ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၃)
ရန်ကုန်သားတာတေ
က… ကညစ် ပေမှာခြစ်
ခ … ခရမ်းသီး ဓားနဲ့လှီး
ဂ … ဂဏန်း ရေမှာဖမ်း
သ … သန်းရွှေ ကိုတေလေ
ဆ … ဆရာတော် အလွန်တော် …
ကြွက်စုတ်။ ။ နေပါဦး … နေပါဦး … ဆရာ …
ကြွက်စုတ်က လိုက်ဆိုနေရာမှ အလန့်တကြား ထအော်သည်။
ကြွက်စုတ်အော်သည်ကို ဘေးနားက ဖိုးရှုပ်ကလည်း သံယောင်လိုက်ထပ်သည်။
ဖိုးရှုပ်။ ။ ဟုတ်တယ်ဆရာ ။ ဘယ့်နှယ်ကြောင့် ဆ ... ဆရာတော် အလွန်တော်လို့ ဆိုခိုင်းရတာလဲ
ဖိုးရှုပ်နှင့်ကြွက်စုတ်တို့သည် အမေရိကန်ပြန် ရေဒီယိုဆရာကြီး၏ မော်ဒန် ဂျာနယ်လစ်ဇင်သင်တန်းကို တက်နေခြင်း ဖြစ်ပါသည်။ သင်တန်းစသည်နှင့် အနှီဆရာကြီး “ဗူးယို”က အခြေခံဂျာနယ်လစ်ဇင်ကို ပို့ချပါသည်။ ဘာတဲ့
ဆ ... ဆရာတော်အလွန်တော် တဲ့ ။ ဒါက မော်ဒန်ဂျာနယ်လစ်ဇင်မှာ တကယ်အရေးကြီးတဲ့ အချက်ဆိုပဲ။
ကျောက်သင်ပုန်းမှာ တောင်ခြစ်မြောက်ခြစ် ခြစ်နေသော ဆရာကြီး `ဗူးယို´က မျက်မှန်ကို အသာပင့်လိုက်ပြီး …
ဆရာကြီးဗူးယို။ ။ ခင်ဗျားတို့က တယ်ညံ့တာကိုးဗျ၊ ဆရာတော်တွေ ဘုန်းကြီးတွေဆိုတာ လူရိုသေ ရှင်ရိုသေဆိုတော့
ဆ … ဆရာတော် အလွန်တော်ဆိုပြီး ကျနော်က ခင်ဗျားတို့ကို စာချပေးတာပေါ့ဗျ။
ကြွက်စုတ်က မေးမိတာမှားပါတယ်ဗျာဆိုတဲ့ မျက်နှာပေးနှင့် ခေါင်းခါလိုက်သည်။
သို့သော် လေကြောမိသွားသော ဆရာကြီးဗူးယိုက မရပ်တော့။ သူ၏ လေသေနတ်ကို အဆက်မပြတ် ထပ်ပစ်ရန် ချောင်းရှင်းလိုက်ပြန်သည်။
ဆရာကြီးဗူးယို။ ။ ဆရာတော်ကြီးများဟာ ဘယ်လောက်ထိ တော်သလဲဆိုရင် ခင်ဗျားတို့ကို အခုပေးနေတဲ့သင်တန်းမှာ သတင်းအစအန ဒါမှမဟုတ် ကောလာဟလ ဒါမှဟုတ် confirm မဖြစ်သေးတဲ့ သတင်းတွေရခဲ့ပြီဆိုရင် … ခင်ဗျားတို့ ဘယ်သူ့ကို အရင်ခေါ်မလဲ၊ ဥပမာ … ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်ကကြောင်ကလေး Bird Flu ဖြစ်ပြီး လျှောသွားတယ်ဆိုတဲ့ သတင်းကို ဘယ်သူ့ဆီက နှိုက်မလဲ …
`မြန်မာ့အရေး ကျွမ်းကျင်သူတွေဆီက မေးမယ်´
`ကျန်းမာရေးဝန်ကြီးဆီ မေးမယ်”
`မြန်မာ့အလင်းက အယ်ဒီတာဆီ အီးမေးလ်နဲ့ မေးမယ်”
`ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဆီကို ဖုန်းဆက်မယ်´
သင်တန်းသား သင်တန်းသူတွေ တမျိုးစီဖြေကြရာ ညံသွားသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်ကတော့ ဘာဖြေရမှန်းမသိ။ တယောက်မျက်နှာ တယောက်ကြည့်သည်။
ဆရာကြီးဗူးယိုက အကျေနပ်ကြီး ကျေနပ်ကာ ငါးခူပြုံးလေး ပြံးလိုက်သည်။ စိတ်ထဲကတော့ … ဒီကောင်လေးတွေပေးတဲ့ အဖြေတွေမှားသွားပြီဆိုပြီး ကျိတ်ဝမ်းသာနေသည်။ ဆယ်နှစ်ဆယ်မိုး ရေဒီယို ကျောင်းကြီးမှာ လခကောင်းကောင်းယူ၊ ဘာအလုပ်မှမလုပ်ဘဲ ဂေါက်ရိုက်လိုက်၊ ဘီယာစုပ်လိုက်၊ ဟိုလူ့ဖိလိုက်၊ ဒီလူ့ထောင်းလိုက် လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို စိတ်ထဲကသတိရသွားပြီး ကိုယ့်ကိုယ်ကို ကျေနပ်သွားမိသည်။ … အလဲ့ … တယ်ဟုတ်တဲ့ ငါပါလား … သွေးနထင် ရောက်မတတ် ။
သို့ပေမယ့် ဒီလောက်နှင့် မကျေနပ်သေး။ အမေရိကန်က လူတွေပြီးတော့ နယ်စပ်က လူတွေအလှည့်။ တခြားမဟုတ်ပါ။ ပညာမသင်နိုင်သော ကလေးများကို ခေတ်မှီဂျာနယ်လစ်ဇင်သင်ပေးရပါဦးမည်။ သည်လိုအခွင့်အရေးကို စောင့်စားပြီး နယ်စပ်ကို လာရသည်ဆိုတော့ ဘာပဲဖြစ်ဖြစ် ရှိစုမဲ့စုပညာကို အစွမ်းကုန်ထုတ်ပြရပါမည်။
ချောင်းကိုထပ်ရှင်းလိုက်ပြီး …
ဆရာကြီးဗူးယို။ ။ ခင်ဗျားတို့ဖြေလိုက်တာ အားလုံးမှားတယ် … ဒါကြောင့် ကျနော် ခင်ဗျားတို့ကို ဆ ... ဆရာတော် အလွန်တော်လို့ ချပေးတာ။ ဘာကြောင့်လဲဆိုတော့ ဆရာတော်ဘုန်းကြီးတွေဟာ ဝိနည်းတော်နဲ့ အညီနေရတာဆိုတော့ အလွန်သီလ မြဲတယ်။ အရက်သောက်လို့ မရဘူး။ မုသာဝါဒ ပြောလို့မရဘူး၊ ဒါကြောင့် မသေချာတဲ့ သတင်းတွေဆိုရင် ဘုန်းကြီးတွေဆီကိုခေါ်ပြီး မေးပေတော့။ သူတို့ကမကွယ်မဝှက် မှန်တာတွေကို ပြောပါလိမ့်မယ်။ မှတ်ထား ဘုန်းကြီးတွေဟာ သတင်းနဲ့ ပတ်သက်ရင် အကောင်းဆုံး source တွေပဲ။
ဖိုးရှုပ်နှင့် ကြွက်စုတ် မျက်လုံးတွေ ပြူးလာသည်။
ဖိုးရှုပ်တယောက် အသိပညာများစွာတိုးလေပြီ။ ဧရာဝတီအယ်ဒီတာပင်လျှင် ဤကဲ့သို့ ပြောင်မြောက်လှစွာသော ပညာမျိုးကို ပေးနိုင်သည်မဟုတ်။ ဟုတ်ပြီ နောက်တခါ သန်းရွှေသမီး လင်ငယ်နေတယ်ကြားရင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော် ဆီ ဖုန်းဆက်ပြီး confirm လုပ်ရမယ်။
ကြွက်စုတ်။ ။ ဆရာကြီးပြောတာ အခုနောက်ဆုံးပေါ် အများပြည်သူပါဝင်ရမယ်ဆိုတဲ့ citizen journalism ကို ပြောနေ တာလားခင်ဗျား
အင်္ဂလိပ်စာလုံးဆိုလျှင် အသေမှတ်ထားတတ်သည့် ကြွက်စုတ်က အကွက်ဝင်သည်နှင့် ပြောသည်။
ဆရာကြီး ဗူးယို။ ။ ဟုတ်တာပေါ့ ကိုကြွက်စုတ်ရယ်။ ဒါက အစပဲရှိသေးတယ်။ နောက်ထပ် သင်ပေးစရာတွေ အများကြီး ရှိသေးတယ်။
ကြွက်စုတ်။ ။ ကျနော်တို့ ဆရာကြီးလိုလူမျိုးကို မျှော်နေတာကြာလှပေါ့။ ချင်းမိုင်မှာ ဆရာကြီးလို မော်ဒန်ဂျာနယ်လစ်ဇင်ကို သင်ပေးနိုင်တဲ့သူ တယောက်မှ မရှိဘူးဗျ။
ဆရာကြီးဗူးယို လေထဲမှာ မြောက်သွားသည်။ (ပြန်ဆင်းလို့တောင် မရတော့)
ကြွက်စုတ်က တစခန်းထသည်။
ကြွက်စုတ်။ ။ ဆရာကြီးဗူးယို … ဆရာကြီးဗူးယို … ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းလုံးဝမရေးတတ် … ဂျာနယ်လစ်ဇင်လည်း နားမလည်ပဲနဲ့ သူ့ကို ပြန်ကြားရေးဝန်ကြီး ခန့်ထားတာလို့ သိရပါတယ်၊ ဒါကို corfirm လုပ်လို့ ရပါသလား …။
အဟုတ်မှတ်လို့ နားထောင်နေတာ မြားဦးက သူ့ဖက်လှည့်လာမှန်း သိလိုက်ရသည်။ ထိုကြောင့် မေးခွန်းကို မကြားသလိုလို လုပ်ပြီး ကျောက်သင်ပုန်းကို ဖျက်နေလိုက်သည်။
`ဆရာကြီး … ဆရာကြီး …´
နောက်တန်းမှာထိုင်နေသော သင်တန်းသားတဦးကထပြီး …
`ဆရာကြီးရဲ့ ဆယ်နှစ်ဆယ်မိုး ရေဒီယိုသင်တန်း အတွေ့အကြုံနဲ့ နယ်စပ်က ကျနော်တို့ကို ကောင်းကျိုးပြုမယ့် အကြောင်းလေးပြောပါဦး´
ဆရာကြီးဗူးယိုက ဟန်ပါပါ ကျောက်သင်ပုန်းမှာ ရေးချလိုက်သည်။
`မလုပ် … မရှုပ် … မပြုတ်´
ဆရာကြီးဗူးယိုကို ဖိုးရှုပ်က လက်ညှိုးထောင်လိုက်ပြီး …
ဖိုးရှုပ်။ ။ ဆယ်နှစ်ဆယ်မိုးလုပ်လာပြီးတော့ အဲဒီအဖွဲ့ကထွက်ပြီး တခြားရေကြည်ရာ မြက်နုရာ (Spotlight bar in Chiang Mai ဆိုသော တေးသွားလေးက ပေါ်လာသည်) ကို လခကောင်းကောင်းလည်း ပေးတဲ့နေရာကို ထပ် ရွှေ့တဲ့ပြောင်းတဲ့ အခါကျရင် မိခင်အဖွဲ့အစည်းကို နှုတ်ဆက်စာ ရေးပုံရေးနည်းလေး သင်ပေးပါဦး ဆရာကြီး …။
ဆရာကြီး ဗူးယို။ ။ စိတ်လှုပ်ရှားစရာတွေ challenge တွေ ပြည့်နေတဲ့ ချင်းမိုင်ကို လာတဲ့အခါမှာ shopping သွားမယ် … အရက်သောက်မယ် … ဘားတွေလျှောက်လည်မယ် … Golf ရိုက်မယ်လို့လည်း ထည့်ရေးပေါ့။ ဒါမှ ကိုယ့်အပေါင်းအသင်း တွေက ဝမ်းသာကြမယ်လေ။
ဆရာကြီးဗူးယိုက အနှိပ်ခန်းနှင့် ရေချိုးခန်းသို့ သွားမည့်အကြောင်းကိုတော့ တမင်မပြောဘဲ ချန်ထားသည်။
ဖိုးရှုပ်။ ။ ဒါပဲလား ဆရာ …။
ဆရာကြီးဗူးယို။ ။ ဒါတင်မကသေးဘူး … wonderful ဖြစ်တဲ့ လူတွေနဲ့ အဖွဲ့အစည်းကို ခွဲရတဲ့အတွက် အလွန်ဝမ်းနည်း ကြောင်းလည်း ထည့်ပေါ့ …ဒါမှ သူတို့လည်း တသသ ဖြစ်မှာပေါ့။
ဖိုးရှုပ်။ ။ ဒါမျိုးက byline နဲ့ သွားမလား opinion နဲ့ သွားမလားဆရာကြီး။
သတင်းထောက်ဆိုတော့ နည်းနည်း အထွန့်တက်ကြည့်လိုက်ခြင်းဖြစ်သည်။
ဆရာကြီးဗူးယို ဆက် သည်းမခံနိုင်တော့။
ဆရာကြီးဗူးယို။ ။ ဒါမျိုးဆိုတာ က ဂျာနယ်လစ်ဇင်နဲ့ မလုံလောက်ဘူးကွ။ ဒီပလိုမေစီဆိုတဲ့ အတတ်ပညာနဲ့ ရေးရတာကွ မှတ်ထား …။
ဖိုးရှုပ်ကြွက်စုတ်အပါအဝင် မော်ဒန်ဂျာနယ်လစ်ဇင်သင်တန်းသားသင်တန်းသူအားလုံးသည် ဆရာကြီးဗူးယိုကို တအံ့တသြ ငေးမောကြည့်ရင်း တယ်တော် တယ်တတ် အာဂဆရာကြီးပါလားဟုသာ ရေရွတ်လိုက်ကြပါတော့သည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |