ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၄၄)
ရန်ကုန်သားတာတေ
ရုက္ခစိုး ။ ။ သြော် စစ်အစိုးရ၊ စစ်အစိုးရ - တော်တော်လေး သမာသမတ် ကျလိုက်တာနော် … သူ့ဟာသူ ပြောချင်ရာပြော လုပ်ချင်ရာလုပ်နဲ့။ ပြန်မလှန်ရဲလို့ ခေါင်းငုံ့ခံနေရတဲ့ ပြည်သူတွေကပဲ သူ့ထောက်ခံသလိုလို ဖြစ် .. ဖြစ်ရသေးတယ်။
ရုက္ခစိုးကြီးသည် ညောင်ပင်ကိုမှီလျက် တစုံတရာကို တကိုယ်တည်း ညည်းညူသလိုလို၊ ကိုယ်ရောင် ဖျောက်ထားတဲ့ နတ်တပါးပါးကိုပဲ အစီရင်ခံစာ တင်သွင်းနေသလိုလို ပါးစပ်က ပွစိပွစိ၊ မျက်နှာကို ပြုံးလိုက်၊ မဲ့လိုက် တခါတခါ ခန္ဓာကလည်း ယိမ်းထိုးလိုက် လုပ်နေ၏။
ကြွက်စုတ် ။ ။ ဗျို့ ဦးရုက္ခစိုး တယောက်ထဲ ပွစိပွစိနဲ့ စိုင်းစိုင်းရဲ့ ရက်ပ် သီချင်းထဲမှာ “သူ့ပြန် မလှန်ရဲလို့ ခေါင်းငုံခံနေရ ဘာညာကွိကွ … ” စာသားလဲ မကြားဖူးသေးဘူး။ စာသားတွေ ကတော့ အမိုက်စားပဲ။ ဘယ်သူ့သီချင်းလဲဗျ။ ဂျေး - မီ လား။
ဖိုးရှုပ် ။ ။ ဘယ်ကလာ ဂျေး - မီ ရမှာလဲ။ အဲဒါ ပို့စ် မော်ဒန် ကဗျာ ရွတ်နေတာကွ။ ကြွက်စုတ်ရ။ မှန်မှန်ပြော ဦးရုက္ခစိုး .. အဲဒါကိုယ်ပိုင်လား၊ မှီငြမ်းလား။ ကျွန်တော့မိတ်ဆွေ မဂ္ဂဇင်းကိုပို့ပေးမယ်။ စာမူခကတော့ တယောက်တ၀က်နော်။
ကြွက်စုတ် ။ ။ အရေးထဲမှာ မင်းက ပွဲစားဝင်လုပ်နေပြန်ပြီ။
ရုက္ခစိုး ။ ။ ဒီကောင်တွေကွာ၊ မမေးမစမ်းဘဲ ထင်ရာတွေလွှတ်ပြောတဲ့ အကျင့်ကြောင့် မင်းတို့ .. ခက်ပါတယ်ကွာ။ ဒီမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ အမျိုးသားနေ့သ၀ဏ်လွှာဖတ်ပြီး ရယ်ရမလား၊ စိတ်ဆိုးရမလား စဉ်းစားရင်း တယောက်ထဲ ညည်းတွား နေမိတာပါကွာ။ ရက်ပ်တွေ၊ ပို့စ်မော်ဒန် တွေကို မခံစားတတ်ပါဘူး ငါတို့လို ရုက္ခစိုး ဆိုတာ ကလပ်စစ်ကယ်သမားတွေကွ။
ကြွက်စုတ် ။ ။ ထားပါတော့ဗျာ။ အိုးလ် ကလပ်စစ်ကယ်ပဲ ဖြစ်ဖြစ်၊ ပို့စ်ကလပ်စစ်ကယ်ပဲ ဖြစ်ဖြစ်။ မင်းတရားကြီးက ဦးရုက္ခစိုးကို .. အဲ .. အမျိုးသားနေ့ သ၀ဏ်လွှာမှာ ဘာတွေပြောထားလို့တုံး။
ရုက္ခစိုးကြီးက ဘယ်သူမှ မသိသေးသော သတင်းထူးကို ဦးဦးဖျားဖျား ပြောခွင့်ရသည့် သူ၏ မျက်နှာမျိုးဖြင့် ..
ရုက္ခစိုး ။ ။ လျှောက်ရေး၊ လျှောက်ပြောထားတာတွေကတော့ အများကြီးပေါ့ကွာ။ ပြည်သူကပဲ စစ်တပ်နဲ့ တသားထဲလိုလို၊ နယ်ချဲ့ကို သူတို့ တလွဲစစ်တပ်ကဘဲ တော်လှန်ခဲ့သလိုလိုနဲ့။ အမှန်က အမျိုးသားရေး လှုပ်ရှားမှုသမိုင်းတွေကို ခေါင်းစဉ် တပ်ပြီး သူလိုရာကို ဆွဲပြောနေတာကွ။ အချုပ်ကတော့ကွာ သူတို့ရဲ့ လိုတရ မာလ်တီမြေပုံပေါ့ကွာ။ ပြည်သူတွေလည်း ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီလိုချင်ရင် လမ်းပြမြေပုံ ၇ ချက်နဲ့အညီ သွား၊ နေ၊ စား၊ အိပ် ဒါဘဲပေါ့။
ဖိုးရှုပ် ။ ။ ဟားဟား .. ကြိုက်သွားပြီဗျို့။ လိုတရ မာလ်တီမြေပုံ ဟုတ်စ။ ကြွက်စုတ်ရေ၊ အဲဒီ မာလ်တီမြေပုံတွေ ကော်ပီ လုပ်ပြီး ခေတ်မမီသေးတဲ့ ဒီမိုကရေစီနိုင်ငံတွေကို တင်သွင်းရင် ဒို့တော့ ထောပြီဟေ့။
ကြွက်စုတ် ။ ။ ဒါပေါ့ကွ။ ခေတ်ကိုက မာလ်တီမြေပုံခေတ်ကွ။ အချက် ၇ ချက်ပါတဲ့ လမ်းပြမြေပုံ ခေတ်ကွ။ အမေရိကန်က ပိတ်ဆို့တာတွေ စတဲ့အချိန်ကဆိုရင် တို့တိုင်းပြည် ဘာဖြစ်ဖြစ် အမေရိကန်က ပိတ်လို့ ဖြစ်တာဆိုပြီး ပြောသေးတာ မဟုတ်လား။
ရုက္ခစိုး ။ ။ ဟုတ်ပါ့ဗျာ။ ဒါကြောင့်ပဲ ပြည်တွင်းမှာ လူတွေအချင်းချင်း စကားပြောရင် အမေရိကန်က ပိတ်တာ ဖြစ်မှာပေါ့ ဆိုတဲ့ ပြက်လုံးတောင် ရှိခဲ့ဖူးတာပဲ။ မှတ်မိပါသေးတယ်။ မီးတွေကပျက်နေလိုက်တာ တနိုင်ငံလုံး မှောင်နဲ့မဲမဲ၊ အဲဒါကို လူတွေက အမေရိကန် ပိတ်တာဖြစ်မှာပေါ့ ..။ ရေတွေကလဲ ပျက်လိုက်တာမှ သောက်ရေတောင် မလောက်ငှဘူး .. လူတွေက အမေရိကန် ပိတ်တာဖြစ်မှာပေါ့ ..။ ဘာဖြစ်ဖြစ် အမေရိကန်ကို ချောက်ချတဲ့ ပြက်လုံးလေ။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးက ရယ်စရာ အတော်ပြောတတ်တာပဲ။ ဗမာပြည်ပြန်ပြီး လူရွှင်တော်တောင် လုပ်ဖို့ကောင်းတယ်။
ရုက္ခစိုး ။ ။ တော်ပါပြီကွာ။ အေးအေး နေပါရစေ။ ဒီအရွယ်ကြီးရောက်မှ ခါးအောက်ပိုင်းက တက်မရတဲ့ ပြက်လုံးတွေ မပြက်ပါရစေနဲ့။ စစ်အစိုးရခေတ် လူရွှင်တော်ဆိုတာ အောက်ပိုင်းမလွတ်တဲ့ ပြက်လုံးလောက်သာ ပြက်ခွင့်ရတာ။ မဆလ ခေတ်ကတောင် အနည်းအကျဉ်း ပြက်ခွင့်ရသေး။
ကြွက်စုတ် ။ ။ သွားလေသူကြီးကို လွမ်းနေတယ်ပေါ့လေ။ ဒါဆိုရင်လည်း ကျန်ရစ်ခဲ့တဲ့ သူ့ မျိုးဆက်သစ် လေးတွေကို ပွဲထုတ်ပါလား။
ကြွက်စုတ် စကားကြောင့် ရုက္ခစိုးမှာ မျက်နှာ ရှုံမဲ့သွား၏။
ဖိုးရှုပ် ။ ။ ဒါနဲ့ ကုလကိုယ်စားလှယ်တော်ကြီးယောက် ပြန်တော်မူ .. အဲ မှားလို့ ပြန်သွားတော့ ပြည်တွင်းမှာ နောက်ဆက်တွဲ ဘာတွေကြားသေးလဲဗျ။
ရုက္ခစိုး ။ ။ ကြားပါ့ဗျာ။ လေးရက်လာတာ အတိုက်အခံတွေနဲ့ တွေ့တဲ့အချိန် ၂ နာရီတောင် မပြည့်လို့ ဝေဖန်သံတွေ ပွက်လောကို ညံနေတာပဲ။ သူလည်း ဟို ညီလာခံတက်တဲ့ ကိုယ်စားလှယ်တွေလို ထားရာနေ၊ စေရာသွား၊ ပြတာကြည့် ကျွေးတာစားပြီး ပြန်သွားပုံရပါတယ်။
ကြွက်စုတ် ။ ။ အေးပေါ့ဗျာ။ သူ့ခမျာ ဧည့်သည်ကလည်း ဖြစ်ပြန်တော့ မသွားတတ် မလာတတ်မို့ သွားချင်ရာကို စွတ်ကနဲ စွတ်ကနဲ မသွားတတ်ဘူးပေါ့။ လမ်းမသိတော့လည်း စစ်ဗိုလ်တွေနောက် လိုက်ရတာပေါ့ဗျာ။ လမ်းပြတွေကလည်း သူတို့ မျိုးတူချင်းလောက်သာ ပြချင်ပုံရပါတယ်။ ဒေါ်စုတို့ အဖွဲ့ချုပ်တို့တောင် မကောင်းတတ်လို့ ပေးတွေ့တာပါ။ ကောင်းတာ ကတော့ နောက်တခါ ဗမာပြည်လာရင် သွားလိုရာရောက် မာလ်တီမြေပုံ ဆောင်ထားဖို့ အကြံပေးလိုက်ကြပေါ့။
ဖိုးရှုပ် ။ ။ ဘယ်ဖြစ်မလဲကွ။ သွားလိုရာရောက် မာလ်တီမြေပုံ ဆိုတာလည်း နောက်ဆုံးတော့ နေပြည်တော်တို့၊ ညောင်နှစ်ပင်တို့ လောက်သာ လမ်းညွှန်နိုင်မှာ။ အပ်ဒိတ် မဖြစ်ဖူး။ အကောင်းဆုံးကတော့ နောက်ကို အထူးကိုယ်စားလှယ် တွေ သွားရင် ဘယ်သူ့မှ အကြောင်းမကြားဘဲ ယူဂျီပုံစံနဲ့ ရုပ်ဖျက်ပြီးသွား၊ အတိုက်အခံတွေနဲ့တွေ့၊ ဆုတောင်းပွဲလေး ဘာလေး သွားကြည့်၊ အမြို့မြို့ အရွာရွာသွားပြီး ပြည်သူတွေရဲ့ လက်တွေ့ဘ၀တွေကို လေ့လာပေါ့။ ဖို့စ်လေဘာတို့ ဘာတို့လည်း ကိုယ်တိုင်တွေ့ဖူးသွားမှာပေါ့။
ရုက္ခစိုး ။ ။ တော်လိုက်ကြတဲ့ ဉာဏ်ကြီးရှင်တွေရယ်။ မင်းတို့အကြံအတိုင်း လုပ်မှပဲ အထူး ကိုယ်စားလှယ် လည်း အန်စီဂျီယူဘီ တို့၊ အန်စီယူဘီ တို့က ခိုင်းလိုက်တဲ့ အကြမ်းဖက်သမား ဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဓာတ်ပုံနဲ့ဖော်ပြခံရ နှစ်ရှည် ထောင်ချခံနေရဦးမယ်။
ဖိုးရှုပ် ။ ။ အဲဒါဆို ထောင်တွင်း အခြေအနေတွေပါ သိရတာပေါ့ဗျာ။ ကျွန်တော်က အခြေအနေကို အမှန်အတိုင်း သိစေချင်လို့ စေတနာနဲ့ ပြောတာပါ။
ရုက္ခစိုး ။ ။ အချက်အလက်ပိုစုံအောင် မင်းဂျီးဒေါ်နဲ့ပါ ဆက်သွယ်ပေးလိုက်ပါလား။ ငါပြောလိုက်ရ မကောင်း ရှိတော့မယ်။
ကြွက်စုတ် ။ ။ တခုရှိတော့ ရှိတယ်ဗျ။
လေးနက်သည့် ဟန်နှင့် ပြောလိုက်သော ကြွက်စုတ်၏ စကားကို ဖိုးရှုပ်က ကြားဖြတ်ပြီး ၀င်နောက်၏။
ဖိုးရှုပ် ။ ။ တခုထဲဆိုရင်တော့ နည်းလွန်းပါတယ်ကွာ။ ဒီမှာမှာတင် မင်းရယ်၊ ငါရယ်၊ ဦးရုက္ခစိုးရယ် ဆိုတော့ အဝေမတဲ့ ဖြစ်နေပြီ။
ကြွက်စုတ် ။ ။ ထောင်တန်တဲ့ စကား ရယ်ပေါ့အောင် မလုပ်စမ်းနဲ့။ ငါပြောတာက လုံခြုံရေးကောင်စီမှာ အထူး ကိုယ်စားလှယ်ကြီးက ပြောဆို တင်ပြဆွေးနွေးမယ်ဆိုတာ စောင့်ကြည့်သင့်တဲ့အကြောင်း ပြောမလို့ကွ။
ရုက္ခစိုး ။ ။ စောင့်ကြည့်ရတာလည်း များလှပေါ့ မောင်ကြွက်စုတ်ရယ်။ ဒို့ မြန်မာပြည်သားတွေ၊ မြန်မာ ရုက္ခစိုးတွေ ဇာတာကလည်း စောင့်ရတဲ့ဇာတာကနေ ဘယ်တော့မှများ လွတ်ဦးမှာလဲ။ အင်တာနက်မှာ ဈေးဝယ်ရင်တောင် ၀ယ်တဲ့ ပစ္စည်းကို နမူနာပုံစံလေးတော့ အရင်မြင်ရသေးတယ်။
ကြွက်စုတ် ။ ။ နမူနာ ကြည့်ချင်ရင် ရွှေပြည်တော်အစား နေပြည်တော်ကိုပဲ နမူနာ ကြည့်ထားနှင့်ပါ။ စိတ်ရှည်ရှည်ထား မှပေါ့ ဦးရုက္ခစိုးရဲ့။ တတိုင်းပြည်လုံးကလည်း အေးစေကြောင်း ဆုတောင်းမေတ္တာတွေ ပို့သနေတော့ အပြောင်းအလဲက သိပ်မကြာတော့ပါဘူး။
ဖိုးရှုပ် ။ ။ အဲဒီ ဆုတောင်းမေတ္တာတွေကိုပဲ စစ်ဗိုလ်တွေက ကြောက်နေလို့ ဘုရားတက်တာတောင် နိုင်ငံရေးသမားဆို တက်ခွင့်မပေးဘူး၊ တက်ရင် ၅ (ည) နဲ့ ဖမ်းမယ်လို့ မနေ့က ရွှေတိဂုံမှာ လော်စပီကာနဲ့ အော်သေးတယ်ကွ။
ရုက္ခစိုး ။ ။ ဟုတ်ပကွာ ဒေါ်စုနဲ့ အကျဉ်းသားတွေ လွတ်ပါစေလို့ အင်္ဂါနေ့တိုင်း အေးအေးဆေးဆေး ဆုတောင်းတဲ့ သူတွေကို နှောင့်ယှက်တာလေ။ ဒါတောင် သူတို့က လွတ်ပါစေပဲ ဆုတောင်းလို့။ အမြန်လွတ်အောင် စောင်မပါဘုရားဆို ဆုတောင်းတဲ့အုပ်စုကို ဖမ်းပြီး ဘုရားကို အကျယ်ချုပ် ထားမလားပဲ။ အင်း ဒီဗိုလ်ချုပ်တွေကတော့ နိုင်ငံရေးသမားကို နိုင်ငံရေးလုပ်ခွင့် မပေးတဲ့အပြင် ဘာသာရေးလုပ်ခွင့်ပါ မပြုဘူးဆိုတဲ့ သဘောပေါ့ကွာ။
ဖိုးရှုပ် ။ ။ အပြောအဆို ဆင်ခြင်နော် ဦးရုက္ခစိုး။ နှစ်ရှည်ထောင်ချခံရတဲ့ ကျောင်းသားခေါင်းဆောင် တယောက်က ဗုဒ္ဓ ကိုလည်း မုတ္တ လို့ ပြောင်းခေါ်ပါလားလို့ သရော်ပါတယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ဘာသာရေးကို စော်ကားတယ် ဘာညာနဲ့ စစ်အစိုးရကတုံးကတိုက်လုပ်ဖူးတယ်နော်။
ရုက္ခစိုး ။ ။ ဟိတ် ဒီစကား ဒီနေရာတင် ရပ်ကြ။ နအဖ သတင်းစာရှင်းလင်းပွဲထဲတော့ အပါမခံနိုင်ဘူးဟေ့။
ချင်းမိုင်ရုက္ခစိုးသည် ပြောပြောဆိုဆို ကိုယ်ရောင် ဖျောက်သွားလေသည်။ သြော် ရုက္ခစိုးသည်ပင်လျှင် သတင်းစာရှင်းလင်း ပွဲတော့ အကြောက်သားကလား။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |