#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၂)
ရန်ကုန်သားတာတေ

ပြက္ခဒိန်သတ်မှတ်ချက်အရ သည်အချိန်သည်ရာသီကို ဆောင်းနှောင်းကာလဟု အမည်ပေးထား သော်လည်း ချင်းမိုင်မြို့ကြီးမှာ မည်သူ့ကိုမှမတိုင်ပင်ဘဲ အပူပိုင်းဇုံဆီသို့ တနေ့တလှမ်း ပျော်ပျော်ကြီး လျှောက်လှမ်းနေ လေသည်။ တချက်တချက် အေးသလို ချမ်းသလို လုပ်ပြနေသော်လည်း ပူသည့်ဘက်သို့ သိသိသာသာ ကူးပြောင်းနေပါသည်။

ရုက္ခစိုး ။    ။ သြော် … နေ့ပူလို့ ညချမ်း ဇန်န၀ါရီလဆန်း ပါလားနော်။      

ဖိုးရှုပ် ။    ။ ဟေး ဦးရုက္ခစိုး။ သံဝေဂသံကြီးနဲ့ ဘာလို့တလွဲတွေ ရွတ်နေတာတုန်းဗျ။ နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း ပါဗျ။

ကြွက်စုတ် ။    ။ ဦးရုက္ခစိုးက လက်တွေ့ကြုံနေရတဲ့ အခြေအနေကို လက်ရှိကာလနဲ့ ပေါင်းစပ်ပြီး စာချိုးလိုက်တာကွ  မသိရင် အသာလေးလက်ရှောင်စမ်းပါ ဖိုးရှုပ်ရာ။          

ရုက္ခစိုး ။    ။ အိမ်း … ဒီတခါတော့ မောင်ကြွက်စုတ် တော်သဟေ့။ မင်းနာမည်ကို ဒီနေ့ကစပြီး တော်ဝင်ကြွက်စုတ်လို့ ဖြစ်ဖြစ်  ကြွက်စုတ်တော် လို့ ဖြစ်ဖြစ်ပြောင်းလိုက်ဖို့တောင် ကောင်းနေပြီ။       

ကြွက်စုတ် ။    ။ အဲဒါတော့ သည်းခံပါ ခင်ဗျာ။ ကျုပ်တို့ဗိုလ်ချုပ်တွေသိသွားရင် ကြွက်စုတ်တော် ဆိုတာ ဆင်ဖြူတော်လို လာဘ်ကောင်းတယ်ထင်ပြီး လာဖမ်းနေပါဦးမယ်။    

ဖိုးရှုပ် ။    ။ မင်းတို့အတိုက်အခံတွေကလည်း စစ်ဗိုလ်ချုပ်တွေဆို နှိမ်လွန်းပါတယ်ကွာ။ ဆင်ဖြူတော်ဆိုတာ ငါတို့အရှေ့တိုင်းက ရှေးပဒေသရာဇ်ဘုရင်တွေ အထွတ်အမြတ်ထားကြတာကွ။ မင်းလို ကြွက်အစုတ်ပလုပ်ကို ဖမ်းတယ်ဆိုရင်တော့ ပလိပ်ရောဂါ ကာကွယ်တဲ့အနေနဲ့ဘဲ ဖမ်းတာဖြစ်မှာပါကွာ။   

 ရုက္ခစိုး ။    ။ မင်းတို့ကလည်း .. နှစ်သစ်ဦးကာလမှာ ချစ်ချစ်ခင်ခင် နေကြမှပေါ့။ ဘယ်လိုလဲဟေ့ မောင်ဖိုးရှုပ်၊ နှစ်သစ်မှာ မင်္ဂလာ သတင်းဦး၊ သတင်းထူးလေး ဘာလေး လုပ်စမ်းပါဦးကွ။  

ဖိုးရှုပ် ။    ။ မင်္ဂလာသတင်းရှိပါ့ဗျာ။ ပြောရမှာတော့မကောင်းပါဘူး။ လူတယောက်အတွက် အမင်္ဂလာသတင်းတခုက ပြည်သူတရပ်လုံးအတွက် မင်္ဂလာရှိနေလို့ဗျ။  

ကြွက်စုတ် ။    ။ ဘယ်လိုဘယ်လို၊ အမင်္ဂလာကို ပြည်သူတရပ်လုံးက မင်္ဂလာယူနေကြတယ် ဟုတ်စ။

ဖိုးရှုပ် ။    ။   ဟုတ်ပါ့ဗျာ။ ဒီလိုဗျ … ကျုပ်တို့ရဲ့ ခေတ်သစ်ရှင်ဘုရင်ကြီး နေမကောင်းဖြစ်တဲ့ ကိစ္စလေ။   

ကြွက်စုတ် ။    ။ ဒါများ အဆန်းလုပ်လို့။ ငါဖြင့် ပြီးခဲ့တဲ့အပတ်ကတည်းက ဒီသတင်းကြားထားပြီးသား။ စင်ကာပူမှာ ဆေးရုံတက်နေတာ အူကင်ဆာဆိုလား၊ ဥကင်ဆာဆိုလား ပြောနေကြတာလေ။

ဖိုးရှုပ် ။    ။ မပြီးခင် ကြွက်မမြင်စေနဲ့ဆိုတဲ့စကား သိပ်မှန်သကိုး။ ဆုံးတဲ့အထိနားထောင်ပါကွာ။ ဒီမှာ ဆုံးတဲ့အကြောင်းပြောမလို့ကွ။    

ကြွက်စုတ် ။    ။ ဆုံးပြီဆိုတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ။ သတ္တ၀ါတခု၊ ကံတခုဘဲလေ။ တကယ်တော့ လူဆိုတာ သေမျိုးချည်းဘဲမဟုတ်လား ခင်ဗျ။ ဟဲဟဲဟဲ တရားနဲ့ဖြေမှပေါ့။

ကြွက်စုတ်က ပလိပ်ရောဂါ ကိစ္စကို အခုထိ အစာမကြေသောကြောင့် ဖိုးရှုပ်ပြောတိုင်း ၀င်ဝင်နှောက်နေ၏။

ရုက္ခစိုး ။    ။ ဟုတ်ပါ့ မောင်ကြွက်စုတ်ရယ်၊ မင်းဂျီးဒေါ်ကြီး ဆုံးမှဘဲ တရားနဲ့ ဖြေလိုက်ပါ့မယ်။ ငါ …  မပြောလိုက်ချင်ဘူး။ ကဲ ဆက်စမ်းပါဦးဖိုးရှုပ်ရာ။

ရုက္ခစိုးကြီးက မာန်လိုက်မှ ကြွက်စုတ်လည်းငြိမ်ကျသွားသည်။       

ဖိုးရှုပ် ။    ။ ကြွက်စုတ်ရှုပ်တာနဲ့ ပြောနေတဲ့စကားတောင် ဘယ်ရောက်သွားပါလိမ့် သြော် မှတ်မိပြီ။ ဒီလို မင်းတရားကြီးက ဆေးရုံပေါ်မှာ အသည်းအသန်တွေဖြစ်ပြီး ဂန့်သွားတယ်တို့၊ ဂေါက်သွားတယ်တို့ သတင်းတွေ မြန်မာနိုင်ငံထိပ်ပိုင်း မြောက်ဖျားကနေ ဟိုးတောင်ဘက်စွန်းအထိပျံ့နေပြီး ပြည်သူတွေလည်း အခုမှ တကယ့်လွတ်လပ်ရေးအောင်ပွဲကြီးဆင်နွှဲဖို့ နေ့လား ညလား ဆိုတာစောင့်နေကြလေရဲ့။  

ရုက္ခစိုး ။    ။ လွတ်လပ်ရေးအောင်ပွဲကတော့ ဟုတ်ပါပြီ။ သူတို့က ဘယ်လိုများ အောင်ပွဲခံကြမှာတုန်း။  

ဖိုးရှုပ် ။    ။ ဒါကတော့ ကိုယ်သန်ရာသန်ရာပေါ့ဗျာ။ တတ်နိုင်တဲ့သူတွေက မဏ္ဍပ်ကြီးထိုးပြီး ၇ ရက် ၇ လီ အလှူပွဲကြီးတွေ လုပ်ကြမတဲ့။ နိုင်ငံကျော် ဆိုင်းဝိုင်းကြီးတွေ ငှားမယ်ပေါ့ဗျာ။ သိပ်မတတ်နိုင်သူတွေကတော့ အရပ်ထဲက ကလေးတွေကို မုန့်ဝေမယ်ပေါ့။ ယမကာလုလင်များကလည်း ရှန်ပိန်ဖောက်ကြဦးမယ်တဲ့ဗျ။ ပြည်သူ့လွတ်လပ်ရေးအောင်ပွဲပေါ့ဗျာ ဟားဟားဟား … ။  

ကြွက်စုတ် ။    ။ ဟုတ်တယ် ဟုတ်တယ် … ဗေဒင်ဆရာတယောက်က ၈ လေးလုံး အောင်ပွဲအထိမ်းအမှတ် ၈ ရက်တိတိ အလကားဟောမယ်လို့ ကျွန်တော်လည်း ကြားတယ်။

ရုက္ခစိုး ။    ။ ဟုတ်လား … ။ ဒို့ပြည်သူတွေက သူ့အပေါ် ဒီလောက်အထိ မေတ္တာထားတာ ဒီပုဂ္ဂိုလ်ကြီး မြင်စေ့ချင်လိုက်တာကွာ။  

ဖိုးရှုပ် ။    ။ သိပါ့ဗျာ။ နောက်ဆုံးတော့ ပြည်သူတွေလည်း ယာယီသဘောလောက် ပျော်လိုက်ရတာပါ။ ဒီနေ့တော့ ပုဂ္ဂိုလ်ကြီးက ကျန်းမာစွာနဲ့ နေပြည်တော်မှာ တိုင်းပြည်တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း သတင်းဆိုး ထပ်ကြားရတော့တာပါဘဲ။   

ကြွက်စုတ် ။    ။ မင်းဟာကလည်းကွာ ဟုတ်တော့မလိုနဲ့ အဖျားရှူးသွားတာပါဘဲ။ အခုလောက်ဆို ဟိုလူကြီးက ဘယ်ကောင်တွေ ငါ့မကောင်းကြောင်းပြောတာလဲဆိုတာ စုံစမ်းနေလောက်ပြီ။

ရုက္ခစိုး ။    ။ အဲဒါတော့ အတိအကျဘဲဟေ့။ ဒင်းတို့က သူများသာ မကောင်းပြောချင်ကြတာ၊ သူ့တို့ကိုပြောရင် လုံးဝသည်းမခံဘူး။ ဆတ်ဆတ်ထိ မခံတွေကွ။   

ဖိုးရှုပ် ။    ။ ဒါနဲ့ ကြွက်စုတ်ရေ မနက်က မင်းပြောတဲ့ နေပြည်တော်လမ်းညွှန်အကြောင်း ဦးရုက္ခစိုးကို ပြောပြလိုက်ပါဦးကွ။  

ကြွက်စုတ် ။    ။ အဟမ်းအဟမ်း … ဒီလိုဗျ … ရန်ကုန်က လူတယောက်ဟာ နေပြည်တော်က ဌာနဆိုင်ရာရုံးတရုံးကိုသွားဖို့ အကြောင်းပေါ်လာသတဲ့။ တခါမှမရောက်ဖူးသေးတော့ မေးစမ်းပြီး သွားရတာပေါ့။ အဲဒီတော့ သူ့အသိတယောက်က သင်္ကေတတွေနဲ့ လမ်းညွှန်သတဲ့။

ရုက္ခစိုး ။    ။ ဘယ်လိုသင်္ကေတတွေနဲ့ လမ်းညွှန်တာတုံး။      

ကြွက်စုတ် ။    ။ သူ့အသိလမ်းညွှန်ပုံက သွားတဲ့လမ်းမှာ ပထမ မြင်းရုပ်ကြီး တွေ့လိမ့်မယ်။ အဲ့ဒီနောက်မှာ ဆင်ရုပ်ကြီး တွေ့မယ်ပေါ့ဗျာ။ အဲဒီဆင်ရုပ်ကြီးကိုလွန်သွားတဲ့နောက်မှာ လူယုတ်ကြီး ၃ ကောင်တွေ့လိမ့်မယ်။ အဲဒါ နေပြည်တော်ဘဲပေါ့ လို့ လမ်းညွှန်သတဲ့။ ဟားဟား … ။

ရုက္ခစိုး ။     ။ သြော် … လက်စသတ်တော့ နေပြည်တော်က အရုပ် ၃ ရုပ်ကို ရကောက်အစား ယပက်လက်နဲ့ ယုတ်လိုက်တာပေါ့။   

ကြွက်စုတ် ။    ။ နောက်ပြီး နယူးယီးယားအကြိုညက ဆီဒိုးနားဟိုတယ်မှာလုပ်တဲ့ ပါတီအကြောင်းရော သိပြီးကြပြီလား။

ဖိုးရှုပ် ။    ။ တယ်ဟုတ်ပါလားကွ … ဟေကြွက်စုတ်။ မင်းကြည့်ရတာ ၂၀၀၇ မှာ သတင်းထောက် ပြောင်းလုပ်တော့မယ်ထင်တယ်။ သတင်းထောက်တွေထက်တောင် ပိုသိနေပါလား။  

ကြွက်စုတ် ။    ။ မင်းတို့ကောင်တွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာစိုးလို့ လုပ်ဖြစ်မယ် မထင်ပါဘူးကွာ။

ရုက္ခစိုး ။    ။ နယူးယီးယား အကြိုညဆိုတော့ ၃၁ ရက်နေ့ညကို ပြောတာလား။  

ကြွက်စုတ် ။    ။ ဟုတ်ပါ့ဗျာ … အဲဒီညကလုပ်တဲ့ နယူးယီးယားပါတီက ဟိုက်ကလပ်စ်တွေအတွက် သီးသန့် စီစဉ်ထားတာလေ။ ၀င်ကြေးက တယောက်ကို ဒေါ်လာ ၁၀၀ တောင်ပေးရတယ်။ ဆီဒိုးနားက ရေကူးကန် နေရာမှာ ပါတီပွဲကျင်းပတာ။ ရေကန်ထဲမှာ တိုက်တင်းနစ် သင်္ဘောကြီးလဲ ဆောက်ထားပြီး ည ၁၂ နာရီထိုးရင် သင်္ဘောမြုပ်အောင်လို့ ၀င်တိုက်မယ့် ရေခဲတောင်တွေကိုလဲ စက္ကူနဲ့လုပ်ပြီး ရေထဲမှာ အသင့်မျှောထားတယ် ဆိုပဲ။ ဂီတဖျော်ဖြေမှုတွေလဲ ပါတာပေါ့။

ရုက္ခစိုး ။    ။ တယ်လဲ ခမ်းနားလှချည့်လားကွ။ လူများစု ငတ်နေတယ်ဆိုပေမယ့်  တတ်နိုင်တဲ့ သူများကျတော့ လည်း နယူးယီးယားလိုညမျိုးကို ဒေါ်လာ ၁၀၀ နဲ့ ၀ယ်နိုင်တာပေါ့လေ။ မုဒိတာ ပွားပါတယ်ကွာ။ ဒီထက်မက ပျော်နိုင်၊ ပါးနိုင်ကြပါစေ။

ကြွက်စုတ် ။    ။ ဦးရုက္ခစိုးက ဆီဒိုးနားက နယူးရီးယားပါတီကို ရွဲ့သလိုဖြစ်နေပြီ။ ဖြစ်ပုံက အဲဒီပါတီပွဲဟာ       ၁၂ နာရီ အထိတောင် မခံလိုက်ဘူး။ မီးရှူးတွေဖောက်ရာက စက္ကူရေခဲတောင်တွေပေါ် မီးပွားကျလို့ ရေခဲတောင်လဲမီးလောင်၊ တီးဝိုင်းပစ္စည်းတွေလဲ ၁၅ သိန်းဖိုးလောက်မီးထဲပါ၊ ပါတီပွဲလဲ ပျက်ပေါ့။

ဖိုးရှုပ် ။    ။ ဆီဒိုးနားမှာမီးလောင်တာဆိုတော့ ဟိုတယ်ပိုင်ရှင်ကို မီးပေါ့ဆမှုနဲ့ အာဏာပိုင်တွေက အရေးမယူဘူးလား။ 

ကြွက်စုတ် ။    ။ အရေးယူဖို့နေနေသာသာ၊ ဆီဒိုးနားဟိုတယ်အတွက် ပြည်သူတွေဆီက တမင်းထုပ် လိုက်မကောက်တာဘဲ ကံကောင်းလှပြီမှတ်။     ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.