#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၃၇)
ရန်ကုန်သားတာတေ

ထိုင်းစစ်တပ်က အာဏာသိမ်းသည့်ကိစ္စကို အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။ သက်ဆင်ကို မကြိုက်သည့်သူများက အကောင်းမြင်ကြသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသမားတို့ကတော့ ထိုင်းနိုင်ငံရေး နောက်ပြန်ဆုတ်သွားသည်ဟု မြင်သည်။ တချို့ကတော့ သက်ဆင်လည်း အလိုမရှိ တင့်ကားလည်းအလိုမရှိဟု ပြောကြသည်။ ဘယ်သူတွေ ဘယ်လို ပြောနေနေ ကြွက်စုတ်ကတော့ ထိုင်းစစ်တပ်အာဏာသိမ်းသည်ကို ကျိတ်ပြီး သဘောကျနေသည်။

ရုက္ခစိုး။    ။ နေပါဦး မောင်ကြွက်စုတ်ရဲ့။ မင်းက ဘာသဘောကျတာလဲ။

ကြွက်စုတ်။   ။ သက်ဆင်လက်ထက်မှာ နေရထိုင်ရ ကျပ်လွန်းလို့ဗျာ။ သူက ဗမာ့စစ်တပ်နဲ့ အပေါင်းအသင်းလုပ်နေတာ ဆိုတော့ ကျနော်တို့ ဒီမိုကရေစီဘက်သားတွေကို သိပ်ကြည်တာ မဟုတ်ဘူးဗျ။

ဖိုးရှုပ်။   ။ ဟုတ်တယ်  နောက်ပြီး သူက ကျနော်တို့လို သတင်းစာသမားတွေကိုလည်း တော်တော် မုန်းတယ်ဗျ။

ရုက္ခစိုး။   ။ အင်း သက်ဆင်ဆိုးတာကတော့ ဟုတ်ပါပြီ။ အခု တက်လာတဲ့ စစ်အစိုးရကတော့ကော ဘာတွေ ကောင်းလို့လဲ။ သူလည်း နိုင်ငံရေးလှုပ်ရှားမှုတွေ သတင်းစာမီဒီယာတွေကို ဝက်အူကျပ်နေပြီ မဟုတ်လား။ ဖွဲ့စည်းပုံ ဥပဒေကို ဖျက်လိုက်ပြီး စစ်အုပ်ချုပ်ရေးကို ကြေညာထားတာပဲ မဟုတ်လား။

ကြွက်စုတ်။  ။ လောလောဆယ်တော့ ဟုတ်တာပဲ။ ဒါပေမယ့် နောက်တပတ်လောက်အတွင်းဆိုရင်တော့ ရှင်းပါပြီ။ ကြားဖြတ် အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါမလဲဆိုတာသိရင် အလားအလာကို ခန့်မှန်းလို့ ရပါပြီ။

ဖိုးရှုပ်။   ။ ကျနော်ကတော့ ထိုင်းနိုင်ငံရေးဟာ သိပ်မဆိုးနိုင်ဘူးလို့ပဲ ယုံကြည်ပါတယ်။

ရုက္ခစိုး။   ။ ဘာဖြစ်လို့လဲကွ။

ဖိုးရှုပ်။   ။ ထိုင်းစစ်တပ်က ငါတကောကောပြီး သူလုပ်ချင်ရာ လျောက်လုပ်မှာ မဟုတ်ဘူးလေ။ ဘုရင်ကြီး ဘူမိဗောကို သစ္စာခံထားတာဆိုတော့ အလွဲအချော်ဖြစ်တယ်ဆိုရင်တောင် ထိန်းပေးမယ့်သူက ရှိနေတာ မဟုတ်လား။

ရုက္ခစိုး။  ။ အေး မင်းပြောတာ ဟုတ်တယ်။ ထိုင်းပြည်သူတွေက ဘုရင်ကြီးကို အလွန်အလေးအမြတ် ထားတာဆိုတော့  စစ်တပ်က အာဏာသိမ်းတယ် ဆိုပေမယ့် ထင်ရာစိုင်းလို့တော့ မရဘူး။  တို့ ဗမာစစ်တပ်က လူတွေကတော့ ဘာမှ အထိန်းအကွပ်မရှိတော့ လုပ်ချင်ရာလုပ် ဖြစ်ချင်သလိုဖြစ်ပဲ။

ကြွက်စုတ်။    ။ အဲဒါပြောတာပေါ့ဗျ ။ ဒီမိုကရေစီ အထိန်းအကွပ်ဆိုတာ။ အင်္ဂလိပ်လို democratic check and balance လို့ ခေါ်တယ်ဗျ။

ကြွက်စုတ်က အကွက်ဝင်သည်နှင့် သူမှတ်ထားသည့် စကားလုံးတလုံးကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ကြွက်စုတ်ကား အလကားတက်ရသည့် သင်တန်းမှန်သမျှ လျှောက်တက်ပြီး စကားလုံးကောင်းကောင်း လေးတွေကို အပိုင်မှတ်ထားတတ်သည်။ ဖိုးရှုပ်က အကြောင်းသိဖြစ်သောကြောင့် မျက်စောင်းထိုးပြီး ကြည့်လိုက်သည်။

ဖိုးရှုပ်။   ။ တိုးတိုးပြောလည်း ရပါတယ်ကွာ။ တံတွေးစင်ပါ့မယ်။

ရုက္ခစိုး။   ။ ပြောပါစေ မောင်ဖိုးရှုပ်ရယ်။ သူ့ခမျာ ကျယ်ကျယ်လေး ပြောချင်လို့ တောင်ပေါ်တက်လာရတာ။ ပြော ပြော မောင်ကြွက်စုတ် ။

ရုက္ခစိုးက အားပေးသဖြင့် ကြွက်စုတ်မှာ ပြောအားရှိသွားသည်။

ကြွက်စုတ်။    ။ စစ်တပ်က အာဏာသိမ်းတယ်ဆိုပေမယ့် အများပြည်သူကို ကိုယ်စားပြုတဲ့ ဘုရင်ကြီးရဲ့ လက်အောက်မှာပဲ ရှိနေတာဟာ အထိန်းအကွပ်ရှိတဲ့သဘောမို့ အလားအလာကောင်းတယ်လို့ ပြောချင်ပါတယ်ခင်ဗျ။ ဒီကိစ္စက ရှေ့နှစ်လှမ်း တိုးချင်လို့ နောက်တလှမ်းဆုတ်ရတဲ့ သဘောပါ။

ဖိုးရှုပ်။   ။ ဦးရုက္ခစိုး ပြောသလို ကျနော်တို့ ဗမာပြည်စစ်တပ်က အထိန်းအကွပ်မရှိတော့ ထင်ရာလုပ်။ ထင်ရာလုပ်တော့ ကိုးရို့ကားယားဖြစ်။ အခု ကုလသမဂ္ဂက ထိန်းသိမ်းပေးဖို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်တော့ တီကို ဆားနဲ့တို့လိုက် သလိုပဲ ဖျတ်ဖျတ်လူးသွားလိုက်တာ။

ရုက္ခစိုး။   ။ ဗမာစစ်တပ်က ထင်ရာစိုင်းနေတာကို ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ ဒီအတိုင်းဆက်ကြည့်နေဖို့ မသင့်တော့တာ အမှန်ပဲကွ။ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် ဆိုတာမျိုး ကမ္ဘာတခုလုံး ပြဿနာရှုပ်မယ့် အလားအလာရှိတယ်။ အခုပဲ ဗမာစစ်အစိုးရကြောင့် ဒေသထဲမှာ ပြဿနာဖြစ်နေပြီလေ။ ဗမာစစ်တပ်က ထုတ်လုပ်တဲ့ ပို့ကုန်တွေကြောင့် အိမ်နီးချင်းတွေ တော်တော်ပြဿနာရှုပ်နေပြီလေ။

ကြွက်စုတ်။  ။ ဒါတော့ မဟုတ်ဘူးထင်ပါတယ် ဦးရုက္ခစိုးရယ်။ ဗမာက ထွက်တဲ့ သစ်တွေ သဘာဝဓာတ်ငွေ့တွေ ကျောက်မျက်ရတနာတွေကြောင့် အိမ်နီးချင်းတွေက အမြတ်အစွန်း ကောင်းကောင်းရနေတာ မဟုတ်လား။ စစ်အစိုးရက နေပြည်တော်ဆောက်ဖို့ ငွေလိုနေတော့ အားလုံးကို အလကားမတ်တင်းဈေးနဲ့ ပေးနေတာမဟုတ်လား။

ရုက္ခစိုး။    ။ အဲဒါလည်း ဟုတ်ပါတယ်။ ဒါပေမယ့် တခြား ထုတ်ကုန်တွေလည်း ရှိသေးတယ်ကွ။

ဖိုးရှုပ်။   ။ ဘာထွက်ကုန်လည်း ဦးရုက္ခစိုးရဲ့။

ရုက္ခစိုး။   ။ ဒုက္ခသည်တွေကွာ။ နောက်ပြီး မူးယစ်ဆေးဝါးတွေကွာ။ နောက်ပြီး ကိုယ်ခံအားကျဆင်းတဲ့ရောဂါပိုးသစ်နဲ့ ငှက်ဖျားရောဂါပိုးသစ်တွေကွာ။

ကြွက်စုတ်။   ။  ဦးရုက္ခစိုး ပြောတာလည်း ဟုတ်ပါတယ်။ ဒါကြောင့်လည်း လုံခြုံရေးကောင်စီမှာ ဆွေးနွေးတော့မယ်လို့ ဆုံးဖြတ်လိုက်တာပေါ့။

ရုက္ခစိုး။    ။ ဒါပေမယ့် မင်းပြောတဲ့ အထိန်းအကွပ်ဆိုတာမျိုးကိုတော့ စစ်အစိုးရက လိုချင်ပုံမရဘူးကွ။ ဒါကြောင့် အခုတလော သတင်းစာထဲမှာ လုံခြုံရေးကောင်စီကိုလည်း ဘောင်ကျော်ပြီး လုပ်တယ်ပြောလိုပြော၊ အမေရိကန်ကိုလည်း ဝင်ရောက်စွက်ဖက်ဖို့ လုပ်တယ်လို့ ရေးလိုရေး။

ဖိုးရှုပ်။   ။ စစ်အစိုးရက သူတင်လုပ်တာ မဟုတ်ဘူး။ သူနဲ့ အပေးအယူလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ကိုလည်း လုံခြုံရေးကောင်စီကို အတင်းဆန့်ကျင်ခိုင်းနေပါတယ်။

ရုက္ခစိုး။    ။  ဒီတော့ အဲဒီအဖွဲ့တွေကကော ခိုင်းတဲ့အတိုင်း လုပ်သလား။

ဖိုးရှုပ်။   ။ တခြားအဖွဲ့တော့ မသိဘူး။ ဒီကေဘီအေ ဆိုတဲ့အဖွဲ့ကတော့ လုပ်သဗျ။

ရုက္ခစိုး။   ။ ဗုဒ္ဓဘာသာကရင်အဖွဲ့လားကွ။

ဖိုးရှုပ်။   ။ ဟုတ်ပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံးလို့ ခေါ်တဲ့ အဖွဲ့ပါ။

ရုက္ခစိုး။   ။ နေပါဦး သူတို့က လုံခြုံရေးကောင်စီကို ဘာအကြောင်းပြချက်နဲ့ ဆန့်ကျင်တာလဲ။

ဖိုးရှုပ်။   ။ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒို့တာဝန်အရေးသုံးပါးနဲ့ မကိုက်ညီလို့ တဲ့ဗျ။

ကြွက်စုတ်။   ။ ဟုတ်ပါ့ဗျာ အမေရိကန်တို့ ယူကေတို့က လူတွေကလည်း လုံခြုံရေးကောင်စီလို နေရာမှာ ရောက်နေရက်နဲ့ ဒို့တာဝန်အရေးသုံးပါးကိုမှ အရေးမထားလေခြင်း။ တော်တော်ညံ့တဲ့ သူတွေပဲ။

ရုက္ခစိုး။   ။ ဒါဆို ဒီဆွေးနွေးပွဲကိုမလုပ်ဖို့ကန့်ကွက်တဲ့ တရုတ်တို့ ရုရှတို့ကတော့ ဒို့တာဝန်အရေးသုံးပါးကို အလွတ်ရသလား။

ဖိုးရှုပ်။   ။ ပြောလို့တော့ မရဘူး။ တရုတ်တို့ ရုရှတို့က ဗမာပြည်ကို ခဏခဏလာနေတာမဟုတ်လား။ နောက်ပြီး ဗမာပြည်က သဘာဝဓာတ်ငွေ့ကို လိုချင်တာကလည်း ငန်းငန်းတက်ဆိုတော့ စစ်အစိုးရနဲ့ အလွမ်းသင့်ဖို့ ဒို့တာဝန်သုံးပါး ဆိုတာကို အလွတ်မရတောင် သိတော့သိထားရမှာ အသေအချာပဲ။

ကြွက်စုတ်။    ။ ဒါဆိုရင်တော့ တရုတ်သမ္မတ ဟူဂျင်တောင်နဲ့ ရုရှသမ္မတ ပူတင်တို့က ဗမာပြည်ကို လွှတ်မယ့် သံအမတ် တွေကို မလွှတ်ခင်မှာ ဒို့တာဝန်အရေးသုံးပါးကို ကျေညက်နေအောင် ကျက်ခိုင်းဖို့ လိုပြီပေါ့။

ရုက္ခစိုး။   ။ ကောင်းတယ် ဒါမှ တရုတ်တွေ ရုရှတွေ ဝဋ်လိုက်မှာ။

ဖိုးရှုပ်။   ။ ဟုတ်လား ဘယ်လို ဝဋ်လိုက်မှာလဲ။

ရုက္ခစိုး။    ။ ဒီလိုလေ  မော်စီတုန်းတို့ စတာလင်တို့ဆိုတဲ့ တရုတ်အာဏာရှင်တွေ ရုရှအာဏာရှင်တွေ လက်ထက်တုန်းက ဒို့ဗမာနိုင်ငံရေးသမားတွေဟာ အဲဒီအာဏာရှင်တွေရဲ့ သဘောတရားတွေကို အလွတ်ကျက်မှတ်ခဲ့ရတယ်မဟုတ်လား။ အခု သူတို့က ဗမာ့အာဏာရှင်သန်းရွှေရဲ့သဘောတရားကို အလွတ်ကျက်ရတော့မယ်လေ။

ကြွက်စုတ်။   ။ ဒါဆိုရင် ဗမာ့အာဏာရှင်တွေနဲ့ပေါင်းပြီး အမြတ်ထုတ်ချင်တဲ့ နိုင်ငံတွေအတွက် ဆောင်ပုဒ်တခု ပေးရတော့မှာပေါ့။

ဖိုးရှုပ်။    ။ ဘာဆောင်ပုဒ်လဲကွ ငကြွက်ရ။

ကြွက်စုတ်။   ။ ဗမာ့ဓာတ်ငွေ့ ရရှိဖို့ ဒို့တာဝန်အရေးသုံးပါး ကျက်ကြစို့  ဆောင်ပုဒ်လေကွာ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.