ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၇)
ရန်ကုန်သားတာတေ
ဒွိုင်ဆူထေ့တောင်မှာ ဘယ်အချိန်ကြည့်ကြည့် သစ်ရိပ်၊ ၀ါးရိပ်တို့ဖြင့် အမြဲစိမ်းလမ်းစိုပြည်လျက်ရှိသော်လည်း ယခုလို နွေကာလမျိုးတွင် အပူချိန်က အခြားနေရာများနှင့် နှိုင်းယှဉ်ကြည့်သော် သိပ်မကွာလှပေ။

ရုက္ခစိုးကြီးသည် သူ၏နတ်ကွန်းကို ဖိုးရှုပ်၊ ကြွက်စုတ်တို့၏ရုံးများကဲ့သို့ အဲယားကွန်း (လေအေးစက်) တပ်ချင်လှ၏။ သို့သော် အဲယားကွန်း တပ်ဖို့ သူ့ဆီမှာ ငွေစ၊ ကြေးစ မပြောနှင့် သံတို၊ သံစတောင်မရှိ။ ကံကောင်းထောက်မစွာဖြင့် ဘုရားဖူး သမျိုးသမီးတဦး မေ့ကျန်ခဲ့သည့် ဂျပန်ပြည်လုပ် ယပ်တောင်တချောင်း ကောက်ရထား၍သာ တော်သေးသည်ဟု ဆိုရပေမည်။
ထို့ကြောင့် တစုံတရာကို မကြေလည်သည့်ဟန်ဖြင့် ဂျပန်ယပ်တောင်ကို တဖျပ်ဖျပ်ခပ်ရင်း ညောင်ပင်အောက် ခေါက်တုံ့၊ ခေါက်ပြန် လမ်းလျှောက်၍ နေစဉ် …
ကြွက်စုတ်။ ။ ဟေး … သင်္ကြန်ပြီးတာဖြင့် တပတ်ကျော်နေပြီ၊ ဦးရုက္ခစိုးက အခုမှ ဘာဖြစ်လို့ ဂျပန်ယပ်တောင်လေးနဲ့ ဂေးရှားယိမ်းအက ကနေရတာတုန်း။ ဂျပန်မှာ ကခြေသည် သွားလုပ်မလို့လား။
ကြွက်စုတ်၏စကားကြောင့် နဂိုကမှ ပူစပ်ပူလောင်ဖြစ်နေသော ရုက္ခစိုးကြီး၏ မျက်နှာမှာ ကုလားအော်ငရုတ်သီး ထပ်စားလိုက်သလို နီမြန်းသွားပြီး ဒေါသတကြီး …
ရုက္ခစိုး။ ။ မင်းတို့ကောင်တွေကတော့ တနေ့တနေ့ အဲယားကွန်းအခန်းထဲမှာ ဇိမ်ကျနေတာဆိုတော့ ငါလိုဘ၀သမား တယောက် ယပ်ခပ်နေရတာကို ကိုယ်ချင်းမစာနိုင်ကြဘူးပေါ့။ မိုးကောင်းတုန်း ရွာထားကြဦးပေါ့ကွာ။
ဖိုးရှုပ်။ ။ ကျွန်တော်တို့က ချစ်လို့စတာပါဗျာ။ ကိုယ်ချင်းမစာလို့ ပြောတာမဟုတ်ပါဘူး။ ပူလွန်းလို့ ယပ်ခပ်တယ်ဆိုလဲ တနေရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ယပ်ခတ်ပေါ့။ အခုတော့ ဟိုလျှောက်၊ ဒီလျှောက်လုပ်နဲ့ မပင်ပန်းဘူးလား။
ရုက္ခစိုး။ ။ ဒီလောက်ပူပြင်းတဲ့ရာသီမှာ ဖြစ်နိုင်ရင် ကျောက်ရုပ်လို တုပ်တုပ်မလှုပ် နေချင်တာပေါ့ကွာ။ ဒါပေမယ့် တို့တိုင်းပြည်ရှေ့ရေး တွေးမိတော့ ရင်တွေပူလွန်းလို့ လမ်းလျှောက်နေတာကွ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း ဟိုသီချင်းထဲမှာ … ရင်တွေပူလာရင် ဘီယာဆိုင်ကိုသွားလိုက် … လို့ဆိုထားတယ် မဟုတ်လား၊ ရင်ပူတာပြေအောင် ဘီယာဆိုင်ကို သွားလိုက်ပေါ့။
ရုက္ခစိုး။ ။ အေး … မင်းတို့ကတော့ တိုင်းတပါးမှာ လွတ်လွတ်လပ်လပ်ဆိုတော့ သွားနိုင်ကြပေါ့ကွာ။ ပြည်တွင်းမှာတော့ အတိုက်အခံတွေကို တွေ့တဲ့အရပ်မှာ ရိုက်နှက်သတ်ဖြတ်ဖို့ ပြည်သူအတုအယောင်၊ ကြံ့ဖွံ့ကောင်တွေကို အာဏာကုန် ပေးလိုက်ပြီကွ။ ဒါကြောင့်မို့ ဟင်္သာတဘက်မှာ ကိုမြင့်အေးတို့ လူ့အခွင့်အရေးအဖွဲ့ကို ဒီကောင်တွေ ၀ိုင်းရိုက်ကြတာပေါ့။ ဒီပဲယင်းလူသတ်ပွဲလို အကြမ်းဖက်မှုကြီးတွေ ထပ်ဖြစ်နေဦးမယ်ဆိုရင် ဘယ့်နှယ်လုပ်ကြမလဲ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးရယ် … အိုးကမပူ၊ စလောင်းက ပူနေပြန်ပါပြီ။ အက်တိဗစ်တချို့နဲ့ အန်ဂျီအိုတချို့က ဒီကိစ္စကို အရေးတယူပြောနေကြတာ၊ လုပ်နေကြတာကလွဲလို့ ခေါင်းဆောင်ကြီးတွေက သိပုံတောင်မရဘူး။
ကြွက်စုတ်။ ။ အဲဒီလိုတော့လဲ မဟုတ်ပါဘူး ဖိုးရှုပ်ရာ၊ တို့ခေါင်းဆောင်ကြီးတွေလည်း သိတန်သလောက်တော့ သိကြပါတယ်။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းဖို့ကိုလည်း မဟာဗျူဟာတွေ ရေးဆွဲနေကြတယ်လေ။ နောက်ပြီး …
ရုက္ခစိုး။ ။ ဟေ့ကောင် ကြွက်စုတ်၊ ဗိုလ်ကျော်ဆန်း လေနဲ့ ငါတို့ကိုလာရှင်းမနေနဲ့။ ငါသိချင်တာက နိုင်ငံတကာနဲ့ ယူအန်ကိုချည်းပြီး အကူအညီတောင်းကြမှာလား။ ဒါမှမဟုတ် အတိုက်အခံတွေဘက်က ပြောင်ပြောင်တင်းတင်း ရပ်ကြဖို့ ပြည်သူတွေကို နှိုးဆော်မှာလား။ စသဖြင့်ပေါ့ကွာ သွေးထွက်သံယိုတွေ နောက်ထပ်မဖြစ်ရအောင် ဘယ်လိုလုပ်ကြမှာလဲ။
ဖိုးရှုပ်။ ။ ဟုတ်တယ်ဗျ။ ဦးရုက္ခစိုးပြောတဲ့ ပြည်သူအတုတွေ အုပ်စုဖွဲ့ပြီး အကြမ်းဖက်တာကိုပဲ အများဆန္ဒဖြစ်တယ်၊ ဒီမိုကရေစီနည်းလမ်းကျတယ်ဆိုတာကို သတင်းစာမှာ အကြယ်တ၀င့်ရေးထားတော့ နောက်ဆို အတိုက်အခံတွေဘက်က လှုပ်ရှားမှုတွေမလုပ်တဲ့အချိန်မျိုးမှာတောင် အိမ်ပေါ်အထိတက်ပြီး ရိုက်နှက်မယ့်ပုံမျိုး ဖြစ်နေတယ်။
ဇာတ်မတိုက်ထားဘဲ အတိုင်အဖောက်ညီနေသော ဖိုးရှုပ်နှင့် ရုက္ခစိုးကြီးတို့အား အာဂျင်ဒါ ပြောင်းပေးရန် ကြွက်စုတ် တယောက် ကြိတ်၍အကြံထုတ်နေလေ၏။ ၎င်းအပြင် နေပူကြီးထဲ အပင်ပန်းခံ၍ ဒွိုင်ဆူထေ့သို့ လာမိခြင်းကို မှားသည်ဟု တွေးနေလေ၏။
ထိုစဉ် … တီတီတီတာတာတာ … တီတီတီတာတာတာ …။ ဖိုးရှုပ်၏ ဟန်းဖုန်းမြည်သံပင် …
ဖိုးရှုပ်။ ။ ဟယ်လို ပြောပါ။ ဟုတ်ကဲ့ ဖိုးရှုပ်ပါ။ ဟုတ်လား ဘယ်အချိန်က ဖမ်းသွားတာလဲ၊ … ဟုတ်ကဲ့ ဟုတ်ကဲ့။ ဘယ်လို … သြော် ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်။
ဖိုးရှုပ်။ ။ သတင်းထူးပြန်ပြီဗျို့၊ ဦးအုန်းသန်းကို ဖမ်းလိုက်ပြန်ပြီတဲ့ဗျ။
ရုက္ခစိုး။ ။ သိမ်ကြီးဈေးရှေ့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲမှာပါတဲ့ ဦးအုန်းသန်းလား။ ဟိုတလောကဘဲ ရက်ပိုင်း အဖမ်းခံရပြီး ပြန်လွတ်တာမှ မကြာသေးဘူး၊ ဘာလို့ ထပ်ဖမ်းရတာလဲ။
ဖိုးရှုပ်။ ။ နေ့လယ် ၃ နာရီလောက်က သိမ်ကြီးဈေးနားမှာပဲ တကိုယ်တော်ဆန္ဒပြလို့ အဖမ်းခံရတာ။ ၀ိုင်းကြည့်နေတဲ့ သာမန်လူတွေကြားမှာပဲ အရပ်ဝတ်နဲ့လူတွေက ဖမ်းပြီး ပန်းပဲတန်းရဲစခန်းကို ခေါ်သွားတာတဲ့။
ကြွက်စုတ်။ ။ ဖြစ်မှ ဖြစ်ရလေကွာ။ သူ့ကိုရော ကြံ့ဖွံ့တွေက ၀ိုင်းရိုက်သေးလားကွ။
ဖိုးရှုပ်။ ။ တယောက်တည်းဆန္ဒပြတာမို့လားမသိဘူး၊ ဒါတောင် တယောက်က ဦးအုန်းသန်းရဲ့လက်ကို နောက်ပြန် လိမ်ချိုးပြီး ခါးပိုက်နှိုက်ဖမ်းသလိုမျိုး ခေါ်သွားတာလို့လဲ ဆို့စ်က ပြောတယ်။
ရုက္ခစိုး။ ။ ဒီအတိုင်းဆိုရင်တော့ အခြေအနေတွေက တနေ့တခြား ပိုပိုပြီး ဆိုးနေပြီပေါ့ကွ။ ပြည်တွင်းက ပုဂ္ဂိုလ်တွေ ကတော့ဟေ့ … တကယ့်ကို ကြောက်သွေးမှန်သမျှ ဖောက်ထုတ်ထားပုံပဲ။ ဒါနဲ့ မင်းတရားကြီးရဲ့ သမီးမင်္ဂလာဆောင် ဗီစီဒီ လက်ဝယ်တွေ့မှုနဲ့ ဖမ်းထားတဲ့ ကိုတင်ဌေးနဲ့ ကိုသန်းထွန်း အခြေအနေ ဘယ်လိုတွေ ဖြစ်နေပြီလဲ။
ရုက္ခစိုးကြီးက ယပ်တောင်လေး တဖျပ်ဖျပ်လုပ်ရင်း ပြောလဲပြော မေးလဲမေး လုပ်နေလေ၏။
ကြွက်စုတ်။ ။ ကြားရသလောက်တော့ အာမခံမပေးချင်လို့ ရုံးချိန်းတွေ အထပ်ထပ်ချိန်းနေတယ်လေ။ နောက်ပြီး ကိုတင်ဌေးနဲ့ ကိုသန်းထွန်းကို အားပေးဖို့ ရုံးချိန်းကိုလိုက်သွားတဲ့ ကိုမင်းကိုနိုင်တို့ကိုလည်း တရားရုံးထဲကို ပေးမ၀င်ချင်လို့ အမျိုးမျိုးရစ်နေတာပေါ့ဗျာ။
ဖိုးရှုပ်။ ။ ဒါတွေက ပြည်တွင်းမှာ ဖြစ်နေတာတွေဗျ။ နယ်စပ်မှာရော ဘာထူးလို့တုန်း။ ဗိုလ်မှူးချုပ်ထိန်မောင်ကို ကျောထောက်နောက်ခံပေးပြီး ကေအန်ယူ တပ်တွေကို ၀င်တိုက်ခိုင်းတာ၊ ဇာတ်တူသား စားခိုင်းတဲ့အပြင် ဒုက္ခသည်စခန်း တွေကိုပါ မီးရှို့မယ်၊ ၀င်တိုက်မယ်လို့ သတင်းလွှင့်နေတော့ ဒုက္ခသည်တွေခမျာလည်း ကျီးလန့်စာစားနေရသလို မလုံမခြုံ ဖြစ်နေကြတာပေါ့ဗျာ။
ရုက္ခစိုး။ ။ ဒီစစ်တပ်က လက်သံကတော့ ပြောင်သဟေ့။ နှိပ်စက်တဲ့နေရာမှာတော့ ထောင့်စိသကွ။
ကြွက်စုတ်။ ။ သူတို့က သူများကိုနှိပ်စက်ဖို့သာ လက်သံပြောင်တာ၊ ကိုယ့်အလှည့်ကျတော့ သေမှာ၊ နာမှာကို သိပ်ကြောက်တာ။ ပြီးခဲ့တဲ့သင်္ကြန်တုန်းက နအဖ တဖွဲ့လုံး နေပြည်တော်မှာ ကမြင်းကြောထဖို့ စီစဉ်ထားပြီးမှ ကျန်မာရေး
ဝန်ကြီး ဒေါက်တာကျော်မြင့်က ဒီလိုရာသီဥတုမျိုးမှာ ရေကစားကြရင် အကုန်လုံး ဖျား၊ နာကုန်ကြမယ်ဆိုတာနဲ့ အိနြေ္ဒတောင်မဆယ်နိုင်ဘူး။ နေပြည်တော်ကနေ ပြေးလိုက်ကြတာ တန်းနေတာပဲ။
ဖိုးရှုပ်။ ။ ရူးပါ့ကွာ … တကယ်တော့ သင်္ကြန်ရေဆိုတာ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ဆီမပါအောင် အတာရေနဲ့ ဆေးကြောတဲ့ပွဲမဟုတ်လား။ အလွန်အကျွံမဖြစ်ရင်ပြီးတာပဲ။ သူတို့ထင်သလိုသာဖြစ်မယ်ဆိုရင် ရှေးအဆက်ဆက်ကတည်းက ရိုးရာမပျက်ဆင်နွှဲလာတဲ့ သင်္ကြန်ပွဲကြောင့် ပျဉ်းမနားသားဆိုတာ မြန်မာပြည်မှာရှိမှာ မဟုတ်တော့ဘူးပေါ့။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |