ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၇)
ရန်ကုန်သားတာတေ
ရုက္ခစိုးတဦးတည်း … အပေါ်အောက် ပိတ်ဖြူ ပတ်ထားပြီး ညောင်ပင်ကိုပတ်လျှောက်လိုက်၊ မျက်လုံးမှိတ်ပြီး ခြေနှစ်ချောင်း စုံရပ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်၊ လျှောက်လွှာစာရွက်အရွယ် စက္ကူတရွက်ကို ကိုင်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသည်။
တကြိမ်တွင် ရုက္ခစိုးက လက်ထဲ၌ ကိုင်ထားသော လျှောက်လွှာစာရွက်ကို မာန်ပါပါနှင့်လုံးခြေပြီး ပစ်ပေါက်မည် ပြင်လိုက်ရာ…
ကြွက်စုတ်။ ။ ဟာ… ဦးရုက္ခစိုး… ဖိုးသူတော်ဖြစ်သွားပြီလား …။
ဖိုးရှုပ်။ ။ ဘယ်ကလာ ဖိုးသူတော်ရမှာလည်း … ပါဖောင်းမင့်ရှိုးကွ …။
ရုတ်တရက် ကြွက်စုတ်တို့ ရောက်လာသောကြောင့် ရုက္ခစိုး ကြောင်အန်းအန်းဖြစ်သွားသည်။
ရုက္ခစိုး။ ။ အာ … ကြွက် … ကြွက်စုတ် … မင်း … မင်းတို့ ... ဘယ်လို ရောက်လာတာလဲ …။
ရုက္ခစိုးက သူတဦးတည်း ဘယ်သူမှမရှိဟုထင်မှတ်ကာ ဟိုတလောက ချင်းမိုင်ရှိ ပန်းချီပြခန်းတခုတွင် နာမည်ကြီး ပန်းချီဆရာတဦး၏ ပါဖောင်းမင့် အနုပညာပြပွဲကိုကြည့်ပြီး သူစိတ်ကူးပေါ်သည့်အတိုင်း သရုပ်ဖော်နေခိုက် ကြွက်စုတ်တို့ ရောက်လာသည့်အတွက် ရုက္ခစိုးမှာ သူခိုးလူမိသလိုဖြစ်သွားသည်။
ရုက္ခစိုးက လေပျော့ကလေးဖြင့် ပြောလိုက်သည် …။
ရုက္ခစိုး။ ။ ဘာမှ မဟုတ်ပါဘူးကွာ … သင်္ကြန်တွင်း ဥပုသ်ဝင်ရင် အဆင်ပြေအောင် နည်းနည်းကြိုပြင်ဆင်ကြည့် နေတာပါကွ …။
ရုက္ခစိုးအပြောကို ဖိုးရှုပ်က ခြောက်ကပ်ကပ်နှင့် ရယ်လိုက်သည် …။
ဖိုးရှုပ်။ ။ အဟတ် … ဟား … ဟား … ဟား … မသိရင်ခက်မယ် ဦးရုက္ခစိုးရာ ... ဟို ပန်းချီဆရာ ပါဖောင်းမင့်လုပ်တာကို မြင်ပြီး တယောက်တည်း ပြန်လုပ်နေတာမဟုတ်လား … ဟိုကသုံးတဲ့ပိတ်ဖြူက ထောင်ဝတ်စုံကို ခံစားလို့ရအောင် သုံးတာဗျ၊ သူက နိုင်ငံရေး အကျဉ်းသားဟောင်းလေ …။
ကြွက်စုတ်။ ။ အေးကွ ... ဖိုးရှုပ်ပြောမှ ငါလည်းသတိရတော့တယ် … We are not painters; we are paintings လို့တောင် အော်သေးတယ်လေ … ဦးရုက္ခစိုးကတော့ ငါ့မျက်စိထဲမှာ ပါဖောင်းမင့်ကို မဖြစ်တာ ...။
ရုက္ခစိုးက သူ့အတင်းအဖျင်းကို ပြောင်ပြောနေသော ဖိုးရှုပ်နှင့် ကြွက်စုတ်ကို အမြင်ကပ်ကပ်နှင့်ကြည့်နေပြီး …
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ … တော် … တော် … ကွာ … မင်းတို့လာတာ ဘာသတင်းထူးလဲ ဆိုတာပဲပြော …။
ဖိုးရှုပ်။ ။ ဘာသတင်းထူးလဲ … ဆိုတော့ … ဒီနေ့ ချစ်သူများနေ့ (Valentine Day) လေ … ချစ်သူတွေသတင်းပေါ့ … ရန်ကုန်မှာတော့ ပျော်ပွဲရွှင်ပွဲ ဂီတပွဲတွေလုပ်ဖို့ ပြင်နေကြဆိုလား … ဦးရုက္ခစိုးရော နှင်းဆီပန်းတွေဘာတွေ
ဝယ်ထားသေးလား …။
ဖိုးရှုပ်၏ ရွှတ်နောက်နောက်အပြောကို ရုက္ခစိုးက ပြန်ဘုတောလိုက်သည် …။
ရုက္ခစိုး။ ။ မင့်ဂျီးဒေါ် ပေးဖို့လား …။
ဖိုးရှုပ်။ ။ အံမယ် … ဦး ရုက္ခစိုးမှာ ချစ်သူရှိရင်လည်း ကျနော့် ဂျီးဒေါ်အရွယ်လောက်ပဲဖြစ်မှာပါ …။ တချို့နိုင်ငံတွေမှာဆို အပျိုစင်ဘ၀ကို ဘယ်အသက်ထိ ထိန်းသူရာနှုန်း၊ ဆယ်ကျော်သက်အရွယ်နဲ့ မိခင်ဘ၀ရောက်သူ ရာနှုန်း၊ ကွန်ဒုံးသုံးသူ မသုံးသူရာနှုန်းတွေကို စစ်တမ်းကောက်ပြီး အဲဒီ ချစ်သူများနေ့မှာ ထုတ်ပြန်ကြတယ်လေ …။
ရုက္ခစိုး၏မျက်နှာတွင် သူသိချင်သည့် မြန်မာ့အရေးမဟုတ်ဘဲ ကွန်ဒုံးတွေရော၊ အပျိုစင်တွေရောပြောနေသည့် ဖိုးရှုပ်အား အနည်းငယ် ကျွဲမြီးတိုစပြုလာနေပြီဆိုသည်ကို အကဲခတ်မိသော ကြွက်စုတ်က ကြားဝင်လိုက်သည်။
ကြွက်စုတ်။ ။ ဖိုးရှုပ်က အလကား … ဦးရုက္ခစိုးကို နောက်နေတာ … မနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ နေရာတော်တော်များများမှာ လုပ်ကြတယ်ခင်ဗျ …။
ကြွက်စုတ်၏ သတင်းစကားကြောင့် ရုက္ခစိုး၏မျက်နှာ ပြောင်းသွားသည်။
ရုက္ခစိုး။ ။ မင်္ဂလာ သတင်းကောင်းပဲကွ … ဒီစစ်အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းကို လူတွေသတိမရအောင်၊ မသိတော့အောင် လုပ်နေတာ … နောက်မွေးတဲ့ ကလေးတွေဆို ဗိုလ်ချုပ်ကိုမသိတော့တာများတယ် … အခုလို ဖော်ထုတ်ပေးတာ ကောင်းတယ်ကွာ … ဒါဆို ဗိုလ်ချုပ်မွေးနေ့ ကလေးများနေ့ကျင်းပခွင့်ရတာပေါ့ … ၀မ်းသာ တယ်ကွာ …။
ဖိုးရှုပ်။ ။ သိပ်လည်းဝမ်းသာမနေနဲ့ဦး ဦးရုက္ခစိုးရဲ့ ... မနေ့က ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်ပုံ ပိုစတာကိုကိုင်၊ ဗိုလ်ချုပ်ပုံပါတဲ့ တီရှပ်အင်္ကျီကိုဝတ်ပြီး ရွှေတိဂုံ ဘုရားပေါ်တက်တဲ့ ညောင်တုန်းက ကျောင်းဆရာ ကိုထွန်းထွန်းကို ထောက်လှမ်းရေးတွေနဲ့ ဘုရားရဲတွေက ဘုရားပေါ်ကို တက်ခွင့်မပေးဘဲ ဆွဲချတယ်လေ …။
ကြွက်စုတ်။ ။ အဲဒါ ဟုတ်တယ် ဦးရုက္ခစိုး … နအဖက အခုတမျိုး တော်ကြာတမျိုးပါ၊ ယုံရတာတော့ မဟုတ်ဘူး … ၊ တိုင်းရင်းသား ခေါင်းဆောင်တွေပါတဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲလုပ်မယ့် စားသောက်ဆိုင်ကိုလည်း တဖက်လှည့်နဲ့ စည်ပင်ကို ပိတ်ခိုင်းလိုက်တယ် …။
ဖိုးရှုပ်။ ။ အဲဒီ ပြည်ထောင်စုနေ့ အကြိုနေ့ကလည်း နအဖက သူတို့သပ်လျှိုလို့ကွဲသွားတဲ့ ကေအန်ယူ ခွဲထွက်အဖွဲ့ ဗိုလ်မှူးချုပ် ထိန်မောင်တို့ အဖွဲ့ကိုတော့ တခမ်းတနား ကြိုဆိုပွဲလုပ်တယ်လေ …။
ရုက္ခစိုး။ ။ အဲဒါက ကြိုဆိုပွဲမဟုတ်ဘူးကွ … သူတို့ အောင်ပွဲခံတာကို တခမ်းတနားကျင်းပတာ … မင်းတို့ စဉ်းစားကြည့် … အဲဒီကေအန်ယူ ခွဲထွက်အဖွဲ့က တကယ်တော့ နအဖအောက် သွားအညံ့ခံတာကွ … အဲဒါကို နအဖက ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးသုံးပြီး ကျောသပ်ပြီး အောင်ပွဲခံတာပဲ …။
ကြွက်စုတ်။ ။ ဟိုတလောကလည်း မီဒီယာနဲ့နိုင်ငံရေးသမားကို သွေးကွဲအောင် လှည့်တိုက်ပေးထားသေးတယ် … အင်္ဂါနေ့ ၀တ်ပြုဆုတောင်းပွဲ လုပ်နေတဲ့အမျိုးသမီးကို အမျိုးမျိုးနှောင့်ယှက်ရုံတင်မဟုတ်ဘူး … အောက်တန်းအင်မတန်ကျတဲ့ စကားလုံးတွေသုံးပြီး ဆောင်းပါးရေး ... ဂျာနယ်တွေမှာ ထည့်ခိုင်းတယ် …။
ဖိုးရှုပ်။ ။ ဒါ တမင်လုပ်တာလေ … အဲဒါကြောင့် အရေးခံရသူက ဆောင်းပါးထည့်တဲ့ ဂျာနယ်တွေကို တရားစွဲ ... တခါ ဂျာနယ်တွေက ပြန်တုံ့ပြန် ... အဲဒီလိုဖြစ်အောင် …။
ကြွက်စုတ်။ ။ ဒါပေမယ့် ဂျာနယ်တွေကလည်း နအဖအာဏာပိုင်တွေ ထည့်ခိုင်းလို့ထည့်ရတာလေ … ဟို အမျိုးသမီးကို နစ်နာစေချင်လို့မဟုတ်ဘူး … ( ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့ ပေါင်းစားတဲ့ တန်ပြန်မီဒီယာအဖွဲ့က ဂျာနယ်တွေ ကတော့ နစ်နာစေချင်မှာပေါ့ ...) အဲဒီလိုပြဿနာကို မီးရှို့ပေးနေတာ …။
ရုက္ခစိုး။ ။ အင်း … မီဒီယာသမားနဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေးသမားနဲ့ ၀န်ထမ်း၊ ၀န်ထမ်း အချင်းချင်း၊ မီဒီယာသမား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ မကွဲကွဲအောင် … ပြည်ထောင်စုလည်း ပြိုကွဲအောင် သူတို့ပဲ ခွဲနေတာပဲ … ကွဲတာတွေကလည်း တော်တော်ကွဲကုန်ကြပြီ …။
ဖိုးရှုပ်။ ။ ဟိုအရင်ကမှ ခွဲရေးတွဲရေးဆိုတာ ရှိသေးတယ် …။
ကြွက်စုတ်။ ။ အေး ... အခု ကျတော့ …။
ဖိုးရှုပ်။ ။ အခု စစ်အုပ်စုကတော့ ခွဲရေးနဲ့ကွဲရေးပဲ လုပ်တော့တယ်လေ …။
ဖိုးရှုပ်၏ အဆုံးသတ်စကားအား ယခုတကြိမ်တွင် ရုက္ခစိုးက အပြုံးဖြင့် အပြည့်အ၀ ထောက်ခံကြောင်း ပြသလိုက် လေတော့သည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |