#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၅)
ရန်ကုန်သားတာတေ

ဆင်းရဲသားလည်း ခိုးတယ် ၀ှက်တယ်…
ဗိုလ်ချုပ်တွေလည်း ခိုးတယ် ၀ှက်တယ်….

ရိုးရိုးနဲ့ ရှယ် ဘာကွာတယ် ပြောပြစမ်းပါ ကိုယ့်လူရယ်…
ရိုးရိုးနဲ့ ရှယ် ဘာကွာတယ် ပြောပြစမ်းပါ ကိုယ့်လူရယ်…

ချစ်ခင်လေးစားရပါတဲ့ အင်တာနက် မိဘပြည်သူအပေါင်းတို့ခင်ဗျာ…
မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ နှစ်သစ်အချိန်အခါ အတာသင်္ကြန်ပွဲတော်ကြီးမှာ…
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…လို့..သားသားတို့က ဆုမွန်ကောင်းတောင်းခြွေလိုက်ပါတယ်…

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ယောက် တယောက်က ရေပြွတ်နှင့် တယောက်က ယပ်တောင်ခတ်လို့ ပါးစပ်ကလည်း သံချပ်တိုင်ကာ ရုက္ခစိုး၏ ညောင်ပင်ကို ၀ိုင်းပတ်ကခုန်၍ မြူးနေကြသည်။ လည်ပင်းမှာလည်း ပလတ်စတစ် ပန်းကုံး တွေစွပ်၊အပွင့်အခက် ဒီဇိုင်းတွေနှင့် သင်္ကြန်အင်္ကျီတွေဝတ်ပြီး သရီးကွာတား ရှော့ပင် ဘောင်းဘီတိုတွေ နှင့် ဖိုးရှုပ်တို့ကို ရုက္ခစိုးက မျက်မှောင်ကြုတ်၍ လိုက်ကြည့် နေပြီး မနေနိုင်တော့၍-

ရုက္ခစိုး။  ။ ဟေ့ကောင်တွေ…ဟေ့ကောင်တွေ…

ရုက္ခစိုး၏ အသံက အရှိန်ကောင်းနေသော ဖိုးရှုပ်တို့၏ သံချပ်တိုင်သံကို မကျော်လွှားနိုင်-

ဗိုလ်ချုပ်တွေလည်း ခိုးတယ် ၀ှက်တယ်…

အကောင်ကြီးလေ ပိုခိုးလေ…ဟေ့…

ဟေ့…အို…ဘာတဲ့…

မြန်ပြည်တလွှား၌ ချမ်းမြေ့စေရာ…သံချပ်ထိုးလို့တောင်းဆုခြွေမှာ…

တို့တိုင်းပြည်…တို့တိုင်းပြည်…မှာ…

ရုက္ခစိုးက အမြင်ကတ်ကတ်နှင့် နောက်တကြိမ်ထပ်အော်လိုက်သည်။

ရုက္ခစိုး။  ။ ဟေ့ကောင်တွေ…ဟေ့ကောင်တွေ… ဒါ မင်းတို့ ဂျီးဒေါ်ယောက်ျားပိုင်တဲ့ တိုင်းပြည်မဟုတ်ဘူးဟေ့…

ဤတကြိမ် ရုက္ခစိုး အော် လိုက်မှ ဖိုးရှုပ်တို့ နှစ်ဦး ကိုယ်ရှိန် သတ်လိုက်ကြသည်။

ဖိုးရှုပ်။  ။ ဟာ…ဦး ရုက္ခစိုးကလည်း…ကျနော်တို့လည်း သိပါတယ်ဗျ…ပြည်တွင်းမှာ ထိုးခွင့်မရတဲ့ သံချပ်ကို အခု အိန္ဒိယ အဖွဲ့တွေရဲ့ကျေးဇူးကြောင့် အားရ ပါးရ ထိုးနေကြတာပါ…

ကြွက်စုတ်။  ။ ဟုတ်တယ်လေ…ဦး ရုက္ခစိုးရဲ့….သင်္ကြန်ဆိုရင် မနေနိုင်ဘူးဗျ…ပိုးက ကြွကြွလာတယ်လေ…

ဖိုးရှုပ်။  ။ အခု ဒီသံချပ်က အိန္ဒိယရောက် ဒီမိုကရေစီလှုပ်ရှားသူတွေ ထုတ်ထားတာဗျ…နအဖကို ရော… အတိုက်အခံတွေ ကိုရော…လက်နဲ့ တို့ပြောသလိုကို သံချပ်ထဲမှာ ထည့်ထိုးထားတာ…

ဖိုးရှုပ်နှင့် ကြွက်စုတ်က အားပါးတရ ပြောနေသည်ကို ရုက္ခစိုးက အေးတိအေးစက်နှင့်ပြန်ပြောသည်။

ရုက္ခစိုး။  ။ သင်္ကြန်က ဘယ်ဆီနေမှန်း မသိသေးဘူး…စောစောစီးစီး မင်းတို့က ထ ရွ နေကြ… မင်းတို့သာ မြန်မာပြည်မှာ ရှိနေရင် ဒီပုံမျိုးနဲ့ သောက်မြင်ကတ်ပြီး ကန့်ထဲအသွင်းခံရမှာ သိရဲ့လား….

ကြွက်စုတ်။  ။ အောင်မယ်… ဦးရုက္ခစိုးကလည်း…အပ်ဒိတ် မဖြစ်လိုက်တာ…ကျုံးပတ်လည်ကို သွားကြည့် ပါဦး… ရေထဲ ဒိုင်ဗင် ထိုးတဲ့ လူက ထိုး…ကျုံးဘောင်ပေါ်ထိုင်ပြီး ဘီယာ သောက်သူ သောက်နဲ့…တချို့ဆို ရွက်ဖျင်ဆိုင် လေးတွေထိုးလို့…ချင်းမိုင်မှာ သင်္ကြန်ကျ နေတာ ၅ ရက်လောက်တောင်ရှိနေပြီ…

ဖိုးရှုပ်။  ။ ဒါနဲ့ ဦးရုက္ခစိုးပြောတဲ့ အထဲမှာ ဘာလဲ… ကန့် ဆိုတာ… ကျနော် မရှင်းဘူးဖြစ်နေတယ်…

ရုက္ခစိုး။  ။ မင်းတို့ မသိသေးဘူးလား…နအဖ က ဒီနှစ် သင်္ကြန်အစိုးရရုံးပိတ်ရက်ကို ရက်ရှည် (၁၀) ရက်တောင် ပိတ်ပေးပြီးတော့…အခု နေပြည်တော်ရောက်နေတဲ့ ၀န်ထမ်းတွေကို သင်္ကြန်တွင်းမပြန်ရဘူးတဲ့…အဲဒါ ကန့် သွင်း တာပေါ့…

ကြွက်စုတ်။  ။ အင်း ဟုတ်တယ်… သူတို့ပဲ အတာရေကစားဖို့၊ မြန်မာ့ရိုးရာ ဓလေ့ထုံးတန်း အရ ကျောင်းကန် ဘုရားသွား၊ ဥပုသ်သီလယူ၊ အလှူဒါနပြုဖို့၊ အနားယူ အပန်းဖြေဖို့အတွက် ပိတ်ပေးတာလို့ တွင်း (၁) ဒု ဗိုလ်ချုပ် ကြီး သိန်းစိန်က လက်မှတ်ထိုး ထုတ်တာလေ…

ရုက္ခစိုး၏ ရှင်းလင်းချက်ကို ကြွက်စုတ်က ထပ်ဆင့် ဖြည့်စွက်လိုက်သည်။

ဖိုးရှုပ်။  ။ အခုကျတော့… အဆိုတော်တွေ၊ ရုပ်ရှင် သရုပ်ဆောင်တွေကိုလည်း သင်္ကြန်တတွင်းလုံး နေပြည်တော် မှာပဲ ဖျော်ဖြေရမယ်ဆိုပြီး ညွှန်ကြားချက်ထုတ်တယ်လို့ ကြားရတယ်…ဒီနှစ် ညွှန်ကြားချက်တွေပိုများလာတယ်…

ရုက္ခစိုး။  ။ အရင်တုန်းက ညွှန်ကြားချက်ထုတ်တာမတွေ့ရတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကတောင် ဒီနှစ်သင်္ကြန်ညွှန် ကြားချက်ထုတ်တယ်…သူတပါးကို ထိခိုက်စေလိုသော သဘောဖြင့် သရော်စာပုံစံ အတိုင်အဖောက် သံချပ်ထိုး ခြင်းများ သတိထား ရှောင်ရှားသင့်တယ် ဆိုတာတောင်ပါသေး…မင်းတို့နဲ့တော့…ဓမ္မန္တရာယ်ပဲ…

ရုက္ခစိုးက မျက်ခုံးပင့်လိုက်ပြီး မီးလောင်ရာလေပင့်လုပ်သလိုလို ပြောသည်။

ကြွက်စုတ်။  ။ ဒါကြောင့် ကျနော်တို့ကလည်း ထိုင်းမှာပဲ ကုတ်ကပ်နေတာလေ… နအဖ က နေပြည်တော်ကိုပဲ မွမ်းမံနေတာ…ရန်ကုန်တို့ မန္တလေးတို့ကို တဖြည်းဖြည်း ပစ်ထားနေပြီ…အဲဒီ မြို့တော်ဟောင်းတွေမှာတဲ့ မဏ္ဍပ် တွေတော့ ထိုးနေကြတာပဲတဲ့…ဒါပေမယ့် စည်စည်ကားကားဖြစ်မှာမဟုတ်ဘူးတဲ့…စရိတ်တွေက မြင့်လာလို့ လူတွေကလည်း သိပ်မပျော်နိုင်ပါဘူးတဲ့…ပြောနေကြတယ်လေ…

ဖိုးရှုပ်။  ။ ဒီနေ့ သတင်းစာမှာတောင် ထိုင်း သင်္ကြန်ရဲ့ညွှန်ကြားချက်တွေကို မဆီမဆိုင်ဖော်ပြထားသေးတယ်… တိုင်း အေးချမ်းဖြိုး၊ သင်္ကြန်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဲဒီအဖွဲ့တွေက ထုတ်တဲ့ အရက်ဘီယာ၊ ရေကစားတာ၊ ယာဉ်မောင်းတာတွေနဲ့ ပတ်သက်တဲ့ညွှန်ကြားချက်တွေ…စာအုပ်နဲ့တောင် လိုက်မှတ်ရ မလိုပဲ…

ဖိုးရှုပ်က ငေါ့လိုက်သလို ကြွက်စုတ်ကလည်း ဝေဖန်ပစ်တင်လိုက်သည်။

ကြွက်စုတ်။  ။ အောင်မယ်…အရက်တိုင်းတဲ့ ကိရိယာနဲ့တိုင်းမယ်တို့ ၊ လမ်းဆုံ လမ်းခွ မီးပွိုင့်တွေမှာ ကင်မရာတွေ ဆင်ပြီး စောင့်ကြည့်နေတယ်တို့…သင်္ကြန် ပျော်မယ့်သူတွေကို ရှေ့တန်း စစ်မျက်နှာပြင်က ရန်သူတွေကျနေ တာပဲ…

ရုက္ခစိုး။  ။ အဲဒါ မင်းတို့က မကျေနပ်ဘူးပေါ့…ဒါဆိုရင်လည်း သင်္ကြန်မလည်ဘဲ တရားစခန်းဝင်ဖို့ သင်္ကြန်တွင်း တရားစခန်းတွေသတင်းကို သတင်းစာမှာ နေ့တိုင်း တနေ့ ၅ ခု လောက်ထည့်ထားသေးတယ်…အဆင်ပြေ အောင် စီစဉ်ထားတဲ့သဘောပေါ့ကွာ…

ဖိုးရှုပ်တို့ နှစ်ယောက် အချိတ်အဆက်နှင့်ပြောနေသည်ကို ရုက္ခစိုးက တမင်ရွဲ့ပြောသည်။

ဖိုးရှုပ်။။  ။ အံမယ်…ဦးရုက္ခစိုးပဲ စဉ်းစားကြည့်…သူတို့လုပ်ပုံက မြန်မာနိုင်ငံသားတွေအကုန်လုံး စည်းပျက် ကမ်းပျက် လူရမ်းကားတွေပုံစံဖြစ်နေပြီ…သတင်းစာမှာ ပါသေးတယ်…မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာနှင့် အညီစောင့်ထိန်း လိုက်နာ ဆင်နွှဲပါတဲ့…ငါ မပြောလိုက်ချင်ဘူး…ဟင်း…

ဖိုးရှုပ်က စိတ်တိုနေသည့် လေသံနှင့် ပြောလိုက်သည်ကို ရုက္ခစိုးက ဖြေပေးလိုက်သည်။

ရုက္ခစိုး။  ။ မင်းမပြောချင်ရင်လည်း ငါပဲပြောလိုက်တော့မယ် ဖိုးရှုပ်ရာ… မြန်မာ့ရိုးရာ ယဉ်ကျေးမှု စစ်အစိုးရ အတာ ရေသဘင်ပွဲပေါ့ကွာ…

ဤတွင် ကြွက်စုတ်က သံချပ်ထတိုင်လိုက်ရာ ဖိုးရှုပ်ပါ လိုက်တိုင်ရင်း ရုက္ခစိုး၏ညောင်ရိပ်မှ တောင်အောက်သို့ ဆင်းသွားကာ တဖြည်း ဖြည်း…ဝေး၍…ဝေး၍…

ဖိုးရှုပ် + ကြွက်စုတ်။  ။ ဗိုလ်ချုပ်တွေလည်း ခိုးတယ် ၀ှက်တယ်….
                            ဗိုလ်ချုပ်တွေလည်း ခိုးတယ် ၀ှက်တယ်….
                           အကောင်ကြီးလေ ပိုခိုးလေ…ဟေ့…
                          ဟေ့…အို…ဘာတဲ့…။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.