#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၆၄)
ရန်ကုန်သားတာတေ

ကြွက်စုတ်တဦးတည်း ရှိနေချိန်တွင် စဉ်းစားစရာများက ဘယ်လိုကဘယ်လို ရောက်ရောက်လာသည်မသိ၊ ယခုလည်း ရှေ့ရေးနောင်ရေး တွေးတောနေမိပြန်သည်။

ဘာသာစကားသင်တန်း တခုခုတက်ရကောင်းမလား၊ ဂျာနယ်လစ်သင်တန်းပဲ တက်ရကောင်းမလား၊ သို့မဟုတ် တတိယ နိုင်ငံ တခုခုကိုသွားရန်ပဲ ပြင်ဆင်ရကောင်းမလားဆိုသည့် မေးခွန်းတွေက ခေါင်းထဲဝင်ဝင်လာသည်။

တချို့ဆိုပါလျင် ပြည်တွင်းက ထွက်လာကတည်းက ကန့်ထဲဝင်၊ အမေရိကန် သို့မဟုတ် တတိယနိုင်ငံ တခုခုသို့သွားမည်ဟု ရည်ရွယ်ချက်ဖြင့် ထွက်လာသူများရှိသည်။ ကြွက်စုတ်တို့က သူတို့လိုပြတ်သားမှု မရှိ။

ယခုလည်း မှုန်ဝါးဝါးအနာဂတ်ကို ကြွက်စုတ် ဘယ်လိုဖမ်းဆုပ်ရမည်မသိ ဖြစ်နေသည်။ ပြည်ပရောက် လွတ်မြောက်နယ်မြေ တွင် မိမိသည် နိုင်ငံရေးသမားလည်းမဟုတ်၊ အများခေါ်နေသော အကဲဒမစ်တို့ စကော်လာတို့ဆိုသည့် ပညာရှင်လည်း မဖြစ်နိုင်၊ ဂျာနယ်လစ်လည်းမဟုတ်၊ အန်ဂျီအိုသမားလည်း မမည်၊ တောင်မရောက် မြောက်မရောက် ရှင်သန်နေရသော ကိုယ့်ဘ၀ရှေ့ရေးကို စေ့စေ့တွေးလေ ရင်လေးလေ …။

အမှန်ဆိုလျှင် ထိုင်းနိုင်ငံတွင် ကြွက်စုတ်တို့က ဧည့်သည်တဦးမျှသာ မဟုတ်ပါလား … ၊ သူ့နိုင်ငံအတွက်လည်း အကျိုးမပြု၊ ကိုယ့်နိုင်ငံအတွက်လည်း ထိရောက်မှုမရှိဆိုပါလျင် …။

ကျောင်းသားဘ၀ မန္တလေးတောင်ပေါ်ကို ရောက်ခဲ့စဉ်က တောင်ပေါ်သို့ တက်သည့်လမ်းတနေရာတွင် ရေးထားသော စာတိုလေးတပုဒ်ကို သတိရမိသည်။

ရိပ်နေ ခက်ချိုး၊ ကိုင်းကျိုး ရွက်မစည် …
တောင်မမည် တောမမယ် …
ဧည့်လည်း ရှက်ဖွယ် … အိမ်လည်း မတင့်တယ် … ဆိုလား …

ဤစာချိုးလေးထဲကလို ရှက်ဖွယ် ဧည့်သည်မျိုးလည်း မဖြစ်ချင်ပါ …။

ဖိုးရှုပ်။     ။ ကြွက်စုတ် … ဟေ့ကောင် ကြွက်စုတ် … ခေါ်မကြား အော်မကြားနဲ့ကွာ … မင့် နားတွေ ဘာတွေကို ဆေးရုံသွားပြဖို့ လိုရင်လည်း မြန်မြန်သွားပြကွာ …။

မည်သည့် အချိန်ကရောက်ပြီး အော်ဟစ် နေမှန်းမသိသော ဖိုးရှုပ်က စိတ်တိုစွာနှင့် ကြွက်စုတ်ကို ငေါက်လိုက်သည်။

ကြွက်စုတ်။     ။ ဟာ … ဖိုးရှုပ် … ဆောရီးကွာ … ငါ အတွေးလွန်သွားလို့ …။

ဖိုးရှုပ်။     ။ ဘာတွေ တွေးနေတာလဲ … မြန်မာပြည်ပြန်ဖို့ တွေးနေတာလား … စိတ်ကူးမယဉ်နဲ့ ကိုယ့်လူ … ဒီနေ့ သတင်းစာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှုအခြေအနေကို လူဝင်မှုဝန်ကြီးကဆိုလား … ကြည့်ရှု စစ်ဆေးနေတယ်လို့ပါတယ် … မင့်မှာ မှတ်ပုံတင်ရော ရှိသေးရဲ့လား …။

ဖိုးရှုပ်၏စကားကို ကြွက်စုတ်က စိတ်ပျက်သည့် အမူအရာနှင့် ပြန်ပြောလိုက်သည်။

ကြွက်စုတ်။     ။ အာ … ဖိုးရှုပ်ကလည်းကွာ … ဘာတွေ လာပြောနေမှန်း မသိဘူး … တလွဲတွေ … ငါတွေးနေတာက ရှေ့ရေးနောင်ရေး ကိစ္စကွ … တို့မြန်မာပြည်ကလည်း ဒီမိုကရေစီရဖို့ နေနေသာသာ ဒီမိုနဲ့ ကရေစီကို တခြားစီဖြစ်နေပြီလား မပြောတတ် …။

ရုတ်တရက် ရုက္ခစိုးရောက်လာပြီး ကြွက်စုတ်၏ စကားကို ဖြတ်ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဒီမိုကရေစီဟုတ်လား … ဝေးသေး … မင်းတို့သွားတောင်းလို့ကတော့ စစ်အစိုးရက ကျည်ဆံပဲပေးမှာ … ကျည်ဆံမှ အရင်လို ဂျီသရီးတို့ ဂျီဖိုးတို့လို ကျည်ဆံသေးသေး မဟုတ်ဘူး … ကျည်ဆံကြီးကြီးတွေ … တရုတ်က ပေးလိုက်၊ အိန္ဒိယက ပေးလိုက်နဲ့ စစ်အစိုးရလက်ထဲမှာ အမြောက်တွေ ဘယ်လောက်ရှိနေပြီလည်းမသိဘူး …။

ဖိုးရှုပ်။     ။ ဟာ … ဦးရုက္ခစိုး … ဘယ်က ရောက်လာတာလဲ … သတင်း ထူးရှိလို့လား …။

ရုက္ခစိုးက ဖိုးရှုပ်ကို မျက်လုံးစွေ ကြည့်လိုက်ပြီး …

ရုက္ခစိုး။     ။ သတင်းထောက်ကပဲ သတင်းပြန်မေးနေရတယ်လို့ … အားကိုးရတဲ့ သတင်းထောက်ပဲကွာ … ငါက မင်းတို့မလာတော့ သတိရပြီးလိုက်ရှာတာကွ … တွေ့ရင်သတင်းပဲမေးနော် … အခု အိန္ဒိယကို မြန်မာ ရေတပ်ဦးစီးချုပ် ရောက်နေပြီးတော့ … မြန်မာပြည်ကိုတော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရောက် နေတယ်လေ … မောင်ရင်သိလား …။

ကြွက်စုတ်က ထိုင်ရာမှလာပြီး ရုက္ခစိုး၏ သတင်းစကားကို ဖြည့်စွက်လိုက်သည်။

ကြွက်စုတ်။     ။ အောင်မယ် … ဦးရုက္ခစိုးကလည်း အဲဒီဝန်ကြီးခရီးစဉ်က မပြီးသေးဘူး၊ စင်္ကာပူကို မြန်မာက သဲတွေရောင်းမယ်ဆိုပြီး သတင်းထွက်နေပါရောလား … စစ်အစိုးရကတော့ စားလို့ရတာအကုန်စား … ရောင်းလို့ရတာ အကုန်ရောင်းပဲ …။

ဖိုးရှုပ်။     ။ သူတို့ စားနေ၀ါးနေရလို့ကတော့ တင်းတိမ်တယ်ရယ်လို့ကို မရှိပါဘူး … သူတို့နဲ့ ပေါင်းမစားရင်တော့ ငါတို့ ပြည်သူထဲက သမာအာဇီဝနဲ့ လုပ်စားတာတောင် ပိတ်လိုက်ဆို့လိုက် … ဖျက်သိမ်းလိုက် … နှောင့်ယှက်လိုက်နဲ့ …။

ကြွက်စုတ်။     ။ အခုလည်း မကြာသေးခင်က ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ မိသားစုပိုင် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို ဘာအကြောင်းပြချက်မှ မရှိဘဲ အဓမ္မပိတ်ခိုင်းလိုက်တယ်လေ …။

ရုက္ခစိုး။     ။ အဓမ္မပိတ်ပင် ဖျက်သိမ်းတာတင် မဟုတ်ဘူး … အဓမ္မ သိမ်းယူတာတွေတောင် ဒုနဲ့ဒေးမောင်ရင် … အိမ်ခြံမြေတွေ၊ လယ်မြေယာမြေတွေ၊ ကျွဲနွားတွေကို အာဏာပိုင်တွေနဲ့ အပေါင်းအပါတွေက သိမ်းတဲ့အမှုတွေ … ပဲခူးက ရှေ့နေကြီးဦးအေးမြင့် လိုက်ကူညီပေးနေတာ အမှုပေါင်း ရာနဲ့ချီရှိတယ်လို့ပြောတယ် …။

ကြွက်စုတ်။     ။ ဟို တလောကတော့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီးကို အဓမ္မလုပ်အားပေး ခိုင်းတာရှိရင် လွတ်လွတ်လပ်လပ် တိုင်ကြားခွင့်ပြုတယ်လို့ အစိုးရက သဘောတူတယ်လေ … အခု အဓမ္မမှုတွေကျတော့ ဘယ်ကမ္ဘာ့ အဖွဲ့အစည်းကို တိုင်ရမလဲ … ပြည်တွင်းမှာ တိုင်တာတွေက တခါတလေ တိုင်တဲ့လူတောင် တရားပြန်စွဲခံရသေး …။

ဖိုရှုပ်။     ။ ကမ္ဘာ့အဖွဲ့အစည်း ဆိုရင်တော့ကွာ … ကုလသမဂ္ဂ အဖွဲ့ပဲရှိတာပေါ့ …။

ကြွက်စုတ်။     ။ ကုလသမဂ္ဂ … ဟုတ်လား … သူတောင် မြန်မာနိုင်ငံထဲ ၀င်ခွင့်မရလို့ စစ်အစိုးရကို မျက်နှာချိုသွေးပြီး
အဝေးကနေ လျှောက်ပြန်သံပေး ခပ်အေးအေး လုပ်နေရတာ … အားမကိုးလောက်ပါဘူး …။

ဤသို့ ကြွက်စုတ်၏ အဆုံးသတ်စကားကို ရုက္ခစိုးနှင့် ဖိုးရှုပ်တို့နှစ်ဦး ပြန်လည်အထွန့်တက်စရာ ရှာမရသောကြောင့်
စကားဝိုင်းမှာ ရုတ်တရက် အသံတိတ်၍ နိဋ္ဌိတံ သွားလေတော့သည်။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.