ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၄၀)
ရန်ကုန်သားတာတေ
ညောင်ပင်အောက်သို့ အဖြူရောင်ဝတ်စုံနှင့် လူနှစ်ယောက်ရောက်လာချိန်တွင် ရုက္ခစိုးကတော့ ဟိုး ... ထိပ်က ညောင်ကိုင်း ပေါ်မှာ မှန်ပြောင်းတလက်နှင့် အလုပ်ရှုပ်နေတုန်း။ မိုးရွာလိုက် နေပူလိုက်၊ မြောက်ပြန်လေအေး တိုက်လိုက်နှင့် ရာသီဥတုက မြန်မာစစ်အစိုးရလို မတည်မငြိမ်ဖြစ်နေဆဲကာလမို့ ချင်းမိုင်မြို့ထဲလည်း မရောက်။ မြန်မာဘုရားဖူးတချို့ပြောသည့် သတင်းလောက်ပဲ သိရသည်။ အမျိုးသားညီလာခံကြီးပဲ ပြီးတော့မှာလိုလို။ ၈၈ကျောင်းသားတွေအားလုံးကို အင်းစိန်ထောင် ထဲသို့ ပို့တော့မလိုလို။ နောက်ပြီး မိုးတွေရွာ၊ ဆည်တွေကျိုးပြီး မြန်မာတနိုင်ငံလုံး ရေနစ်နေသလိုလို။ ထိုကြောင့် တိကျသော သတင်းလေးများ မြင်လိုမြင်ငြား နေထွက်ကတည်းက ညောင်ကိုင်းပေါ်တက်ပြီး မှန်ပြောင်းဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေ ခဲ့ခြင်းပါပဲ။
ဖိုးရှုပ်။ ။ ဗျို့ဦးရုက္ခစိုး ... ။
ရုက္ခစိုးက အသံကြားရာဆီသို့ ငုံ့ကြည့်တော့ အပေါ်ဖြူအောက်ဖြူနှင့် လူနှစ်ယောက်ကိုတွေ့ရသည်။ ရုတ်တရက် ဖိုးသူတော် တွေများလားဟုပင် ထင်လိုက်မိသည်။ မြန်မာပြည်က ဖိုးသူတော်တွေ ချင်းမိုင်လာပြီး ဘုရားဖူးလေသလား။ သို့သော် အသံကတော့ ကြားဖူးနေကျအသံ။ ဖိုးရှုပ်အသံလိုလို။ နောက်မှ ပြန်သတိရသည်။ အင်း ... သူကောင်းသားနှစ်ယောက်ပဲ ဖြစ်ရမည်။
ရုက္ခစိုး။ ။ ဘယ်လိုလဲကွ အပေါ်ဖြူအောက်ဖြူနဲ့ ။ ငါက မြန်မာပြည်ကလာတဲ့ ဖိုးသူတော်တွေလို့ ထင်နေတာ။
ကြွက်စုတ်။ ။ ဒီနေ့က စပယ်ရှယ်နေ့လေ ဦးရုက္ခစိုးရဲ့။
ဖိုးရှုပ်။ ။ ဟုတ်တယ်လေ ဦးရုက္ခစိုးက မေ့နေပြီလား။ နေ့ထူးနေ့မြတ်ကို။
ရုက္ခစိုးက ခေါင်းကို ကုတ်သည်။ သည်နေ့က ဘာတွေ ရှယ်တာလဲ။ ဘာတွေထူးပြီး ဘာတွေမြတ်တာလဲ။
ရုက္ခစိုး။ ။ အင်း ငါသိသလောက်ကတော့ ဒီနေ့ဟာ ဗုဒ္ဓဟူးနေ့ပဲကွ။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကလည်း လုပ်ပြီ။ ဒီနေ့ဟာ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့မွေးနေ့လေ။ တခေတ်မှာ တယောက် ရဲရဲတောက်ပေါ်လာတဲ့ ကျနော်တို့ ခေါင်းဆောင်ရဲ့ မွေးနေ့လေ။ ဒါကြောင့် ကျနော်တို့လည်း အရင်နေ့တွေက အပေါ်အင်္ကျီလောက်ပဲ အဖြူဝတ်တာကနေ ဒီနေ့တော့ ဘောင်းဘီပါ အဖြူဝတ်ပြီး အထူးဂုဏ်ပြုလိုက်တာပဲခင်ဗျ။
ရုက္ခစိုး။ ။ မသိပါဘူးကွာ သတင်းရေးရတာ မဟန်တာနဲ့ ဖိုးသူတော်များ ဝတ်သွားပြီလားလို့ထင်နေတာ ဟဲဟဲ။
ကြွက်စုတ်။ ။ ဟဲဟဲတွေ ဟီးဟီးတွေ လုပ်မနေနဲ့ ဦးရုက္ခစိုးလည်း အဖြူရောင်အဆင်တန်ဆာ လဲလေဗျာ။
ဖိုးရှုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး ဒီနေ့ဟာ မင်းကိုနိုင်ရဲ့မွေးနေ့လည်း ဖြစ်တယ်။ အဖြူရောင်လှုပ်ရှားမှု နောက်ဆုံးနေ့လည်းဖြစ်တယ်။
ရုက္ခစိုး။ ။ မင်းတို့ကလည်းကွာ ရုက္ခစိုးက တကိုယ်လုံးဖြူလို့ ဘယ်ကောင်းပါ့မလဲကွာ။ နောက်ပြီး အဖြူရောင်ရုက္ခစိုး ဝတ်စုံကလည်း မရှိဘူးကွ။
ကြွက်စုတ်။ ။ ကဲ ဒီလိုဆိုရင်လည်း ဒါကလေးတော့ ဆောင်ဗျာ။
ကြွက်စုတ်က ပြောပြောဆိုဆို လက်ကိုင်ပုဝါအဖြူရောင်တထည်ကို ရုက္ခစိုး၏ လက်ထဲ ထည့်ပေးလိုက်သည်။ ရုက္ခစိုးက လက်ကိုင်ပုဝါအဖြူကို ကြည့်လိုက် ကြွက်စုတ်နှင့် ဖိုးရှုပ်ကိုကြည့်လိုက် ဘာလုပ်ရမှန်းမသိ။
ဖိုးရှုပ်။ ။ ကဲကဲ လက်ထဲကိုင်ထားမနေပါနဲ့ ရော့ရော့ တွယ်ချိတ်ကလေးနဲ့ ရင်ပတ်မှာ တွယ်ထားလိုက်ပါ။
ဖိုးရှုပ်က ပြောပြောဆိုဆို တွယ်ချိတ်နှင့် ရင်ပတ်မှာ ချိတ်ပေးလိုက်သည်။
ရုက္ခစိုး။ ။ ကဲကဲ မင်းတို့အဖြူရောင်လှုပ်ရှားမှုထဲမှာ ငါလည်း ပါနေပါပြီ။ လုပ်စမ်းပါဦး သတင်းပလင်းလေး။
ဖိုးရှုပ်။ ။ သိတဲ့အတိုင်းပါပဲ ။ ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေကို မလိမ့်တပတ်လုပ်ပြီး ခေါ်သွားတယ်ဗျာ။ အခုထက်ထိ ပြန်မလွှတ်ပေးသေးဘူး။ ဒီနေ့ဆိုရင် မင်းကိုနိုင်မွေးနေ့ဗျာ ။ ဘယ်လောက် ပြန်လွှတ်ပေးဖို့ ကောင်းလဲ။
ကြွက်စုတ်။ ။ ပြန်မလွှတ်ပေးရုံတင် ဘယ်ကမလဲ။ သတင်းစာထဲမှာတောင် ကျောင်းသား အယောင်ဆောင်တွေ ဆိုပြီး တိုက်ခိုက်ရေးသားထားသေးတယ်။ နောက်ပြီး ဖြတ်လမ်းက အာဏာယူချင်လို့ ဆိုပြီးတော့လည်း စွပ်စွဲတယ်။ လေသံကြားရတာ ထောင်သွင်းအကျဉ်းချဖို့ ပြင်နေပြီနဲ့ တူပါရဲ့။
ရုက္ခစိုး။ ။ သူတို့မှာလည်း ဒါကလွဲလို့ ဘာမှ မလုပ်တတ်ဘူးလေကွာ။ သူ့ ကို အပြစ်ပြောမယ့်သူ ဝေဖန်မယ့်သူဆိုရင် ဖမ်းမယ် ဆီးမယ် ထောင်ချမယ် ဒါပဲ လုပ်တတ်တာလေ။ ပြန်ဖြေရှင်းဖို့ဆိုတာ တတ်မှ မတတ်ရှာပဲကိုးကွ။ အင်း သေနတ် မောင်းဖြုတ်တတ်တာနဲ့ တိုင်းပြည်အုပ်ချုပ်နိုင်မယ်ထင်နေတာ ဆိုးလှသကွာ။
ကြွက်စုတ်။ ။ ပြည်တွင်းက ဝေဖန်ရေးသမားတွေဆိုရင် ထောင်ချမယ်။ အပြင်က ဝေဖန်တဲ့သူဆိုရင် တရားမဝင်အဖွဲ့ဆိုပြီး ကြေညာမယ်။ သူကျတော့ တရားဝင်တာကျနေတာပဲ။
ဖိုးရှုပ်။ ။ ကုလသမဂ္ဂကိုတောင် တရားမဝင်အဖွဲ့ လုပ်ချင် လုပ်ဦးမှာကွ။ ကြည့်ပါလား အခု အမျိုးသားညီလာခံမှာ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကို အပုပ်ချနေပြီ။ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေခမျာလည်း ရေးလိုက်ရတာ။ လုံခြုံရေးကောင်စီကို ကန့်ကွက်တဲ့အကြောင်း။
ရုက္ခစိုး။ ။ နီးရာဓား ကြောက်ရတာကိုးကွ။ အော် ဒါနဲ့ အပြင်မှာလဲ ၈၈ ကျောင်းသားအဖွဲ့တခု ထပ်ပေါ်နေတယ်ဆို ဟုတ်လား။
ကြွက်စုတ်။ ။ ဒါကတော့ ဦးရုက္ခစိုးရယ် ... မင်းကိုနိုင်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသားကို ပြည်သူလူထုက ချစ်ခင်လေးစား လာတော့ ဒီလိုပဲ ဟိုလူကလည်း ၈၈ အဖွဲ့ ဒီလူကလည်း ၈၈ အဖွဲ့ ဖွဲ့ချင်လာတာပေါ့။ ဘာဆန်းသလဲ။
ရုက္ခစိုး။ ။ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် လုပ်သင့်မလုပ်သင့်ဆိုတာတော့ ဆင်ခြင်သင့်တယ်ကွ ။ အရင်တလော ကလည်း အေးလွင်ဆိုသူက ၈၈ ကျောင်းသားလူငယ်အဖွဲ့ ဆိုပြီး ထင်ယောင်ထင်မှား လုပ်သေးတယ်လေ။ နောက်ပြီး ပြည်သူလူထုကို ဇဝေဇဝါ ဖြစ်အောင်လုပ်တဲ့စကားတွေ လျောက်ပြောတာပဲ မဟုတ်လား။ အမျိုးသားညီလာခံတက်မယ်တို့ ဘာတို့။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးပြောတာမှန်တယ် ငကြွက်ရ။ ကိုယ့်အရည်အချင်းကိုယ်ယုံရင် ဘာမှ ဒုတိယဖိုးစိန်လိုက်လုပ်နေစရာ မလိုဘူး။ ခေါင်းဆောင်ဆိုပြီး သူများနာမည် လိုက်သုံးနေလို့ကတော့ ဘယ်သူက သူ့နောက် လိုက်မလဲကွ။
ရုက္ခစိုး။ ။ ဟုတ်တယ် ... မင်းကိုနိုင်တို့ အလုပ်ကို အားပေးချင်ရင် ရိုးရိုးသားသား အားပေးတာ ကောင်းပါတယ်။ ပူးပေါင်း လုပ်ချင်ရင်လည်း မင်းကိုနိုင်ရဲ့လမ်းညွှန်မှုကို လက်ခံပြီး လုပ်တာ ကောင်းပါတယ်။ နာမည်ကို ဆင်တူယိုးမှားယူပြီး တစင်ထောင်တာကတော့ ရှင်းရှင်းပြောရရင် အချင်းချင်းဖျက်ဆီးတာပဲကွ။ ဗုဒ္ဓဘာသာမှာ ဒီအလုပ်မျိုးဟာ အပြစ်အကြီး ဆုံးပဲ။ သံဃာသင်းခွဲတယ်လို့ ခေါ်တယ်။ ဒေဝဒတ်လုပ်တာ ဒီအလုပ်မျိုးပေါ့။
ကြွက်စုတ်။ ။ ဟုတ်သလား ဒီလောက် ဆိုးသလား။
ရုက္ခစိုး။ ။ ဆိုးတာပေါ့ကွာ။ တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာ ဒီလို သင်းခွဲတာတွေကြောင့် အချင်းချင်းစိတ်ဝမ်းကွဲပြီး ရည်မှန်းချက်ပျက်ခဲ့ရတဲ့ သာဓကတွေ အများကြီးရှိတယ်။ ဂျီစီဘီအေခေတ် တို့ဗမာအစည်းအရုံးခေတ်ကနေ လွတ်လပ်ရေး ရပြီးတဲ့ ဖဆပလခေတ်အထိ ဒီလိုအချင်းချင်းကွဲရာကနေ စစ်အာဏာရှင်စနစ်ထဲ ဇောက်ထိုးကျခဲ့ရတာ မဟုတ်လား။ ဒီစနစ်ဆိုးကြီးထဲကနေ မထွက်ချင်သေးရင်တော့ သင်းခွဲတာမျိုးတွေ လုပ်ကြပေါ့ကွာ။
ဖိုးရှုပ်။ ။ လုပ်ချင်လည်း လုပ်မှာပဲ ဦးရုက္ခစိုးရေ။ တော်လှန်ရေးအဓွန့်ရှည်ပါစေလို့ ဆုတောင်းနေတဲ့သူတွေလည်း မရှားဘူးခင်ဗျ။
ကြွက်စုတ်။ ။ အော် ဒါနဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအဖွဲ့အစည်းက လူတယောက်ရဲ့မွေးနေ့အကြောင်းကို စစ်အစိုးရရဲ့ သတင်းစာမှာ သတင်းအဖြစ် ဖော်ပြထားတာ ဦးရုက္ခစိုး သိပြီးပြီလား။
ရုက္ခစိုး။ ။ ဟုတ်လား။ မသိဘူးကွ။ ဘယ်သူ့မွေးနေ့လဲ။
ကြွက်စုတ်။ ။ ဦးအေးသာအောင်မွေးနေ့တဲ့။ ဒါကို ထူးဆန်းသောမွေးနေ့ဖြစ်တယ် ဆိုပြီး လှောင်ပြောင် ရေးထားတဲ့ သတင်းပဲ။
ရုက္ခစိုး။ ။ ဘာလို့ ထူးဆန်းတာတဲ့လဲ။
ကြွက်စုတ်။ ။ ဒါဟာ သူ့မွေးနေ့ မဟုတ်ဘူးတဲ့ ။ ဖျက်သိမ်းခံလိုက်ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နှစ်ပတ်လည်နေ့သာ ဖြစ်တယ်တဲ့။ ဒါကြောင့် ထူးဆန်းတယ်တဲ့။
ရုက္ခစိုး။ ။ ဟုတ်လား။ ပါတီနှစ်ပတ်လည်ကို ကိုယ့်မွေးနေ့ဆိုပြီး လုပ်တာ ထူးဆန်းသတဲ့လား။
ကြွက်စုတ်။ ။ စစ်အစိုးရသတင်းစာကတော့ ထူးဆန်းသောမွေးနေ့အကြောင်းဆိုပြီး ခေါင်းတပ်ရေးထားတာပဲ။
ရုက္ခစိုး။ ။ ဒါဆိုရင် စစ်အစိုးရက သူ့လူတွေချည်းရွေးချယ်ပြီးလုပ်ထားတဲ့ ညီလာခံကို တမျိုးသားလုံးက ကိုယ်စားလှယ် တွေပဲပါသလိုလို အဓိပ္ပါယ်မျိုးနဲ့ အမျိုးသားညီလာခံဆိုပြီး နာမည်တပ်တာကျတော့ ဘာကြောင့် ထူးဆန်းသော အမျိုးသား ညီလာခံဆိုပြီး သတင်းမရေးတာလဲ။
ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုးကလဲ။ ဒါက ဘာထူးဆန်းလို့လဲ။
ရုက္ခစိုး။ ။ သြော် မင်းတို့ကတောင် နအဖဘက် ပါနေပြီလား။
ဖိုးရှုပ်။ ။ မဟုတ်ဘူးလေ ဦးရုက္ခစိုးရဲ့။ တမျိုးသားလုံးနဲ့မဆိုင်ဘဲ ကိုယ့်လူနဲ့ကိုယ်လုပ်တဲ့ညီလာခံကို အမျိုးသားညီလာခံလို့ ခေါ်တာက အခုမှ ခေါ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၃ နှစ်ကတည်းက အကြိမ်ကြိမ်ခေါ်လာတာမို့ပါ။ အရင်ကလည်း လိမ်ဖို့ လုပ်တဲ့ညီလာခံ။ အခုလည်း လိမ်မြဲလိမ်နေတာပဲ။ ဒါကြောင့် စစ်အစိုးရရဲ့ညီလာခံကို ထူးဆန်းသောညီလာခံလို့ အမည်တပ်ပြီး သတင်းရေးလို့ မဖြစ်နိုင်ပါဘူး။ ရေးမယ်ဆိုရင် လိမ်ပြီးရင်းလိမ်နေသော ညီလာခံလို့သာ ရေးရမှာ မဟုတ်ပါလားခင်ဗျား။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |