ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၁)
ရန်ကုန်သားတာတေ
ခရစ်နှစ်သစ်အကူးမှာ အပျော်မကျူးဖို့ ရုက္ခစိုးက သတိပေးထားပါလျက် ၂၀၀၆ ခုနှစ် နောက်ဆုံးရက် နှင့် ၂၀၀၇ ခုနှစ် ပထမဆုံးရက်များတွင် မအိပ်မနား စားသောက်ကခုန်ခဲ့သော ဖိုးရှုပ်နှင့်ကြွက်စုတ်တို့သည် အစားထိုးပေးထားသော ရုံးပိတ်ရက် နှစ်ရက်တွင် အခန်းအောင်းပြီး အတိုးချ အိပ်စက်ခဲ့ကြရသည်။
တကယ်တော့ ရုက္ခစိုးက ထိုင်းနိုင်ငံအတွင်းမှာ နှစ်သစ်ကူးဆိုလျှင် သေကြကြေကြလွန်းသဖြင့် သတိပေး ခဲ့ခြင်းဖြစ်သည်။ နှစ်သစ်ကူး ရက်သတ္တပတ်အတွင်း အသေအပျောက်စာရင်းကို ချုပ်ကြည့်လိုက်တော့ လေးရာကျော်ရှိသည်။ နှစ်တိုင်း ငါးရာကျော်သေနေကျဆိုတော့ ယခုနှစ် နည်းနည်းလျော့သွားသည်ဟု ပြောနိုင်သည်။
ဒီကြားထဲမှာ နှစ်သစ်ကူးအကြိုနေ့က ဘန်ကောက်တွင် ဗုံးတွေ တထိန်းထိန်းပေါက်သည်။ နှစ်သစ်ကူးနေ့ကျတော့ ချင်းမိုင်မှာ ပေါက်ပြန်သည်။ သို့ပေမယ့် လူတွေက သိပ်အကြောက်အလန့်မရှိ။ သွားမြဲစားမြဲ ပျော်မြဲပါးမြဲ။ ဒီအထဲမှာ ပျော်ပွဲရွှင်ပွဲဆိုလျှင် တပွဲမှ မလွတ်ရအောင် သတင်းလိုက်တာလိုလို အယောင်ပြပြီး သွားတတ်သည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို တွေးပြီး ရုက္ခစိုးမှာ ရင်မောနေမိသည်။
နှစ်သစ်ကူးအကြိုနေ့ကတည်းက အဆက်အသွယ်ပြတ်သွားရာ နှစ်ဆန်းသုံးရက်နေ့အထိ လူမလာ သတင်းမကြားရတော့ ရုက္ခစိုး မနေနိုင်တော့။ အရက်အသောက်လွန်ပြီး ဘ၀တပါးကို ပြောင်းရွှေ့သွားလေ သလား။ ဆိုင်ကယ်မှောက်လို့ ခရစ်တော်မှာ အိပ်ပျော်သွားလေသလား။ ဗုံးဒဏ်ထိပြီး အလ္လာအရှင်မြတ် အမိန့်ကိုပဲ ခံယူသွားလေသလား။
ဒီလိုနှင့် ဒွိုင်ဆူထေ့တောင်ပေါ်ရောက်လာသည့် ဘုရားဖူးတယောက်ထံမှ အကူအညီတောင်းပြီး ဖိုးရှုပ်၏ ဖုံးကို ဆက်ကြည့်သည်။ မထူးပါ။ ဒီတော့လည်း ရင်ပူပူနှင့်ပင် ရုက္ခစိုးကြီးတယောက် (အဲ) တပါးသည်
ဖိုးရှုပ်၏ အခန်းဆီသို့သာ သုတ်ခြေတင်လာခဲ့ရပါတော့သည်။
တော်ပါသေးသည်။ အခန်းဝရောက်တော့ ဖိုးရှုပ် စီးနေကျ ဖိနပ်စုတ်ကို တွေ့ရသည်။
ရုက္ခစိုး။ ။ ဟေ့ကောင်ဖိုးရှုပ် တံခါးလေး ဘာလေးများလည်း ဖွင့်စမ်းပါဦးကွ။
ဖိုးရှုပ်က တံခါးလာဖွင့်ပေးသည်။ မျက်နှာက အိပ်မှုန်စုံမွှား။
ဖိုးရှုပ်။ ။ သြော် ဦးရုက္ခစိုးကြီးကိုး ကျနော်တို့က ညနေပိုင်းလောက်မှ တောင်ပေါ်တက်လာမလား စိတ်ကူးနေတာဗျ။
ရုက္ခစိုးက အခန်းထဲကို မျက်လုံးဖြင့် လှည့်ပတ်ကြည့်သည်။
ရုက္ခစိုး။ ။ နေစမ်းပါဦး မင်းက တယောက်တည်းလား။ ကြွက်စုတ်က ဘယ်ရောက်နေသလဲ။
ဖိုးရှုပ်။ ။ ဟုတ်ကဲ့ သူက ဗိုက်ဆာလို့ ဗမာထမင်းဆိုင်မှာ သွားစားနေတယ်။ ကျနော်ကတော့ အိပ်ချင်တာနဲ့ ဆက်နှပ်နေတာ။ ခဏနေမှ လိုက်သွားမလားလို့။
ရုက္ခစိုး။ ။ ကဲ အိပ်လည်း မအိပ်တော့နဲ့။ သတင်းလေးဘာလေးလည်း လုပ်စမ်းပါဦး။
ရုက္ခစိုးကတော့ ဗိုက်လည်း မဆာ၊ အိပ်ရေးလည်း မဆာ၊ သတင်းသာ ဆာနေသူဖြစ်ရကား သတင်းကိုသာ အတင်းမေးလေသည်။
ဖိုးရှုပ်။ ။ သတင်းပြောရမှာဖြင့် ဆဒမ်ဟူစိန်ကို ကြိုးပေးတဲ့အကြောင်းပဲ ပြောရမှာပဲ။
ရုက္ခစိုး။ ။ ဟေ ဘယ်တုန်းက ပေးလိုက်တာလဲ။
ဖိုးရှုပ်။ ။ ပြီးခဲ့တဲ့ စနေနေ့ကပါပဲ။ စီအင်အင်တို့ ဘီဘီစီတို့မှာ ဆဒမ်လည်ပင်းကို ကြိုးကွင်းစွပ်တဲ့ ဗီဒီယိုတောင် ပြသွားတယ်။
ရုက္ခစိုး။ ။ မင်း ဒါကို မြင်တော့ ဘယ်လိုခံစားရသလဲ။
ဖိုးရှုပ်။ ။ လူတွေအများကြီးကို သတ်ဖြတ်သွားတဲ့ အာဏာရှင်တယောက်ကို ကြိုးပေးနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ ဒါပေမယ့်တဆက်တည်းမှာပဲ လူတယောက်ကို ကြိုးပေးတာ မြင်ရတာ စိတ်တော့မချမ်းသာလှပါဘူး။
ရုက္ခစိုး။ ။ အာရတ်ပြည်သူတွေကရော ဘယ်လို ခံစားကြသလဲ။
ဖိုးရှုပ်။ ။ကသူခုန်သူတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် မကျေနပ်တဲ့သူတွေလည်း ရှိပါတယ်။
ရုက္ခစိုး။ ။ အင်း မကျေနပ်တဲ့သူတွေထဲမှာတော့ ဒို့ဗမာပြည်က စစ်ဗိုလ်ချုပ်ကြီးများလည်း ရှေ့ဆုံးက ပါမှာပဲ ထင်ပါရဲ့။
ဖိုးရှုပ်။ ။ဟားဟား မကျေနပ်ရုံတင် ဘယ်ကမလဲ။ အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စင်္ကာပူမှာတောင် ဆေးသွားစစ်ရတယ် ပြောတယ်ခင်ဗျ။
ရုက္ခစိုး။ ။ ဟ ဘာဖြစ်လို့လဲကွ။
ဖိုးရှုပ်။ ။ ဆဒမ်ကြိုးပေးခံရတာကို မြင်ပြီး သတိလစ်သွားလို့တဲ့ဗျ။
ရုက္ခစိုး။ ။ ဒါကြောင့် စင်္ကာပူကို အရေးပေါ် ဆေးသွားစစ်ရတာပေါ့ ဟုတ်လား။
ဖိုးရှုပ်။ ။ ဟုတ်ဗျ ဟုတ်။
ရုက္ခစိုး။ ။ ဘာပဲပြောပြော ဆဒမ်ဟူစိန်ရဲ့နောက်ဆုံးကံကြမ္မာကို ကြည့်ပြီး ဘဝတူအာဏာရှင်များ သင်ခန်းစာယူနိုင်ပါစေလို့ နှစ်သစ်မှာ ဆုတောင်းရမှာပဲ မောင်ဖိုးရှုပ်ရဲ့။
ဖိုးရှုပ်။ ။ သင်ခန်းစာရပြီး လူကောင်းသူကောင်းဘ၀ကို ကူးပြောင်းသွားတဲ့ အာဏာရှင်ရယ်လို့ ကမ္ဘာ့သမိုင်းမှာ ရှိပါသလား ဦးရုက္ခစိုးခင်ဗျ။
ရုက္ခစိုး။ ။အေးကွ ငါပဲ စာဖတ်တာ မစုံလို့လား မသိဘူး။ အာဏာရှင်ရောဂါဝင်တဲ့သူမှန်ရင် ပြေးရင်ပြေးမှ မပြေးရင်လည်း ပြုတ်မလား သေမလား ဒါနဲ့ပဲ နိဂုံးသတ်ရတာပဲ။ ကဲကဲ နှစ်သစ်ကူး သတင်းထဲမှာ မင်္ဂလာသတင်းလေး ဘာလေး ကော မရှိဘူးလား။
ဖိုးရှုပ်။ ။ ရှိပါတယ်ဗျ။ အခု ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်အသစ်အဖြစ် တောင်ကိုရီးယားက ဗန်ကီမွန်းက စတင် တာဝန်ယူပါပြီ။ ဒါဟာ ကျနော်တို့ ဗမာနိုင်ငံသား ဦးသန့်ပြီးရင် ဒုတိယမြောက် အာရှသားတယောက် ကမ္ဘာ့နံပတ်တစ် ခေါင်းဆောင်အဖြစ် ရောက်ရှိလာခြင်းပါပဲ။
ရုက္ခစိုး။ ။ အေး တိုက်တိုက်ဆိုင်ဆိုင် စဉ်းစားမိတာ ရှိတယ်။ ဦးသန့်က ကမ္ဘာ့ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ ဗမာနိုင်ငံမှာတော့ အာဏာရှင်ဗိုလ်ချုပ်နေဝင်းက အုပ်စိုးတယ်။ အခုလည်း မြောက်ကိုရီးယားက အာဏာရှင်ကင်ဂျုံအီက ကမ္ဘာကို နျူကလီယားဗုံးနဲ့ ခြိမ်းခြောက်နေတဲ့အချိန်မှာ တောင်ကိုရီးယားသားက ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာတယ်။
ဖိုးရှုပ်။ ။ တောင်ကိုရီးယားက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အသစ်နဲ့ မြောက်ကိုရီးယားက အာဏာရှင် ကင်ဂျုံအီတို့ ထိပ်တိုက်တိုးတဲ့ပွဲကိုတော့ ကြည့်ရဦးမှာပေါ့လေ။
ရုက္ခစိုး။ ။ ကဲ ကဲ မင်းလည်း ဗိုက်ဆာရောပေါ့ ငါလည်း ဗမာထမင်းဆိုင်မှာ မန္တလေးထိုးမုန့် သွားဝယ်ဦးမယ်ကွာ။ သွားကြစို့။
ထမင်းဆိုင်တွင်ကား ကျွန်ုပ်တို့၏ မောင်မောင်ကြွက်သည် အမျိုးသမီးသုံးယောက်နှင့် လက်ဖက်သုတ်စားကာ တဝါးဝါးတဟားဟားပွဲကျနေလေရာ ရုက္ခစိုးကိုလည်း မမြင်သကဲ့သို့ ဖိုးရှုပ်ကိုလည်း သတိမထားမိ။
ဖိုးရှုပ်။ ။ ဟေ့ကောင် ကြွက်စုတ် ဘာတွေများ ပွဲကျနေတာလဲကွ။
ပြောပြောဆိုဆို ကြွက်စုတ်တို့ စားပွဲနားသို့ကပ်ကာ အမျိုးသမီးများကိုလည်း အကဲခတ်လိုက်သည်။
ကြွက်စုတ်။ ။သြော် ဒီက အမတွေက ဗမာပြည်ထဲက လာတာဆိုတော့ ဗမာပြည်အကြောင်း ပြောရင်း ရယ်မိတာပါကွာ။
ရုက္ခစိုး။ ။ ဒီမှာ မောင်ကြွက်စုတ်ရဲ့ ဒီလောက် အခြေအနေဆိုးတဲ့ နိုင်ငံမှာ ဘာရယ်စရာ ရှိလို့လဲကွာ။
ကြွက်စုတ်။ ။ ဟုတ်ကဲ့ ငိုစရာကို ရယ်စရာဖြစ်အောင် လုပ်တာက ကျနော်တို့ ဗမာ့အကျင့်လေ။
ဖိုးရှုပ်။ ။ ကဲ လုပ်စမ်းပါဦး ငိုစရာကို ရယ်စရာလုပ်တဲ့အဖြစ်အပျက်တခုလောက်။
ကြွက်စုတ်။ ။ ကိုယ်တိုင် မေးကြည့်ပါလား။
သတင်းဆိုလျှင် ငန်းငန်းတက်နေသော ရုက္ခစိုးကား သတင်းထောက် ဖိုးရှုပ်ကိုပင် ဦးစားမပေးနိုင်တော့ဘဲ -
ရုက္ခစိုး။ ။ ကဲ ကလေးမတွေ ပြောစမ်းပါဦး ဗမာပြည်အခြေအနေ။
အမျိုးသမီး (၁)။ ။ ပုံမှန်ပါပဲ ဦးရုက္ခစိုးရှင့်။
ရုက္ခစိုး။ ။ ဘယ်လို ပုံမှန်လဲကွဲ့။
အမျိုးသမီး(၁)။ ။ ရေမလာ မီးမလာ အနေကျပ် အသေကျပ် အစားကျပ် အသွားကျပ် ကုန်ဈေးနှုန်းတွေကလည်း ပုံမှန်တက်နေတုန်းပါပဲ စိတ်ဓာတ်တွေကလည်း ပုံမှန်ကျနေတုန်းပါပဲ။
ဖိုးရှုပ်။ ။ ဒါနဲ့ မီးတော့ ပုံမှန်ပြန်လာတယ်ဆို သီတင်းကျွတ်မတိုင်ခင်က မြို့တော်ရန်ကုန်ကို လျှပ်စစ်မီးနဲ့ အလှဆင်မယ်လို့ သတင်းစာမှာ စာလုံးမဲကြီးတွေနဲ့ တွေ့လိုက်ရတာက အခုတော့ အလိမ်အညာဖြစ်သွားပြန်တာပေါ့။
ကြွက်စုတ်။ ။ လိမ်တာညာတာကလည်း ပုံမှန်အတိုင်းပဲ ဆိုရမှာပေါ့လေ။
အမျိုးသမီး(၂)။ ။ ဒါတော့ မသိပါဘူးရှင့်။ လျှပ်စစ်မီးကတော့ ပုံမှန်အတိုင်း ပျက်နေတာပါပဲ။
ဖိုးရှုပ်။ ။ ဒါဆိုရင် အရင်လိုပဲ အချိန်နဲ့ အလှည့်ကျ ပေးနေတာပေါ့။
အမျိုးသမီး (၃)။ ။ သူတို့ကြေညာတာကတော့ အချိန်နဲ့ အလှည့်ကျပေးမယ်ပေါ့လေ။ ဒါပေမယ့် အချိန်နဲ့ မှတ်ထားပေမယ့်လည်း လာချင်မှလာတာဆိုတော့ အခုဆိုရင် ကျမတို့က အချိန်နဲ့ မမှတ်တော့ပါဘူး။
ရုက္ခစိုး။ ။ ဒါဆိုရင် ဘာနဲ့ မှတ်သလဲကွဲ့။
အမျိုးသမီး (၃)။ ။ ဟုတ်ကဲ့ ။ တရားနဲ့ပဲ မှတ်ပါတယ်ရှင့်။
ရုက္ခစိုး။ ။ လျှပ်စစ်မီးလာမယ် မလာဘူးဆိုတာကို တရားနဲ့ မှတ်တယ်ဆိုတော့ ဘယ်လိုလဲကွဲ့ နည်းနည်းရှင်းပြစမ်းပါဦး။
အမျိုးသမီး (၃)။ ။ သြော် ဦးရုက္ခစိုးကြီးရယ်။ လျှပ်စစ်မီးလာတဲ့အခါ လာတယ်လာတယ်လို့ မှတ်ပြီး မလာတော့လည်း မလာဘူး မလာဘူးလို့ မှတ်တာပေါ့ရှင်။ အဲဒါ အခု ရန်ကုန်မှာ ခေတ်စားနေတဲ့ နောက်ဆုံးပေါ် တရားမှတ်နည်းပဲရှင့်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |