြီး ရုက္ခစိုးတို့၏ ရယ်မောသံတွေနှင့် အမြဲဝေစည်နေတတ်သော ညောင်ပင်အောက်က နေရာလေးသည် ယနေ့တော့ဖြင့် တိတ်ဆိတ် ခြောက်ကပ်နေပါသည်။
ကြွက်စုတ်နဲ့ ဖိုးရှုပ် တယောက်မျက်နှာ တယောက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ရုက္ခစိုးက သူတို့မျက်နှာကို လှမ်းကြည့်ရင်း … မပွင့်တပွင့် စကားစသည်။
ရုက္ခစိုး။ ။ စာပေ သူရဲကောင်းကြီးပါကွာ။
ကြွက်စုတ်နဲ့ ဖိုးရှုပ်က ခေါင်းလေးတွေတညိတ်ညိတ်။
ရုက္ခစိုး။ ။ သူတော်ကောင်းတွေ၊ လူချစ်လူခင်ပေါတဲ့သူတွေ အခုလို ဖျတ်ခနဲ ခွဲခွာသွားတာကို ကြားရတော့ စိတ်မကောင်းဘူးကွာ …။
ကြွက်စုတ်။ ။ ဆရာကြီးတင်မိုးက ချင်းမိုင်ကို သိပ်သဘောကျတာ။ ဒီမှာက ဗမာရနံ့ သင်းပျံ့နေတယ်တဲ့။ ဒါကြောင့် ဒီကို ပြန်လာမယ်ဆိုပြီး အားခဲထားတာ။
ဖိုးရှုပ်။ ။ အေးဗျာ … ပြီးခဲ့တဲ့ တခေါက်တုန်းကတော့ သူနဲ့ စကားတွေ တ၀ပြောလိုက်ရပါတယ်။ ဒီလို လူချစ်လူခင်လဲပေါ … ကျနော်တို့ရဲ့ အရေးတော်ပုံကြီးဘက်ကလဲ မဆုတ်မယုတ် ရပ်တည်ပြီးတော့ ကဗျာတွေရေးခဲ့တဲ့ ဆရာကြီးကိုတော့ အားလုံးက မေ့နိုင်မှာ မဟုတ်ပါဘူး။
ကြွက်စုတ်။ ။ ညကတောင် သူ့ရဲ့ ကဗျာပေါင်းချုပ်တွေ ပြန်ဖတ်နေသေးတယ်။ တကယ်တော့ ဆရာက တော်လှန်ရေး သမားတွေနဲ့ ဒီမိုကရေစီ အရေးတော်ပုံအပေါ်မှာ သစ္စာရှိတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ကိုလဲ စိုက်စိုက်မတ်မတ် ထောက်ခံခဲ့တာပဲ။
သူ့ကဗျာတွေထဲမှာ ထောင်ထဲက ရဲဘော်ရဲဘက်တွေ၊ ကဗျာရေးဖော်ရေးဖက်တွေနဲ့ ဒီမိုကရေစီရေးကို ပံ့ပိုးကူညီသူတွေကို ရေးတဲ့ကဗျာတွေ အများကြီးတွေ့ရတယ်။
ဖိုးရှုပ်။ ။ `စု´ရဲ့ အလင်းရောင် ကဗျာကို ရွတ်လိုက်သည်။
`မြန်မာပြည်သူတို့ရဲ့ ခံစားမှုကို
ကိုယ်စားပြု ဦးဆောင်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှ ဖြိုခွင်းပြီး
လွတ်လပ်ခြင်းသို့တိုင် ရောက်ပါစေ´။
ရုက္ခစိုး။ ။ မင်းတို့က ဒီမိုကရေစီရေးထဲက လူတွေပဲ နင်းပြောနေ … တကယ်တော့ ဆရာကြီးက လောကဓံနဲ့ ပတ်သက် တာတွေ၊ တရားနဲ့ ပတ်သက်တာတွေ၊ သူ့ရဲ့ `ငါတော်တော်ညံ့´ဆိုတဲ့ ကဗျာလေးမှာ မဟာစည်ဆရာတော်ရဲ့ ဖောင်းပိန်နဲ့ ပိန်ဖောင်း အကြောင်းကလေးနဲ့ခံပြီး သံသရာရဟတ်များမှာ သူကတော့ ၀ိပဿနာ မမြင်နိုင်သေးဘဲ ဒေါမနဿ၊ သောမနဿတွေနဲ့ လောကပြဿနာကို အဖြေရှာကြည့်နေတဲ့အကြောင်းလေး ဖွဲ့ထားပြီး အခုလို သူ့ကိုယ်သူ ဆုံးမထားတယ်ကွ …
`လူ့လောကကို ကျောခိုင်း
တောရိုင်းမြေမှာ ငါမပျော်
ငါတော်တော် ညံ့သေးတာပေါ့နော်´တဲ့။
ကြွက်စုတ်။ ။ ဆရာကအလာကောင်းပြီး အပြန်လဲကောင်းတဲ့ ပြည်သူ့ စာဆိုကြီးပါဗျာ။ ဒါကြောင့် သူက ...
`ဂူက စကားမပြော
လူက စကားပြောလိမ့်မယ်
သေတဲ့အခါကျတော့လဲ၊ သေခြင်းကမမြဲ
သစ္စာကသာ မြဲတယ်´လို့ဖွဲ့ခဲ့ဖူးတယ်။
ဆရာရဲ့ အမှန်ကမြဲ၏ ဆိုတဲ့ ကဗျာလေးမှာ …
`ကိုယ်တကယ်ကောင်းခဲ့ရင်
ခေါင်းချတဲ့အခါ
အလောင်းမလှမှာမပူနဲ့
ပြည်သူတွေကိုယ်တိုင်
အလောင်းပိုက်ပြီး
ကျောက်တိုင်စိုက် အလေးပြုလိမ့်မယ်´။
ဖိုးရှုပ်။ ။ (ခေါင်းလေးတညိတ်ညိတ်နှင့် နားထောင်နေပြီး) ခပ်လေးလေး ၀င်ပြောသည်။ အင်း ဆရာကြီးရဲ့ အလောင်းကို မြန်မာပြည်ပြန်ယူပြီး သင်္ဂြိုဟ် ခွင့်ရမယ်ဆိုရင် ပြည်သူပြည်သားတွေ သောင်းသောင်းဖြဖြ ကြိုလိုက်မယ့်ဖြစ်ခြင်း။
ရုက္ခစိုး။ ။ ဟား … မလုပ်ပါနဲ့ကွာ … နအဖဗိုလ်ချုပ်တွေ နှလုံးရောဂါတွေဖြစ်၊ သွေးတွေပိုတိုးလာပါဦးမယ်။
ကြွက်စုတ်။ ။ သူတို့က ဒေါက်တိုထီလာစစ်သူလို လူမျိုးလောက်ကိုပဲ နိုင်ငံတော်ဈာပနနဲ့ ဂုဏ်ပြုချင်တာကိုးဗျ။
ရုက္ခစိုး။ ။ ဒါပေါ့ကွ … သူတော်ချင်းချင်း၊ သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ဆိုတာ ဒါမျိုးပေါ့ကွာ။
ဖိုးရှုပ်။ ။ ဆရာကြီးတင်မိုးက ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အန်တီစုကို အပြတ်အသတ် ရာနှုန်းပြည့် ထောက်ခံခဲ့သလို နအဖအသေကောင်ကြီးကို ဖုတ်သွင်းနေတဲ့ စကောလား ယောင်ယောင် အခွင့်အရေးသမားယောင်ယောင် Apologist တွေကိုလဲ ခပ်ချဉ်ချဉ်ဖြစ်ပြီး ခပ်ဝေးဝေးကပဲ နေခဲ့ဖူးတယ်လို့ ကြားဖူးတယ်၊ အဲဒါ ဟုတ်လားဗျာ။
ရုက္ခစိုး။ ။ (ဆရာကြီးတင်မိုးနှင့် နှစ်ကြိမ်သုံးကြိမ် ရင်းရင်းနှီးနှီး တွေ့ခဲ့ဖူးသဖြင့်) ဒေါ်အောင်ဆန်းစုကြည်ကို ပုခုံးချင်း ယှဉ်ဖို့ ကြိုးစားနေတဲ့ အာပေါင်နီကိုလည်း လမ်းလွဲနေပြီဆိုပြီး လူရှေ့မှာ မထောက်မညှာ ဆုံးမတတ်လွန်းလို့ အာပေါင်နီ ခမျာ ဆရာကြီးကို မြင်တာနဲ့ သုတ်ခြေတင်တော့တာပဲလို့ ကြားဖူးတယ်။
ကြွက်စုတ်။ ။ ကျနော်ကြားဖူးတာကတော့ ပြည်တွင်းက စကော်လာ တွေကလည်း ဆရာကြီးဆိုရင် မျက်နှာချင်းကို မဆိုင်ရဲဘူးဆိုပဲ။ သူတို့လုပ်တဲ့ စင်ကာပူပွဲကို ရောဘတ်တေလာလို လူကို ဖိတ်ရဲပေမယ့် ဆရာကြီးကိုတော့ မေ့ချင်ယောင် ဆောင်နေခဲ့တယ်လေ။
ဖိုးရှုပ်။ ။ ဆရာကြီးကတော့ ပြောစရာရှိရင် ပြတ်ပြတ်သားသားပဲ။ ပညာရှင်ဆိုတာ ဒီလို မှ။ ရပ်တည်ချက်ကလည်း မှန်ပါပေ့ဗျာ။ တကယ့် သူတော်ကောင်း စာဆိုတော်ကြီးပါပဲ၊ အတုယူစရာပါပဲ။ သမိုင်းမှာ နောင်နှစ်ပေါင်း ထောင်သောင်း ချီပြီး နာမည်ကောင်းနဲ့ ကျန်ရစ်ခဲ့မယ့် လူထုချစ်တဲ့ သူရဲကောင်းစာဆိုတော်ကြီးပါပဲဗျာ။
သုံးယောက်သား အတိုင်အဖောက်ညီညီ ပြောနေဆဲမှာပဲ ရုက္ခစိုးရဲ့ ဆဲလ်ဖုန်းက မြည်လာသည်။
ရုက္ခစိုး။ ။ ဟာ … တာဝတိံသာက ဖုန်းလာတယ်၊ အရေးကြီးပုံရတယ်ဟေ့။
ဖိုးရှုပ်နှင့် ကြွက်စုတ် အသာငြိမ်နေလိုက်သည်။
ရုက္ခစိုး။ ။ `ဟဲလို … ချင်းမိုင်က ရုက္ခစိုးပါ၊ … ကျယ်ကျယ်ပြောပါ မကြားရလို့ပါ၊ ဟား … ဆရာကြီး´ (ရုက္ခစိုးရဲ့ ၀မ်းသာအားရအော်သံ)။
ဆရာကြီး … နေရေးထိုင်ရေး အဆင်ပြေရဲ့လား … ဘယ်တုန်းကရောက်သလဲ … ဟုတ်ကဲ့ … ဆရာကြီး ဟုတ်ကဲ့ …။
စိတ်ချပါ … စိတ်ချပါ …။
(ဖိုးရှုပ်နှင့် ကြွက်စုတ် လှုပ်လှုပ်ရှားရှား ဖြစ်နေပြီး ရုက္ခစိုး ဖုန်းအချကို စောင့်နေသည်)။
ပြောလိုက်ပါ့မယ် …
`ဟုတ်ကဲ့ … အရေးတော်ပုံ ဆက်နွှဲရဦးမယ်´
`ဟုတ်ကဲ့ဆရာကြီး … ဟုတ်ကဲ့´
`စိတ်ချပါ ဆရာကြီး´
`မင်္ဂလာပါ ဆရာကြီး´
`အရေးတော်ပုံ အောင်ရမယ်ဆရာကြီး …´ (ဖုန်းကိုချလိုက်သည်)။
ရုက္ခစိုး။ ။ ချင်းမိုင်ရုက္ခစိုးရဲ့မျက်နှာက ၀င်းဝင်းပပ၊ ကြွက်စုတ်နှင့် ဖိုးရှုပ်ကို ပြုံးပြီးကြည့်လိုက်သည့် အကြည့်က တသက်မမေ့နိုင်စရာ။
ကြွက်စုတ် + ဖိုးရှုပ်။ ။ (စိတ်လှုပ်ရှားသော အသံတွေနှင့်) `ဘယ်သူလဲ ဘယ်ကခေါ်တာလဲ သိကြားမင်းဆီကလား …´။
ရုက္ခစိုး။ ။ အခု ဆရာကြီးတင်မိုးက သိကြားမင်းရဲ့ ဆဲလ်ဖုန်းကို ခဏငှားပြီး ငါ့ဆီကို လှမ်းနှုတ်ဆက်တာကွ … မင်းတို့နဲ့အတူ ချင်းမိုင်မှာ မြန်မာ့အရေးလှုပ်ရှားနေသူတွေကိုလဲ နှုတ်ဆက်ကြောင်း ပြောလိုက်ပါတဲ့။
ကြွက်စုတ်နှင့် ဖိုးရှုပ်ရဲ့ မျက်နှာတွေဆီမှာ ၀မ်းနည်းပမ်းနည်း အရိပ်အယောင်တွေ မတွေ့ရတော့။ ဟေး … ခနဲ ထအော်လိုက်သည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ … ဟေ့ကောင်တွေ ဖြည်းဖြည်း … ငါ့တဲက သိပ်မခိုင်ဘူးကွ။ တလောက ငလျင်ဒဏ်ခံထား ရလို့ ယိုင်နေပြီ။ ဆရာကြီးက အခု သိကြားမင်းရဲ့ ပြန်ကြားရေးဌာနမှာ ညွှန်ကြားရေးမှူးချုပ် အလုပ်ရတယ်ပြောတယ်။
ကြွက်စုတ်။ ။ ဒါဆို နတ်သမီးလေးတွေနဲ့ တဖက် လေးငါးရာပေါ့နော်။
ရုက္ခစိုး။ ။ ၀ါသနာကောင်ကလဲ ငြိမ်ငြိမ်နေစမ်းကွာ။
ကြွက်စုတ်။ ။ ဆရာကြီးက ဘာတွေမှာလိုက်သေးလဲ။
ရုက္ခစိုး။ ။ ကြားတဲ့အတိုင်းပဲ၊ အရေးတော်ပုံကို ပြီးအောင် ဆက်ရမယ်တဲ့၊ သူလဲ သာဝတိံသာကနေ ကဗျာတွေ ဆက်ရေးနေမယ်တဲ့။ နအဖဗိုလ်ချုပ် အယုတ်တမာကောင်တွေနဲ့ သူတို့ကို ဖုတ်သွင်းနေတဲ့ ကောင်တွေကိုလဲ မခြွင်းမချန် အပြတ်တိုက်ပွဲဆက်ဝင်ကြပါတဲ့။ မဟာဗျူဟာကတော့ `သူသေ … ကိုယ်ရှင်တိုက်ပွဲဝင်´တဲ့ဟေ့ …။
ဖိုးရှုပ်။ ။ ကောင်းပါလေရဲ့ဗျား … ကဲ တိုက်ပွဲကို ဆက်တဲ့ အနေနဲ့ ကြွေးကြော်သံ ဟစ်လိုက်ကြစို့လား …။
“ သူသေကိုယ်ရှင် တိုက်ပွဲဝင်”
`အရေးတော်ပုံ အောင်ရမည်´
ချင်းမိုင်ရုက္ခစိုးအဖွဲ့၏ ကြွေးကြော်သံများကို ကြားရလျှင် တာဝတိံသာက ဆရာကြီးသည် ပြုံးပြုံးကြီးနှင့် ကြည့်နေမည်မှာ သေချာလှပါသည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |