#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၃၉)
ရန်ကုန်သားတာတေ

တရောင်တည်းမခြယ် ... အရောင်ဝဲလည် ... ရှုခင်းတွေက ... စုံလင်ပေတယ် ... ဆေးကူချက်တယ် ... အပေးအယူနဲ့ကွယ်
... စိမ်းမြမြ ယိမ်းကသလိုနှယ် ...

ဖိုးရှုပ်နှင့်ကြွက်စုတ်က ဤသို့ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းသီချင်းကို ကိုယ်ပိုင်စာသားတချို့နှင့် သံပြိုင်ဆို၍ ညောင်ရိပ်သို့ ဝင်လာသည်ကို ရုက္ခစိုးက ဆီးပြီးငေါက်လိုက်သည်။

ရုက္ခစိုး။     ။ အံမယ် ... ငါ့ညောင်ရိပ်ကို ကာရာအိုကေရုံများ မှတ်နေကြသလား မသိဘူး ... ဆိုကရေးတီးပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေကြတာလားကွ ... ဟေ ... လူတွေကြည့်တော့လည်း ဖိုးသူတော်တပိုင်း စတိုင်နဲ့ ...။

ဖိုးရှုပ်+ကြွက်စုတ်။     ။ ဟာဗျာ ... ဦးရုက္ခစိုးကလည်း ...။

ဖိုးရှုပ်နှင့်ကြွက်စုတ်က သံပြိုင် ပြန်ပြောလိုက်ပြန်သည်။ ရုက္ခစိုးက သိပ်မကြည်သည့်ပုံနှင့် ဤမူမမှန်သည့် နှစ်ကောင်ကို တခုခုမှားနေပြီဆိုသည့်သဘော ကြည့်နေလိုက်သည်။

ဖိုးရှုပ်။     ။ ဟဲ ... ဟဲ ... ဦးရုက္ခစိုးကလည်း ... စိတ်တိုတော့မလို့လား ... နေပါဦး ... ကျနော် ရှင်းလင်းပါ့မယ် ... ဗိုလ်ချုပ်ကျော်ဆန်းရဲ့ သတင်းစာ ရှင်းလင်းပွဲမျိုးတော့ မဟုတ်ဘူးနော် … ကြိုက်တဲ့မေးခွန်း ပြန်ထုတ်နိုင်တယ် …။

ဖိုးရှုပ်က ရုက္ခစိုးစိတ်တိုနေသည်ကိုသိ၍ တမင်ကလိလိုက်ခြင်းဖြစ်သည်။ ရုက္ခစိုးက တစုံတခုပြောရန် ပြင်လိုက်စဉ်မှာပင် ကြွက်စုတ်က ကမန်းကတန်း ကြားဖြတ်ဝင်ပြောလိုက်သည်။

ကြွက်စုတ်။     ။ ဒီ ... ဒီလိုပါ ဦးရုက္ခစိုးရဲ့ ... ဟို ... သီချင်းဆိုလာတာက ဆိုကရေးတီးပြိုင်ဖို့ မဟုတ်ပါဘူး ... ဟို ... အရောင်တွေရယ် … ယိမ်းအဖွဲ့တွေရယ်ကို သတိရပြီး ... အဲဒါ ...။

ရုက္ခစိုး။     ။ ဟေ့ကောင်တွေ မင်းတို့ဟာမင်းတို့ တခြားနေရာသွား ... ဒီနေရာမှာ ကျယ်လောင် ကျယ်လောင်တော့ လာမလုပ်နဲ့ ... ငါတောင် ဝစီပိတ်လေ့ကျင့်ပြီး နေရမလိုဖြစ်နေတာ ...။

မြန်မာ မာရှယ်လောကြောင့် ထိုင်းကို လာရောက်ခိုလှုံသော ရုက္ခစိုးက ယခုထိုင်းမာရှယ်လောနှင့် ကြုံနေရ၍ စိုးရိမ်မကင်း ဖြစ်နေသည့်လေသံဖြင့် ပြောလိုက်သည်။

ဖိုးရှုပ်။     ။ ဒီလိုပါ ဦးရုက္ခစိုးရယ် ... စိတ်မဆိုးပါနဲ့ ... အခု နအဖရဲ့ အမျိုးသားညီလာခံ ပြန်စပြီလေ ... အဲဒီညီလာခံက လူ ၁၀၀၀ ကျော်ကတဲ့ ယိမ်းအဖွဲ့ကြီးနဲ့တူလို့ စိမ်းမြမြယိမ်းကသလိုဆိုတဲ့ သီချင်းစာသားကို သတိရပြီးဆိုမိတာပါ ... စစ်တပ်ကလည်း အစိမ်းရောင် မဟုတ်လား။

ကြွက်စုတ်။     ။ ဟုတ်ပါတယ် ... ဦးရုက္ခစိုးရ ... ကျနော်တို့နှစ်ယောက် အဲဒါကိုသတိရပြီး ပြောဖို့ ဒီကိုလာတာပါ ... အခု ဝတ်ထားတဲ့ အင်္ကျီအဖြူရောင်ကတော့ ဦးရုက္ခစိုးများမေ့နေပြီလားမသိဘူး ... ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက်လုပ်တဲ့ အဖြူရောင်လှုပ်ရှားမှု သင်္ကေတလေ ... ၉ ရက်လုပ်မှာ ... ထိုင်းဘုရင် နန်းသက် ၆၀ ပြည့် အထိမ်းအမှတ်ဝတ်တဲ့ အဝါရောင်လိုပေါ့ ...။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တယောက်တလှည့်စီ ရှင်းလိုက်မှပင် ရုက္ခစိုးက အနည်းငယ် ဘဝင်ကျသွားဟန်ဖြင့် ...

ရုက္ခစိုး။     ။ အိမ်း ... ဒီလိုဆိုလည်း ... ရှိစေတော့ပေါ့၊ ဒါနဲ့ နေစမ်းပါဦးကွ ... ငါ ကြားမိသလောက်တော့ အဲဒီ နအဖ ညီလာခံက အခြေခံဥပဒေဆွဲနေတာ ၇၅ ရာနှုန်းပြီးနေပြီဆိုလား ... ၁၃ နှစ်မှာ ၇၅ ရာနှုန်းဆိုတော့ ကျန်တဲ့ ၂၅ ရာနှုန်းပြီးဖို့ နောက်ထပ် ၄ နှစ်လောက်တော့ အနည်းဆုံးကြာဦးမယ်နဲ့ တူတယ်။

ဖိုးရှုပ်။     ။ ဒါကတော့ ... ဦးရုက္ခစိုးရယ် … သူတို့ ပြီးချင်တဲ့အချိန် ပြီးလိုက်လို့ရတာပဲ၊ မပြီးချင်သေးဘူး၊ နောက် အနှစ် ၁၀၀ လောက်ကြာဦးမယ်ဆိုလဲ ကြာနိုင်တာပဲ၊ သူတို့မှာ အားလုံးအဆင်သင့် လုပ်ထားပြီးသားလို့လဲ ပြောနေသံတွေ ကြားရတယ်လေ။ ပြောနေကြတာကတော့ အခြေခံဥပဒေသစ်မှာ စစ်တပ်ကပဲ တကယ့်နေရာတွေကို ယူထားမယ်။ စစ်တပ်အလိုကျ အုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လုပ်ရမယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် … တက်လာတဲ့ ကိုယ်စားလှယ်တွေရဲ့ တာဝန်ကတော့ ခေါင်းညိတ်ဖို့ပဲတဲ့။

ကြွက်စုတ်။     ။ ဒါဆိုရင် အစည်းအဝေးတက်ရင်း ဇက်ညောင်းလို့ အမှတ်တမဲ့ ခေါင်းခါမိရင်တော့ မလွယ်ကြောပေါ့နော်။

ဖိုးရှုပ်။     ။ ဒီလို လုပ်မိလို့ကတော့ ထောင်တသက် လွတ်ရက်မရှိပေါ့ကွာ။ အမျိုးသားညီလာခံကို ဆန့်ကျင်ရင် ပြင်းထန်စွာ အရေးယူမယ်လို့ ဥပဒေထုတ်ထားတယ်လေ။

ကြွက်စုတ်။     ။ ဒါဆိုရင်တော့ ကိုယ်စားလှယ်တွေအားလုံးဟာ Yes Man တွေချည်းဖြစ်တာ သေချာနေပြီပေါ့။

ရုက္ခစိုး။     ။ ဘာလဲကွ … ရက်စမင်း ဆိုတာ …။

ကြွက်စုတ်။     ။ မှန်လှပါဘုရား … ကောင်းလှပါဘုရား … ဟုတ်လှပါဘုရားလို့ပဲ ပြောတတ်တဲ့သူတွေပေါ့ ဦးရုက္ခစိုးရယ် … ဟဲဟဲ …။

ရုက္ခစိုးက ကြွက်စုတ်စကားကို ကြားရသော် ပြုံးရမလို မဲ့ရမလို ဖြစ်သွားရာမှ ရုတ်တရက် သူ၏မှန်ပြောင်းကို ကောက်ယူလိုက်သည်။

ရုက္ခစိုး။     ။ နေဦးကွ ... ငါတချက် ညောင်နှစ်ပင်ဘက်ကို အာရုံခံလိုက်ဦးမယ် ...။

ရုက္ခစိုးက ပြောပြောဆိုဆို မြန်မာပြည်ဘက်သို့ မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။

ကြွက်စုတ်။     ။ ဘာတွေတွေ့လဲ … ဦးရုက္ခစိုးရ ...။

ရုက္ခစိုးက ဘာမှပြန်မပြောဘဲ လက်ကာပြပြီး မှန်ပြောင်းပြန်ကြည့်နေပြန်သည်။

ဖိုးရှုပ်။     ။ ညောင်နှစ်ပင်ယိမ်းအဖွဲ့ကြီး တွေ့ရမှာပေါ့ကွာ ...။

ဖိုးရှုပ်က ဝင်နောက်လိုက်သည့်အတွက် ရုက္ခစိုးက သူကြည့်နေသည့် မှန်ပြောင်းကို ပြန်ခွာလိုက်ပြီး ...

ရုက္ခစိုး။     ။ ဟေ့ကောင်တွေ ... အဲဒီညောင်နှစ်ပင်မှာ ငါမြင်သလောက်ကတော့ ညီလာခံကိုယ်စားလှယ်တွေအတွက် ကိစ္စများစရာတွေ စီစဉ်ထားတာတွေ့ရတယ်ကွ ...။

ကြွက်စုတ်။     ။ ဟာ … ဦးရုက္ခစိုးကလည်း ဒီကိုယ်စားလှယ်တွေက ထောက်ခံပါတယ် ... မှန်ပါတယ်ဆိုတာကို ... ပြောရဖို့ပဲရှိတဲ့ဥစ္စာ ... ဘာမှကိစ္စများစရာ မရှိပါဘူးဗျာ ...။

ရုက္ခစိုး။     ။ ဘာလို့လဲဆိုတော့ ... အပန်းဖြေဖို့ … နားနေဖို့ အဆောင်တွေ၊ ရုပ်ရှင်ဗီဒီယို၊ အငြိမ့်၊ တေးဂီတပွဲ၊ ပဒေသာကပွဲတွေအပြင် ... ကျန်းမာရေးလိုက်စားဖို့ လမ်းလျှောက်တာကနေ ဂေါက်ရိုက်တာအဆုံး အပြည့်အစုံစီစဉ်ထားတယ်ကွ ...၊ အလှပြင်ဆိုင်တို့ … ဆံပင်ညှပ်ဆိုင်တို့ … စားသောက်ဆိုင်တို့တောင်ပါသေး ...။

ဖိုးရှုပ်။     ။ အဲဒါတွေနဲ့ ကိုယ်စားလှယ်တွေက အလုပ်တွေများပြီလို့ ပြောတာပေါ့။ သူတို့က အစုအဖွဲ့တွေနဲ့ လုပ်ရမှာကကော …။

ရုက္ခစိုး။     ။ ငါတော့ မမြင်ပါဘူးကွာ ... ငါပြောတာ လိုတောင်လိုနေသေးတယ် ... အဲဒီညောင်နှစ်ပင်မှာ ဝင်းသူဇာ အရောင်းဆိုင်တို့ … G.E.C အရောင်းဆိုင်တို့ ဖွင့်ပေးထားတာလည်းရှိတယ်ကွ ... အိမ်က မဟေသီတွေနဲ့ သမီးတော်တွေက အမှာတော်ရှိလိုက်တဲ့ ပစ္စည်းပစ္စယတွေကို ဝယ်ယူထုပ်ပိုးပို့ဆောင်ဖို့ လုပ်ရတာတွေနဲ့ဆိုရင် ... ကိုယ်စားလှယ် အချင်းချင်းတောင် အလ္လာပသလ္လာပ ပြောချိန်တောင် ရပါ့မလားမသိဘူးကွ ...။

ကြွက်စုတ်။     ။ အေး ... ဟုတ်တယ်ကွ ဖိုးရှုပ်ရ ... အဲဒီအရောင်းဆိုင်က ရတဲ့တချို့ပစ္စည်းတွေဆို ပြန်ရောင်းရင် အမြတ် ရမှာဆိုတော့ တွက်ခြေကိုက်အောင် လုပ်ကြတာလည်းပါမယ်ကွ ... ဦးရုက္ခစိုးတွက်ထားတဲ့အတိုင်း ဖြစ်နိုင်တယ်ကွ ...။

ကြွက်စုတ်က ရုက္ခစိုးဘက်ကို မသိမသာထောက်ခံပြောပြောနေသည်ကို ဖိုးရှုပ်က အနည်းငယ် အမြင်ကပ်သွားပြီး ...

ဖိုးရှုပ်။     ။ ဒါပေမယ့် အဲဒီကိုယ်စားလှယ်တော်ကြီးများအနေနဲ့ … အနေအထိုင် သက်သာချောင်ချိဖို့တော့ မလွယ်ဘူး ထင်တယ် ... ဖွင့်ပွဲနေ့က ပြန်ကြားရေးဝန်ကြီးရဲ့ ရှင်းလင်းတင်ပြချက်ထဲမှာ ... ကိုယ်စားလှယ်တွေ စောင့်ထိန်းရမယ်ဆိုပြီး တားမြစ်ချက်တွေကလည်း များမှများပဲ ...။

ကြွက်စုတ်။     ။ ဒါကတော့ကွာ … လုံခြုံရေးအရပေါ့ကွာ ... ကိုယ်စားလှယ်တော်တွေ သက်သောင့်သက်သာ ဖြစ်အောင် စီစဉ်ထားမှာပါကွ ...။

ရုက္ခစိုး။     ။ အေး … ငါ့ မှန်ပြောင်းထဲ မြင်ရတဲ့အနေအထားအရတော ... ကိုယ်စားလှယ်တွေ ညီလာခံပြီးလို့ ပြန်ခိုင်းရင်တောင် … မပြန်ချင်အောင် သက်သောင့်သက်သာရှိဖို့ ပြင်ဆင်ထားတာတွေပဲကွ ...။

ဖိုးရှုပ်က သိပ်ဘဝင်မကျချင်သော လေသံဖြင့် …

ဖိုးရှုပ်။     ။ လူ့အခွင့်အရေးကို အဆိုးဝါးဆုံးချိုးဖောက်နေတဲ့ စစ်အစိုးရ … ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အစိုးရ … ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူခံရတော့မယ့် စစ်အစိုးရ … ဒီလိုအစိုးရရဲ့အစီအစဉ်နဲ့ သက်သက် သာသာလေး နေချင်တယ်ဆိုလို့ရှိရင် ... အဲဒီထက်ပိုပြီး သက်သာသွားအောင် ...

ဖိုးရှုပ်က စကားကိုရပ်ထားလိုက်ပြီး ရုက္ခစိုးနှင့် ကြွက်စုတ်တို့မျက်နှာကို ကြည့်လိုက်သည်။

မနေနိုင်သော ကြွက်စုတ်က ...

ကြွက်စုတ်။     ။ သက်သာသွားအောင် ဘာဆက်လုပ်ရမှာလဲ ...။

ဖိုးရှုပ်။     ။ နာရေးကူညီမှုအသင်းကိုပါ ကြိုပြီး အကူအညီတောင်းထားရင် မကောင်းဘူးလား ...။

ဖိုးရှုပ်၏ပြောစကားကြောင့် မှန်ပြောင်းတဆဆလုပ်နေသော ရုက္ခစိုးနှင့် နိုင်ငံရေးသုတေသီယောင်ယောင် ဂိုက်ဖမ်းပြီး ဆွေးနွေးနေသည့် ကြွက်စုတ်တို့နှစ်ဦးမှာ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိတော့သဖြင့် ဆွေးနွေးပွဲ တခန်းရပ်သွား ပါတော့သည်။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.