#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၃၄)
ရန်ကုန်သားတာတေ

ရုက္ခစိုး။   ။ ဟေ့ မောင်ဖိုးရှုပ်ရဲ့  မင်းတို့ပြောတော့ မြန်မာနိုင်ငံဟာ အလွန်ခေတ်နောက်ကျယ်တယ်လို့ ပြောနေတာ ဒီသတင်းအရဆိုရင်တော့ တို့ မြန်မာတွေလည်း သိပ်နောက်မကျတော့ပါဘူးကွ။

ဖိုးရှုပ်။   ။ ဘာကို ပြောချင်တာလဲ  ဦးရုက္ခစိုးရဲ့။

ရုက္ခစိုး။   ။ ဒီမှာ ကြည့်လေကွာ။ အောင်ဘာလေထီထိုးချင်ရင် အင်တာနက်ကတဆင့် ထိုးနိုင်ပြီတဲ့။ 

ဖိုးရှုပ်။    ။  အဲဒီတော့ -- ။

ရုက္ခစိုး။   ။ ဒါဟာ ခေတ်မီတာကို ပြတာမဟုတ်လားကွ။

ဖိုးရှုပ်။   ။ မဟုတ်သေးဘူးလေ ဦးရုက္ခစိုးရဲ့။ အင်တာနက်က ထီထိုးလို့ရတော့ ဘာဖြစ်လာမှာလဲဆိုတာ ရှေ့ကို နည်းနည်းလောက် တိုးပြီး စဉ်းစားပါဦး။

ကြွက်စုတ်။   ။ ဟဲဟဲ ဒီတခါတော့ ဦးရုက္ခစိုး နောက်ကောက်ကျသွားပြီ။

ရုက္ခစိုး ခေါင်းကုပ်နေသည်ကို ကြည့်ပြီး ကြွက်စုတ်က ခပ်ထေ့ထေ့ပြောလိုက်သည်။

ဖိုးရှုပ်။   ။ အင်တာနက်က ထီထိုးလို့ရတော့ ထီအရောင်းအဝယ်ပိုကောင်းလာမှာ မဟုတ်လား။ တကယ်တော့ ဦးရုက္ခစိုးပဲ စဉ်းစားကြည့်။ ထီထိုးတယ်ဆိုတာ လောင်းကစားတမျိုးပဲ မဟုတ်လား။ ထီအရောင်းအဝယ် ပိုကောင်းအောင်လုပ်တာ  လောင်းကစားအလုပ် ပိုကောင်းအောင်လုပ်ပေးတာပေါ့ ဦးရုက္ခစိုးရ။ ဒီတော့ အင်တာနက်မှာ ထီထိုးလို့ရတာ ဘာဖြစ်လာမလဲ။ လောင်းကစားအလုပ် ပိုလုပ်လို့ လွယ်လာတာပဲ ရှိမှာပေါ့။ နောက်ထပ် မွဲဆေးတမျိုးပေါ့။ ဒီတော့ မွဲပြီးရင်းမွဲမယ့် မြန်မာပြည်ကြီး ဘယ်လို ခေတ်မီတိုးတက်နိုင်ပါမလဲ။ အောင်ဘာလေတော့ တိုးတက်ချင်တိုးတက်မယ်။ ပြည်သူပြည်သားကတော့ ကျောက်ခေတ်ပြန်ရောက်ဖို့သာ ပြင်ပေရော့ပဲ။  

ရုက္ခစိုးမှာ ဖိုးရှုပ်၏ လက်ချာရိုက်ခြင်းကို ခံလိုက်ရသဖြင့် တော်တော် အီသွားသည်။ ကြွက်စုတ်က ဘေးမှ ပြုံးစေ့ပြုံးစေ့ လုပ်နေသဖြင့် ပိုပြီး ခံစားလိုက်ရသည်။ တော်ပါပြီ  နောက်ဆို မြန်မာပြည်အကြောင်း ဘာမှ အကောင်းမပြောဘဲနေတာ ဘေးအကင်းဆုံး ဖြစ်မည်။

ရုက္ခစိုး။   ။ အေးပါကွာ ငါကလည်း ကိုယ့်တိုင်းပြည်ကို ချီးကျူးချင်လွန်းလို့ပါ။ လူတွေ လောင်းကစားတာကိုတော့ လုံးဝ သဘောမကျပါဘူး။

ဖိုးရှုပ်။   ။ တခြားကောင်းရာ ကောင်းကြောင်းကိုသာ စစ်အစိုးရက အားမပေးချင် နေမယ်။ လောင်းကစားနဲ့ ပတ်သက်ရင် အလွန်အားပေးပါတယ်။ အရင်တုန်းကဆိုရင် သတင်းစာထဲမှာ ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုတဲ့ ကြော်ငြာထည့်ပြီး အစိုးရဖွင့်တဲ့ အောင်ဘာလေထီကိုပဲ ထိုးဖို့ ချဲထီကို မထိုးဖို့ လှုံ့ဆော်ခဲ့သေးတယ်မဟုတ်လား။

ကြွက်စုတ်။   ။ ဟုတ်တယ်ဗျ။ ဒီစစ်အစိုးရတက်လာပြီးနောက်ပိုင်း အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းဟာ ထီလုပ်ငန်းပဲလို့ ပြောတယ်။ ဒါကြောင့် ရုပ်ရှင်မင်းသားမင်းသမီးတွေတောင် ဝင်လုပ်လာကြတယ်လေ။

ဖိုးရှုပ်။   ။ ဟုတ်တာပေါ့ ကြွက်စုတ်ရာ။ ထီလုပ်ငန်းထဲမှာက လောင်းကစားတွေရော ငွေမဲကို ငွေဖြူဖြစ်အောင် လုပ်တာ တွေရော ပါဝင်ပတ်သက်နေတာကွ။ အဲဒီအထဲမှာ ဗုဒ္ဓဘာသာဝင်တွေကို နားလှည့်ပါးရိုက်လုပ်တဲ့ ကြော်ငြာလိုလို ဘာလိုလို စာတမ်းတခုကိုလည်း  တွေ့မိသေးတယ်။

ရုက္ခစိုး။   ။ ဟေ ဟုတ်လား။ ဘာစာတမ်းလဲကွ။

ဖိုးရှုပ်။   ။ မပေါက်ရင်လှူ ပေါက်ရင်ယူ  ဆိုတဲ့ စာတမ်းပါပဲ။ ထီထိုးတာ ဘာမှ အရှုံးမရှိဘူး ဆိုတဲ့ သဘောမျိုး ရေးထားတဲ့ စာတမ်းပေါ့ဗျာ။ ထိုးသာထိုး ပေါက်တော့လည်း ယူ၊ မပေါက်ရင်လည်း လှူတဲ့သဘောမို့ ဒါနရှင်ကြီးတောင် ဖြစ်သွားမယ် ဆိုတာမျိုးပေါ့။

ကြွက်စုတ်။   ။ အေးလေ သူပြောတာ မမှန်ဘူးလား။

ဖိုးရှုပ်။   ။ မင်းတို့လို မအူမလည်တွေကြောင့် လူလိမ်တွေ အခုထက်ထိ မင်းမူနေတာပေါ့ကွ။

ကြွက်စုတ် ငြိမ်ကျသွားရပြန်သည်။ ရုက္ခစိုးက ဒီတခါတော့ မင်းနောက်ကောက်ကျတဲ့ အလှည့်ပဲ ဆိုသည့် သဘောနှင့် ပြုံးစိစိ လုပ်ပြသည်။

ဖိုးရှုပ်။   ။ လောင်းကစားတာ လောင်းကစားတာပေါ့ကွ ။ ကိုယ်မနိုင်လို့  ရှုံးတာနဲ့ ဘယ်နှယ် လောင်းကစားသမားကနေ အလှူ့ရှင်ဒါနရှင် ဖြစ်သွားရမှာလဲ။ ဒါဆိုရင် မြတ်စွာဘုရားက မင်းတို့ လောင်းကစားကြလို့ ပြောမှာပေါ့။

ကြွက်စုတ်။   ။ မဟုတ်ဘူးလေကွာ။ ကိုယ်က မနိုင်တော့ သူရတာသွားတာပဲ။ အဲဒါ အလှူပေးတာ တမျိုးပဲ မဟုတ်လား။

ရုက္ခစိုး။   ။ ဖိုးရှုပ်ပြောတာ မှန်တယ် မောင်ကြွက်စုတ်ရဲ့။ အလှူဒါနဆိုတာ ဒီလိုမျိုး မဟုတ်ဘူး။

ရုက္ခစိုး က ၀င်ပြောလိုက်သဖြင့် ဖိုးရှုပ်၏ ငေါက်ငန်းခြင်းမှ ကြွက်စုတ် လွတ်သွားသည်။ နို့မဟုတ်လျှင် မလွယ်။ ငါနဲ့ပေါင်းပြီး သည်လောက် အ ရမလားဆိုသော မျက်လုံးနှင့် ဖိုးရှုပ်က ကြည့်နေပါ၏။

ကြွက်စုတ်။   ။ ဟုတ်လား နည်းနည်းလောက် ရှင်းပြပါလား ဦးရုက္ခစိုးရယ်။ ကျွန်တော့် ဆွေမျိုးတွေကဖြင့် အဲဒီစာတမ်းကို ဖတ်ပြီး ထီချည်းပဲ ဖိထိုးနေကြတာ တဲ့။

ရုက္ခစိုး။   ။ လှူတယ်ဆိုတာက မင်းပိုင်တဲ့အရာကိုသာ လှူရမှာလေကွာ။ မင်းမပိုင်တဲ့အရာကို လှူလို့မှ မရတာ။ ထီထိုးလိုက်တဲ့ ငွေက မင်းငွေ မဟုတ်တော့ဘူးလေကွာ ။ ထီရောင်းတဲ့သူက ပိုင်သွားပြီလေကွာ။ မင်းပိုင်တာက ထီလက်မှတ်ပဲပိုင်တော့ တာပဲ။ ရောင်းတာနဲ့ ဝယ်တာပဲ ရှိတယ်လေ။ လှူတာမှ မရှိတာ။   လှူချင်တယ် ဆိုရင်တော့ မင်းက ထီလက်မှတ်မယူမှ ဖြစ်မှာပေါ့ကွ။ မင်းရတဲ့ ထီလက်မှတ်က မပေါက်တဲ့အခါကျမှ  ကျုပ်က အဲဒီငွေကို လှူတာဗျလို့ လုပ်လို့မရဘူးလေ။ မင်းငွေမှ မဟုတ်တော့တာ။

ကြွက်စုတ်။   ။ ဒီလို ဆိုတော့လည်း ဟုတ်သားပဲ။

ဖိုးရှုပ်။   ။ ဒါကြောင့်ပြောတာပေါ့။ မြန်မာပြည် ဆိုးသမျှကတော့ လောင်းကစားမှာတောင်မှ ဘာသာရေးနဲ့ လှည့်ဖျားတဲ့ အထိ ရောက်နေပြီဗျ။ 

ရုက္ခစိုး။   ။ ဒီ့ထက်ပိုဆိုးတာတွေ ရှိပါသေးတယ်ကွာ။ ဘုန်းကြီးတွေကတောင် ချဲဂဏန်းတွေ ပေးနေတယ် မဟုတ်လား။ တကယ်က သူတို့က ထိန်းရမှာ။

ဖိုးရှုပ်။   ။ စစ်အစိုးရကတော့ လူပဲဖြစ်ဖြစ် ဘုန်းကြီးပဲဖြစ်ဖြစ် နိုင်ငံရေးမှာစိတ်မဝင်စားရင်ပြီးတာပဲ။ ဒါကြောင့် လောင်းကစား တာတွေကို အားပေးနေတာပေါ့။

ရုက္ခစိုး။   ။ အော် ဒါနဲ့ ။ မင်းတို့ မကောင်းပြောလွန်းတဲ့ ကြံ့ဖွံ့အသင်းကြီးကလည်း နာရေးကူညီမှုအသင်းတွေကို မြန်မာပြည် အနှံ့ တည်ထောင်မယ်လို့ သတင်းထွက်နေပါလား။

ဖိုးရှုပ် ။   ။ လောလောဆယ်ကတော့ ရန်ကုန်က နာရေးကူညီမှုအသင်းကြီးကို ဝင်ရှုပ်နေတယ်လို့ ကြားတာပဲဗျ။ တနေ့ကပဲ တောင်ဥက္ကလာပက နာရေးကူညီမှုအသင်းပိုင်တဲ့ မော်တော်ကားတစီးကို အတင်းယူသွားသလိုလို ပြောနေတာပဲ။

ကြွက်စုတ် ။    ။ နာရေးကူညီမှုအသင်းကြီးလိုပဲ ကောင်းရာကောင်းကြောင်းတွေ လုပ်ချင်လို့ မဖြစ်နိုင်ဘူးလား။

ဖိုးရှုပ်။   ။ မင်းမလဲ တယ်ဒုံးဝေးတာပဲကွာ။ ကြံ့ဖွံ့အဖွဲ့ဆိုတာ လူမှုရေးအသင်းမဟုတ်ဘူးကွ။ လူမှုရေးလုပ်ဖို့ အစကတည်းက ဘာမှရည်ရွယ်ချက် မရှိဘူး။  ကြံ့ဖွံ့အသင်းရဲ့ ရည်ရွယ်ချက် ၅ ခုမှာ တိုင်းသူပြည်သားတွေရဲ့ လူမှုရေးကို အကူအညီပေးဖို့ တလုံးမှ မပါဘူးကွ။

ရုက္ခစိုး။   ။ ပြောစမ်းပါဦး။ သူတို့ရည်ရွယ်ချက် ငါးချက်ကို။

ဖိုးရှုပ် ။   ။ ပထမသုံးချက်က စစ်အစိုးရရဲ့တို့တာဝန်အရေးသုံးပါးလေ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး တဲ့။ နောက်နှစ်ချက်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေးနဲ့ အေးချမ်းသာယာသော ခေတ်မီ နိုင်ငံတော်ကြီးဖြစ်ပေါ်ရေးတဲ့ ခင်ဗျ။

ရုက္ခစိုး။  ။ ဟ ဟုတ်သားပဲ။ ဘယ်မှာလဲ လူမှုရေးရည်ရွယ်ချက်။ လက်စသပ်တော့ ကြံ့ဖွံ့အသင်းဟာ စစ်အစိုးရက မလိမ့်တပတ်တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီပဲကွ။

ဖိုးရှုပ်။  ။ အော်ဒါကြောင့် ကြံ့ဖွံ့အတွင်းရေးမှူးလုပ်တဲ့သူက ပြောတာပေါ့။ မကြာခင်မှာ နိုင်ငံရေးပါတီတခု အဖြစ်သို့ ကူးပြောင်းကောင်းကူးပြောင်းမယ်ဆိုတာ။

ကြွက်စုတ်။   ။ ဒုက္ခပါပဲကွာ။ ငါ့ တူတွေ တူမတွေက ကျောင်းသားတွေဆိုတော့ မဝင်မနေရဆိုပြီး ကြံ့ဖွံ့ထဲ ဝင်ရတာ အခုတော့ နိုင်ငံရေးပါတီထဲဝင်ထားရတာ ဖြစ်နေပီပေါ့။

ရုက္ခစိုး။    ။ ကြံ့ဖွံ့ထဲဝင်ရင် ဧည့်စာရင်းတိုင်စရာ မလိုဘူးဆိုလို့ ဝင်ထားတဲ့ လူတွေလည်း တပတ်ရိုက်ခံရတာပေါ့။

ဖိုးရှုပ်။     ။ တပတ်ရိုက်တာ ဘယ်ကမလဲဗျာ။ အပတ်တရာလောက်ကို ရိုက်တာ။ ဒါကြောင့် အခုဆိုရင် ကြံ့ဖွံ့အသင်းဝင်က သန်း၂၀ ကျော်နေတာပေါ့။

ရုက္ခစိုး။   ။ နေပါဦး အခုကျမှ ဘာကြောင့် သူတို့က လူမှုရေးတွေ နာရေးကူညီမှုတွေကို ရေးကြီးသုတ်ပျာ လိုက်လုပ်ချင်နေရတာတဲ့တုံး။

ဖိုးရှုပ်။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လူမှုရေးတွေလုပ်၊ ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း လူမှုရေးတွေ လုပ် ၊ စာရေးဆရာတွေ ကဗျာဆရာတွေ ရုပ်ရှင်ဂီတ အနုပညာရှင်တွေကလည်း နိုင်ငံရေးမဖက် လူမှုရေးသက်သက်ကို စေတနာသန့်သန့်နဲ့ လုပ်နေလေတော့ ပြည်သူလူထုက အလွန်ချစ်ခင်လေးစားပြီး အားပေးကြတယ်လေ။ ဒါကို မနာလိုဝန်တို စိတ်တွေဖြစ်ပြီး နင်တို့လုပ်တာ မကောင်းဘူး ငါလုပ်မှကောင်းမှာဆိုပြီး အမျိုးမျိုး လိုက်နှောက်ယှက်၊ နေရာအတင်းဝင်ယူဖို့ ကြိုးစားနေတာပဲ။

ရုက္ခစိုး။   ။ နင်လုပ်တာကောင်းတယ်။ ငါလည်း နင့်လို ကောင်းတာ လိုက်လုပ်မယ် ဆိုရင် အကောင်းတွေ စုပေါင်းမိပြီး
တို့ မြန်မာနိုင်ငံကြီး ကောင်းသွားမှာ မဟုတ်ဘူးလား။ တယ်လွဲတဲ့ သူတွေပဲ။

ဖိုးရှုပ်။   ။ သူများလုပ်တာကို လိုက်နှောက်ယှက်တာတို့ အခုမှ လူမှုရေးကို အတင်းကာရော လိုက်လုပ်ချင်တာက အကြောင်းရှိတယ် ဦးရုက္ခစိုးရေ။

 ရုက္ခစိုး။   ။ ဘာအကြောင်းလဲကွ။

ဖိုးရှုပ်။   ။ နိုင်ငံရေးမဖက် လူမှုရေးသက်သက်လုပ်တဲ့အဖွဲ့တွေကို နိုင်ငံတကာက ငွေကြေးအမြောက်အများ ထောက်ပံ့ကူညီ မယ်လို့ သတင်းထွက်နေတယ်လေ။ ကြံ့ဖွံ့က ဒီငွေကို သွားရည် ယိုနေတာ။ ဒါကြောင့် လူမှုရေးအသင်းတွေ မကြာခင် ဖွဲ့လိမ့်မယ်။ အခုလူမှုရေးလုပ်နေတဲ့သူတွေကိုလည်း သူတို့နဲ့ ပေါင်းလုပ်မှ ဆက်လုပ်ခွင့်ပေးလိမ့်မယ်။ မယုံရင် စောင့်ကြည့်။ ကျွန်တော်ပြောတာမမှန်ရင် ဟောဒီမှာ ...

ဖိုးရှုပ်က သူ့လည်ပင်းကို လက်ဝါးစောင်းဖြင့် ဖြတ်သလို လုပ်ပြလိုက်သည်။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.