#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၆)
ရန်ကုန်သားတာတေ

နှစ်သစ်ကူး မဟာသင်္ကြန် ရေသဘင်ပွဲကြီးကား ပြီးသွားပေပြီ။
ပျော်သူလည်း ပျော်ကြ၊ မပျော်နိုင်သူလည်း မှိုင်တွေကြရသည့်ဖြစ်ရပ်များ ကျန်ရစ်ခဲ့သည်။

ထုံးစံဟုပင် ပြောရမည်လား … ပျော်ရွှင်စရာနှင့် တတွဲတည်း ရယ်စရာ မောစရာများလည်း ကပ်လျက် ပါရှိတတ်သည်ပဲ …။

လူ့သဘာဝ ပျော်ရွှင်စရာနှင့်ကြုံလျင် ရယ်ကြရသော်လည်း ၀မ်းနည်းပူဆွေးဖွယ် ဒုက္ခနှင့် ကြုံရလျင်တော့ ရင်မောကြရ သောကြောင့် ရှေးပညာရှိများက ရယ်စရာနှင့် မောစရာကို တွဲလျက် အသုံးရှိကြသည်လား မပြောတတ် …။ ရယ်စရာ၏ နောက်တွင်လည်း မောစရာကပါလာတတ်သည်မဟုတ်ပါလား … ရယ်စရာ မောစရာ …။

ယခုလည်း ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလ အပျော်ကျူးကြရာမှ လူပေါင်း ၃၀၀ ကျော်သေဆုံးပြီး ၄၀၀၀ ကျော် ဒဏ်ရာရသူ ရကြသည်ဟု သတင်းဌာနများက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှာရော … ရုက္ခစိုးက ပူပန်စိတ်ဖြင့် တဦးတည်း ညောင်ပင်ကို မှီထိုင်နေရင်း နှစ်သစ်ကူးကာလအကြောင်း တွေးတောနေမိသည်။

`မြန်မာနိုင်ငံမှာရော´ … ရုက္ခစိုးနှုတ်မှ ရုတ်တရက် အသံပါထွက်သွားလေရာ … တိုးတိုးတိတ်တိတ် ရောက်ရှိနေသော ဖိုးရှုပ်က …

ဖိုးရှုပ်။     ။ မြန်မာနိုင်ငံမှာတော့ … နိုင်ငံတ၀န်း နှစ်သစ်ကူး ပျော်ရွှင်ကြည်နူးဖွယ်ရာ အတည့်နဲ့ ပြည်စုံကြောင်းပါ ဦးရုက္ခစိုး ခင်ဗျား …။

ရုက္ခစိုးက ရုတ်တရက် ကြောင်စီစီဖြစ်သွားရာမှ …

ရုက္ခစိုး။     ။ ဟေ့ကောင် … မင့်ကို နေပြည်တော်က ဘာတွေ ကျွေးလိုက်မွေးလိုက်လို့ လေသံပြောင်းသွားတာလဲ … ဟိုဟာ ငုံပြောရင်တောင် ယုံနိုင်စရာမရှိဘူး …။

ဤတွင် ကြွက်စုတ်ကပါ ပုန်းအောင်းနေရာမှ ထွက်လာပြီး မျက်ခုံးလေးပင့်၍ ၀င်ပြောလိုက်သည်။

ကြွက်စုတ်။     ။ အာ … ဦးရုက္ခစိုးကလည်း အဆိုးမြင်ဝါဒီ ဖြစ်နေပြန်ပြီ … အခု မြန်မာနှစ်ဆန်းမှာ နိုင်ငံတော်အကြီးအကဲ တပ်ချူပ်ကြီးကစပြီး ကောင်းမှုကုသိုလ်တွေ တဝေေ၀နဲ့ မြန်မာတပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျော်ရွှင်ကြည်းနူးဖွယ်ရာ အပြည့်ဖြစ်နေကြာင်း ဒီနေ့သတင်းစာ တစောင်လုံး ဓာတ်ပုံတွေနဲ့ အပြည့်တွေ့ရှိရမှာ ဖြစ်ပါတယ် … ဖတ်ကြည့်ပါခင်ဗျ …။

ဖိုးရှုပ်တို့နှစ်ဦး၏ လေသံကြောင့် ရုက္ခစိုးမှာ ခိုးလို့ခုလု ဖြစ်၍သွားသည်။

ရုက္ခစိုး။     ။ အောင်မာ … မင်းတို့က ငါ့ကို သတင်းနဲ့ ဝေးနေတယ်များ မှတ်နေလား … မင်းတို့ သင်္ကြန်တတွင်းလုံး သတင်းစာကိုပြန်ကြည့်၊ နေပြည်တော် သင်္ကြန်အကြောင်း လုံးဝမပါဘူးဆိုတာ သိလား …။

ရုက္ခစိုး၏ ပြန်လည်ချေပလိုက်သည့် စကားအပြီး ဖိုးရှုပ်တို့နှစ်ဦး ငြိမ်သွားကြသည်။ ရုက္ခစိုးက ဆက်ပြောလိုက်သည်။

ရုက္ခစိုး။     ။ မယ်တော် ကြိုင်ကြိုင်တောင် မန်းသင်္ကြန်မှာလေ … မဏ္ဍပ်ဖွင့်ပွဲတွေဘာတွေလုပ်ပြီး ဂါရ၀ပြုခံနေသေး …။

ထိုအခါတွင်မှ ဖိုးရှုပ်က လေပြေ၀င်ထိုးလိုက်သည်။

ဖိုးရှုပ်။     ။ ဟို ဦးရုက္ခစိုးကလည်း … ကျနော်တို့က သတင်းချင်း ဖလှယ်နေကြဆိုတော့ … ကိုယ်သိတာ ကိုယ်ပြောတဲ့ သဘောပါ …။

ကြွက်စုတ်။     ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရဲ့ … နှစ်သစ်မှာ စိတ်သစ်လူသစ် ဘ၀သစ်အတွက် သက်ရှည်ကျန်းမာစေဖို့ စိတ်ကို ပျော်ရွှင်လန်းဆန်းသွားအောင် ကျနော်တို့က စတာပါ … ကျွဲမြီးမတိုပါနဲ့ …။

ဖိုးရှုပ်။     ။ ဟော … အခုဆိုရင် နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းဆိုရင် ကျန်းမာရေးမကောင်းလို့ အနားယူရ တော့မယ်တဲ့ …။

ဖိုးရှုပ်ကလည်း ဆက်တိုက်ဝင်ပြောလိုက်သောကြောင့် ခိုးလို့ခုလုဖြစ်နေသောရုက္ခစိုး နည်းနည်း စိတ်ပြေသွားသည်။

ရုက္ခစိုး။     ။ မင့် ဘယ်သူပြောလဲ … နအဖ၀န်ကြီးချုပ် နားတော့မယ်ဆိုတာ … နောက်တသက်တောင် အာဏာမြဲအောင် လုပ်နေကြတာ … သတင်းစာမှာပါတာ ငါမတွေ့ဘူး …။

ကြွက်စုတ်။     ။ အင်တာနက်သတင်းမှာပါတယ် ဦးရုက္ခစိုးရဲ့ … ဒါမျိုးက အစိုးရသတင်းစာမှာ ဘယ်ပါလိမ့်မလဲ …။

ဖိုးရှုပ်။     ။ ဟုတ်တယ် ဦးရုက္ခစိုးရဲ့ … သွေးကင်ဆာဖြစ်နေဆိုလား … သူ့နေရာကို တွင်း (၁) ဗိုလ်ချုပ်ကြီးသိန်းစိန်ကို နေရာပေးဖို့ရှိတယ်လို့တောင် ကြားနေတယ် … အဲဒီ တွင်း (၁) ကလည်း နှလုံးရောဂါနဲ့တဲ့ …။

ရုက္ခစိုးက စဉ်းစားနေသကဲ့သို့ တချက်ငြိမ်သွားပြီး …

ရုက္ခစိုး။     ။ အေး … ဦးသန်းရွှေကလည်း ခပ်ယဲ့ယဲ့ကွ … ဟိုတနေ့က သင်္ကြန်တွင်း သူ့ အထက်မြန်မာပြည် မန္တလေး၊ မေမြို့ ခရီးစဉ်သတင်းတွေကို MRTV မှာပြတာ ငါကြည့်လိုက်ရတယ်ကွ … သူ ဘုရားမီးပူဇော်တာ လက်ကတုန်နေတယ် …။

ကြွက်စုတ်။     ။ အဲဒါ … သူတို့တဖွဲ့လုံး အကုသိုလ် စ၀င်နေပြီနဲ့တူတယ် …။

ဖိုးရှုပ်။     ။ အကုသိုလ်ဟုတ်လား … သူတို့ကို ၀င် မ၀င်တော့ မသိဘူး … နှစ်သစ်အခါကြီးရက်ကြီးထဲမှာ သူတို့က ကုသိုလ် ကောင်းမှုတွေ ဝေနေသယောင်နဲ့ … ကရင်တိုင်းရင်းသား အချင်းချင်း သတ်လျှိုပေးပြီး တိုက်ခိုက်ခိုင်းနေတာတွေ … တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျင့်ရှင်းထန်အိမ်ကို ဖျက်ခိုင်းနေတာတွေ … အများပြည်သူတွေကိုတော့ ဒုက္ခတွေဆက်တိုက်ပေးနေတယ်လေ …။

ရုက္ခစိုး။     ။ အေး … မင်းတို့ပြောမှ ပြောရဦးမယ် … မင်းတို့ လူ့အခွင့်အရေး ကူညီပေးရေးလုပ်နေတဲ့ ဦးမြင့်အေးတို့အဖွဲ့ အရိုက်ခံရတာရော သိပြီးပလား … နှစ်ယောက်တောင် ဆေးရုံပို့လိုက်ရတယ်တဲ့ …။

ကြွက်စုတ်။     ။ ဗျာ … ဘယ်လို … ဘယ်မှာအရိုက်ခံရတာလဲ … ဘယ်သူတွေရိုက်တာလဲ … ဘယ်တုန်းကလဲ … ဘာကြောင့်ရိုက်တာလဲ …။

ဖိုးရှုပ်။     ။ သတင်းထောက် ကြွက်စုတ်ပဲ လုပ်လိုက်ပါတော့ကွာ … ငါမပြောလိုက်ချင်ဘူး … မေးပုံက … အဲဒီတော့ ဘာဖြစ်သလဲလို့ မေးဦးလေ …။

ဖိုးရှုပ်က ကြွက်စုတ်၏ အမေးစကားကို အမြင်ကတ်သွားပြီး ၀င်ငေါ့လိုက်သည်ကို ရုက္ခစိုးက ဖြန်ဖြေလိုက်သည်။

ရုက္ခစိုး။     ။ မင်းတို့ကလည်းကွာ လိုရင်းမရောက်တော့ဘူး … ဦးမြင့်အေးတို့က ဟင်္သာတဘက်မှာသွားပြီး လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေလုပ်တာကို အာဏာပိုင်တွေက ဒီပဲယင်းလုပ်ကြံသလိုမျိုး ကြိုတင်စီစဉ်ပြီး ၀ိုင်းရိုက်တာတဲ့ … ရိုက်တာ ကြံ့ဖွံ့တွေလည်းပါသတဲ့ …။

ကြွက်စုတ်။     ။ သူတို့က လူ့အခွင့်အရေးကို အသံတောင်ကြားချင်တာမဟုတ်ဘူး … လူ့အခွင့်အရေး သိတဲ့လူတွေ မဟုတ်ဘူး …။

ရုက္ခစိုး။     ။ အေး … သူတို့က လူ့အခွင့်အရေးတော့ မသိဘူး … တိရစ္ဆာန်အခွင့်အရေးတော့ သိတယ်ကွ …။

ဖိုးရှုပ်။     ။ ဘယ်လို … တိရစ္ဆာန်အခွင့်အရေး … ဟုတ်လား …။

ရုက္ခစိုး။     ။ အေးလေ … မတရား ဖမ်းဆီးထောင်ချထားသူတွေကိုတော့ ပြန်လွှတ်မပေးဘူး … နှစ်ဆန်းတရက်နေ့က နအဖတဖွဲ့လုံး သားတော်သမီးတော်၊ မိဖုရားတွေပါမကျန် မေမြို့ ကန်တော်ကြီးမှာတော့ ငါးတွေသွားလွှတ်ကြတယ်လေ …။

ကြွက်စုတ်။     ။ တိရစ္ဆာန်အခွင့်အရေး သိသူတွေဆိုတော့ … ဘယ်လိုပြောမလဲ …။

ရုက္ခစိုး။     ။ အဲဒါတော့ မင်းတို့ပဲ ဆက်ပြီးစဉ်းစားကြပေါ့ကွာ …။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.