#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၈)
ရန်ကုန်သားတာတေ

ပြီးခဲ့သည့် တနင်္ဂနွေက စခဲ့သော တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ယောက် အရက်မူးလွန်နေသလား အပျော်ကျူးနေသလား မသိ။ ပျောက်ချက်သားတော့ ကောင်းနေသည်။ ဒီတော့ ထုံးစံအတိုင်းပင် ဒွိုင်ဆူထေ့တောင်ပေါ်က ဦးရုက္ခစိုးသည် ချင်းမိုင်မြို့တွင်းသို့ သက်ဆင်းလာခဲ့ရပြန်
သည်ပေါ့။

ရုက္ခစိုး။   ။ဟေ့ကောင်တွေ ဘာများ ဖြစ်နေတာလဲ။ အသံမကြား ဘာမကြားနဲ့။ ငါက တရုတ်နှစ်ကူးမှာ မာလကဂျောင်းသွားပြီ ထင်နေတာ။

ရုက္ခစိုးသည် တံခါးကို တွန်းဖွင့်ပြီး ပြောလိုက်သည်။ ဟော သူကောင်းသားနှစ်ယောက် အတုံးအရုံးပါလား။ တယောက်က ဆိုဖာပေါ်မှာ။ တယောက်က ကြမ်းပြင်ပေါ်မှာ။

ဖိုးရှုပ်။   ။ ဟာ ဦးရုက္ခစိုးကလဲ  လုပ်ပြီ။ နှာတွေစေး ချောင်းတွေ ဆိုးနေပါတယ်ဆိုမှ နိမိတ်မရှိ နမာမရှိတွေ မလုပ်စမ်းပါနဲ့။

ဖိုးရှုပ်က ပြောပြောဆိုဆို ကြမ်းပြင်ပေါ်က လူးလဲ ထ လိုက်သည်။ ထိုအခါ ဆိုဖာပေါ်က ကြွက်အစုတ်ပလုတ် လည်း မနေနိုင်တော့။ 

ကြွက်စုတ်။   ။ အင်း ဦးရုက္ခစိုးလာတာတော့ အတော်ပဲ။ ကျနော်တို့ခမျာ နေမကောင်းထိုင်မသာဖြစ်နေလို့ ရွှေပြည်တော်ကြီး ဘာတွေဖြစ်နေသလဲတောင် မသိအောင်ဖြစ်နေတာ။

ရုက္ခစိုး။   ။ နေစမ်းပါဦး မင်းတို့က ဘယ့်နှယ် နေမကောင်း ဖြစ်နေရတာလဲ။

ဖိုးရှုပ်။   ။ အင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုပေါ့ဗျာ။

ရုက္ခစိုး။   ။ ဂျာနယ်လစ်လို့ မပြောရဘူး။ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောပြီ။

ဖိုးရှုပ်။   ။ ဟုတ်တယ် ဦးရုက္ခစိုးရ။ ချင်းမိုင်ကောင်းကင်ပြင်က တိမ်လွှာတွေမှာ အဆိပ်အတောက်တွေ စုနေတယ်တဲ့ဗျ။ဒါကြောင့် ကျနော်တို့လည်း နေထိုင်မကောင်း ဖြစ်နေတာ။

ကြွက်စုတ်။   ။ အခုတလော ချင်းမိုင်မှာ လေထုညစ်ညမ်းမှုတွေ တော်တော် မြင့်နေတယ် ပြောကြပါတယ်ခင်ဗျ။ ဒါကြောင့် ကျနော်တို့လည်း နေမကောင်းဖြစ်နေတာပဲ။

ရုက္ခစိုး။   ။ဟာ မဟုတ်တာတွေကွာ ဒါဆို ငါတော့ ဘာလို့မဖြစ်တာလဲ။ တော်ကွာ တော် ငါမေးမယ် မင်းတို့ တရုတ်နှစ်ကူးတုန်းက ဘယ်အချိန်အိပ်ကြသလဲ။

ရုက္ခစိုးက မေးလိုက်လျှင် ဖိုးရှုပ်နှင့်ကြွက်စုတ်က တယောက်မျက်နှာ တယောက်ကြည့်ကာ စပ်ဖြဲဖြဲ လုပ်နေသည်။

ဖိုးရှုပ်။   ။ ကျနော်တို့ အစောကြီးအိပ်ကြတာပဲ။ မနက် ငါးနာရီလောက်။
ဖိုးရှုပ်က စကားကို မရှုပ်ရှုပ်အောင်ပြောတော့ ရုက္ခစိုးကြီး ရုတ်တရက် နားမလည်ဘဲ မျက်စိလည်သွားသည်။ နောက်မှ အသေအချာစဉ်းစားပြီး -

ရုက္ခစိုး။   ။တော်ကွာ  တညလုံးလည်ပတ်ပြီး မနက်ငါးနာရီထိုးမှ အခန်းပြန်အိပ်တာမဟုတ်လား။ ဘာအစောကြီးလဲ။ မင်းတို့ကောင်တွေ ဖျားတာ နည်းသေးတယ်။

ဖိုးရှုပ်။   ။ အော် ဦးရုက္ခစိုးကြီးရယ်  တနှစ်တခါ ပျော်ရတာ ဒီလောက်တော့ ခွင့်လွှတ်ရမှာပေါ့။ ကဲကဲ လုပ်စမ်းပါဦး သတင်းလေးဘာလေး။

ရုက္ခစိုး။   ။ သတင်းထောက်ဆီ လာလို့ သတင်းနားထောင်ရမလားအောက်မေ့တယ်။ ငါက ပြန်ပြောရမယ်ပေါ့ ဟုတ်လား။

ကြွက်စုတ်။   ။ ဟုတ်တာပေါ့။ ဒီနေ့တော့ ရုက္ခစိုးသတင်းဌာနက သတင်းပဲ နားထောင်ရမှာပဲ။ 

ရုက္ခစိုး။   ။မင်းတို့ သတိထားဖို့ တရုတ်နှစ်ကူးမှာ တရုတ်ဗေဒင်ဆရာတယောက်က ဟောတာ ပြောရမယ်။

ဖိုးရှုပ်။   ။ ဟုတ်လား ဘာတွေ ဟောထားသလဲ။

ရုက္ခစိုး။   ။ဒီနှစ်က အရင်နှစ်တွေထက် ပိုပြီး ပဋိပက္ခတွေ ပိုများမယ်တဲ့ ။ အထိအခိုက် အပျက်အစီး အသေအပျောက်တွေ ပိုများမယ်တဲ့။ဒါကြောင့် မင်းတို့ သတိထားကြ။

ဖိုးရှုပ်။   ။ဒါဆိုရင် ကျနော်တို့ ဗမာပြည်ဟာ ငရဲထက်တောင် ဆိုးရဦးမယ့်နှစ်ပေါ့။

ရုက္ခစိုး။   ။ငရဲထက်ဆိုးတာတော့ ကြာပေါ့ကွာ။ ငရဲပြည်ဆိုတာက မကောင်းတဲ့သူတွေကိုပဲ အပြစ်ပေးတာ။ ဗမာပြည်က စစ်အာဏာရှင်တွေက ကောင်းတဲ့သူတွေကို အပြတ်ရှင်းနေတာ။ ကြည့်ပါလား ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ကို လုံခြုံရေးအတွက် အကြောင်းပြပြီး စောင့်ရှောက်သလိုလို လုပ်ခဲ့ရာကနေ အခုတော့ နေအိမ်အကျယ်ချုပ်က ပြန်မလွှတ်တော့ဘူး။

ကြွက်စုတ်။   ။အင်း ဒီပဲရင်းမှာ လူသတ်တဲ့သူတွေကတော့ ဘာမှ အရေးယူမခံရဘူး။ အဲဒီမှာ ခံရသူတွေကိုတော့ ထောင်ထဲမှာ ထည့်ထားတုန်း။ ငရဲမင်းကြီးက သူ့ကို မင်းမတရားကြီးသန်းရွှေနဲ့ နှိုင်းလို့ ဒေါသတွေတောင် ထွက်လိမ့်ဦးမယ်။

ရုက္ခစိုး။   ။ သေချာတာပေါ့ကွာ။ ဒါပေမယ့် အဲဒီလောက် ဆိုးယုတ်တဲ့သူနဲ့ ပေါင်းခိုင်းတဲ့ နိုင်ငံရေးလူပျက်တွေ အခုတလော ခေါင်းထောင်နေကြတယ်ကွ။

ဖိုးရှုပ်။   ။ဟုတ်လား ဘယ်သူတွေလဲ ခင်ဗျ။

ရုက္ခစိုး။   ။ဘယ်သူရှိရမှာလဲကွာ။ အေးလွင်တို့ ဒေါက်တာစိုးလင်းတို့ အုပ်စုတွေပေါ့။

ဖိုးရှုပ်။   ။ သူတို့က ဘာပြောလို့လဲ ဦးရုက္ခစိုး။

ရုက္ခစိုး။   ။သူတို့က  အတိုက်အခံနိုင်ငံရေးသမားတွေဟာ မှားတယ်။ တည်ဆဲစစ်အစိုးရနဲ့ ပေါင်းပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို လုပ်ကြဖို့ အကောင်းဆုံးပဲတဲ့။

ကြွက်စုတ်။   ။ ဒါဖြင့် အတိုက်အခံတွေကို ရက်ရက်စက်စက်နှိပ်ကွပ်နေတဲ့ တည်ဆဲစစ်အစိုးရကိုတော့ ဘာများပြောသလဲ။

ရုက္ခစိုး။   ။ဟ ဘာပြောရဲမှာလဲကွ။ အခုတောင် စစ်အစိုးရက ပွဲထုတ်ပေးလို့ လူထုမြင်ကွင်းကို ထွက်လာကြတာလေ။ ဒီနေ့ စစ်အစိုးရကို ဝေဖန်ရင် နောက်ရက်မှာ ထောင်ထဲ ရောက်မှာပေါ့။  

ဖိုးရှုပ်။   ။အော် ဒါဆိုရင် ထောင်အကျခံ အသက်အဆုံးခံပြီး စစ်အစိုးရကို ဝေဖန်နေတဲ့ နိုင်ငံရေးသမားတွေကို သူတို့က ဘာဖြစ်လို့ အပြစ်ပြောနေတာလဲ။

ရုက္ခစိုး။   ။ စစ်အစိုးရအကြိုက် လိုက်လုပ်တာပေါ့ကွာ။ ခေတ်အဆက်ဆက်မှာ ဒီလို နိုင်ငံရေးလူပျက်တွေ  ပေါ်လာစမြဲပဲကွ။ အာဏာရှိတဲ့သူကို ဖော်လံဖားပြီး အရိုးအရင်းလေးများ စားရမလားလို့ မျှော်တဲ့သူတွေပေါ့ကွာ။

ကြွက်စုတ်။   ။ ဒါနဲ့ သူတို့က ဘာအဖွဲ့တွေလဲဗျ။

ရုက္ခစိုး။   ။ အေးလွင်ကတော့ မင်းကိုနိုင်တို့ အဖွဲ့နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ၈၈မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)တဲ့။ ဒေါက်တာစိုးလင်းဆိုတဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အန်အယ်လ်ဒီအဖွဲ့နဲ့ ယိုးမှားအောင်  ဝံသာနု အန်အယ်လ်ဒီ တဲ့။

ကြွက်စုတ်။   ။ ကြားရတာတော့ တော်တော် ကြောင်သူတော်ဆန်တာပဲ။ ကိုယ့်ဖာသာသတ္တိရှိရင် ဒီလို ထင်ယောင်ထင်မှားနာမည်တွေနဲ့ မဖွဲ့ဘဲ လုံးလုံးကွဲပြားတဲ့ နာမည်တွေ မှည့်ဖို့ ကောင်းတာပေါ့။

ဖိုးရှုပ်။   ။ အ ပါ့ ငကြွက်ရယ်။ သတ္တိမရှိလို့မှ စစ်ရာဇဝတ်ကောင်တွေနဲ့ သွားပေါင်းတာပေါ့ကွ။ ငတ်ကြီးကျလို့မှ အာဏာရှင်ကို ပါးယက်နားယက်သွားလုပ်နေတာပေါ့ကွ။

ရုက္ခစိုး။   ။ သူတို့ ပြောပုံအရ ဆိုရင်တော့ စစ်အစိုးရက တိုင်းပြည်ကောင်းကျိုးလုပ်နေတာကို အတိုက်အခံတွေက အားမပေးဘဲ ဖျက်လိုဖျက်ဆီးလုပ်နေလို့ ဗမာပြည်ကြီးဟာ ဒီမိုကရေစီနဲ့ ဝေးနေရတယ်ပေါ့ကွာ။

ဖိုးရှုပ်။   ။ ဘာတဲ့ ဦးရုက္ခစိုးရဲ့။ စစ်အာဏာရှင်တွေက တိုင်းပြည်ကောင်းကျိုးလုပ်နေတယ်တဲ့ ဟုတ်လား။

ရုက္ခစိုး။   ။ အေးလကွာ အေးလွင်နဲ့ စိုးလင်းကတော့ ဒီလိုပဲ ပြောနေတာပဲ။

ကြွက်စုတ်။   ။ ရှုပ်ရှုပ်မျိုးဆက်ကျောင်းသားခေါင်းဆောင်အေးလွင်နဲ့ ဒေါက်ဖြုတ်စိုးလင်းလို့တောင် နာမည်ပြောင်းဖို့ ကောင်းနေပြီနော်။

ရုက္ခစိုး။   ။ အင်း သူတို့က တိုင်းပြည်ကောင်းကျိုးကို အားထုတ်လုပ်ဆောင်နေတယ်လို့ ပြောတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက  အခုအချိန်မှာ ဘာလုပ်နေသလဲ သိလား။

ဖိုးရှုပ်။   ။ ပြောစမ်းပါဦး သတင်းထူးလေး သတင်းဦးလေး။

ရုက္ခစိုး။   ။ သန်းရွှေက နေ့တိုင်း ရေကျော်မောင်အေးလက်ဘက်ရည်ဆိုင်ကနေ စမူဆာတွေ မှာစားနေတယ်တဲ့ကွ။

ဖိုးရှုပ်။   ။ ဟုတ်လား ဘာဖြစ်လို့လဲ။

ရုက္ခစိုး။   ။ မောင်အေးကို ကက်ကင်းရိုက်ပြီး အစီအရင် လုပ်နေတာပေါ့ကွာ။ မောင်အေးစမူဆာ ကို စားတော့ ဗိုလ်ချုပ်ကြီးမောင်အေး နာမ်နိမ့်တာပေါ့ကွာ။

ကြွက်စုတ်။   ။ ဒါကို မောင်အေးကကော မသိဘူးလား။

ရုက္ခစိုး။   ။သိလိုက်သမှကွာ။ သူကလည်း သူ့တပည့်တွေကို အုန်းပင်တွေချည်း အတင်းစိုက်ခိုင်း နေတယ်တဲ့ကွ။ မောင်အေးနဲ့ အုန်းပင်ကလည်း ကက်ကင်းမိတယ်ဆိုကိုး။ အုန်းပင်တွေများလေ မောင်အေးတန်ခိုးထွားလေ တဲ့လေကွာ။

ဖိုးရှုပ်။   ။ ဟားဟား  တော်တော် တိုင်းကျိုးပြည်ပြုတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။ ဒီလို ပုဂ္ဂိလ်ကြီးတွေနဲ့ ပေါင်းပြီး ဗမာနိုင်ငံတော်သစ် တည်ဆောက်ရမှာပေါ့ ဟုတ်လား။

ရုက္ခစိုး။   ။ ကိုယ့်အာဏာတည်မြဲဖို့ကလွဲပြီး ဘာမှမစဉ်းစား၊ ကိုယ့်အာဏာမြဲဖို့အတွက် ဘိုးတော်တွေ ဗေဒင်ဆရာတွေ ခိုင်းတဲ့အတိုင်း လိုက်လုပ်နေတဲ့ စစ်အာဏာရူးတွေနဲ့ အေးလွင်တို့ စိုးလင်းတို့ ပေါင်းပြီး လုပ်လိုက်ရင် ဘာဖြစ်မယ်ထင်သလဲကွ။

ကြွက်စုတ်။   ။ အော် ဒါတော့ ဘယ်ဗေဒင်ဆရာမှ မေးစရာ မလိုပါဘူးဗျာ။ ကျနော် ဧကန်သ ပြောနိုင်ပါတယ်။

ရုက္ခစိုး။   ။ကဲ ပြောစမ်းပါဦး။

ကြွက်စုတ်။   ။ ဗမာပြည်မြေပုံ ဒီကမ္ဘာပေါ်က ပျောက်သွား မှာကလွဲလို့ တခြား မရှိပါဘူးခင်ဗျား။    ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.