ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၄၂)
ရန်ကုန်သားတာတေ
ခုတလော ကြွက်စုတ်နှင့် ဖိုးရှုပ် သူကောင်းသားနှစ်ယောက် ဦးရုက္ခစိုး စံမြန်းရာ ညောင်နန်းသို့ အရောက်အပေါက် ကျဲနေ၏။ မြှော်နေသူ ပေါ်မလာသောကြောင့် ရင်မောနေရသူ ကတော့ ချင်းမိုင်ရုက္ခစိုးပါ။ ကြာတော့ ရင်မောရာမှ ရင်ပူလာသည်။ မဖြစ်သေးပါဘူး လိုက်ရှာဦးမှပါ။
သူကောင်းသားနှစ်ယောက်၏ အိပ်ဆောင်များသို့ လိုက်လာခဲ့သော်လည်း အကျိုးမထူး။ မြန်မာထမင်းဆိုင်၊ ကျုံးဘေးက ကာရာအိုကေ စသဖြင့် သွားနေကျ နေရာများသို့ ခြေရာခံတော့လည်း အရိပ်အယောင်မတွေ့ရ။ ကြွက်ပျောက်၊ ရှုပ်ပျောက် … အဲအဲ … ကြက်ပျောက်၊ ငှက်ပျောက်။ ကိုယ်ရောင်များ ဖျောက်ထားကြလေသလား။ ရုက္ခစိုး ကတော့ မလျှော့သော ဇွဲလုံ့လဖြင့် မြို့ပတ်ရှာလေတော့၏။
ဟော … တွေ့ပါပြီ။ ကိုယ်တော်နှစ်ပါး မြစ်ဘေးမှာ ဗျောက်အိုးဖောက်နေကြသည်။ သည်တော့မှ ရုက္ခစိုး သတိရသည်။ သြော်.. တန်ဆောင်တိုင် ရောက်တော့မှာပါလား။
ရုက္ခစိုး။ ။ ဟိတ် .. ဗျောက်ဖောက်တဲ့ကောင်တွေ၊ မပြေးနဲ့။ ဖောက်ရင် ၃ နှစ်၊ ရောင်းရင် ၅ နှစ် ဆိုတာ သိကြတယ် မဟုတ်လား။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ။ ဒါက ပြည်တွင်းမှာ ဘာမဆိုကြောက်လန့်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်တွေ ပါဗျာ။ ဒီမှာ ကျနော်တို့က အာဏာဖီဆန်ရေး လုပ်နေကြတာဗျ။ ရုက္ခစိုး ပါဦးမလား။
ရုက္ခစိုး။ ။ တော်စမ်းပါကွာ၊ မင်းတို့ကောင်တွေ ။ အဝေးကပဲ အာဏာဖီဆန်ရေးလုပ်နေကြ။ ပြည်တွင်းမှာ လူတွေက အဖြူတွေဝတ်ကြ၊ ဘုရားသွားကြ လုပ်နေကြပြီ။ ပြည်တွင်းမှာ သွားဖောက်ပါလား မင်းတို့ ဗျောက်အိုးတွေ။
ကြွက်စုတ်။ ။ ဒါတော့ ဦးရုက္ခစိုးရယ် ကျနော်တို့လည်း စွမ်းသလောက်တော့ လုပ်နေပါတယ်။ အခုပဲ ကျုပ်တို့တိုင်းပြည်ကြီး အေးချမ်းပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မီးပုံးပျံ အဖြူလေးတွေ လွှတ်မလို့ ။ ၃ လုံး ၀ယ်ထားသေးတယ်။ ဦးရုက္ခစိုးလည်း တလုံးလွှတ်ပေါ့။
ရုက္ခစိုး။ ။ လွှတ်ကြ လွှတ်ကြ။ မင်းတို့လည်း အဲဒီမီးပုံးပျံနဲ့သာ လိုက်သွား ကြပေတော့။ ကံကောင်းရင် နေပြည်တော်ဘက် ပါသွားမယ်။
ဖိုးရှုပ်။ ။ ဘယ်လိုများ ဖြစ်နေတာလည်း ဦးရုက္ခစိုးရယ်။ စတွေ့ကတည်းက ဒေါသ အထောင်းထောင်းနဲ့ပါလား။ ၈၈ ကျောင်းသားတွေကို ထောက်ခံတယ်ဆိုရင် သူတို့လို မေတ္တာရှေ့ထားမှပေါ့။
ရုက္ခစိုး။ ။ မေတ္တာဆိုတာမျိုးက အပြန်အလှန်ထားနိုင်မှ ကောင်းတာကွ။ တလမ်းသွား မဖြစ်သင့်ဘူး။ ထားပါလေ ..။ အခြေအနေတွေ ဘာထူးသေးလဲကွ။ အတွင်းသတင်းလေး ဘာလေး လုပ်ပါဦး။
ဖိုးရှုပ်။ ။ ဘာထူးလဲဆိုတော့ မင်းမတရားကြီးရဲ့သမီး မင်္ဂလာဆောင်တာလေ၊ အဲဒါ ဗီစီဒီ ထွက်နေပြီဗျ။
ရုက္ခစိုး။ ။ ဘယ်လို .. ဘယ်လို။ လက်ဖွဲ့တွေ သန်းပေါင်းများစွာရထားတဲ့ကြားက မင်္ဂလာဆောင်ဗီစီဒီကို ထုတ်ရောင်း သေးတယ်ဆိုတော့ ဧကန္တ အဆိုတော်တွေ၊ မင်းသမီးတွေကို အားကျလို့ လုပ်တာဖြစ်မယ်။
ကြွက်စုတ်။ ။ ဘယ်ကလာ အခွေထုတ်ရောင်းရမှာလည်း။ သူတို့အသိုင်းအ၀ိုင်းမှာ ကြည့်ကြရင်း အပြင်ကို ပေါက်ထွက် လာတာဗျ။ ဖိုးရှုပ်ဆိုတဲ့ကောင်ကလည်း နာမည်နဲ့လိုက်အောင် စကားကို ရှုပ်အောင်ပြောတယ်။
ရုက္ခစိုး။ ။ ဟုတ်ပြီ၊ သဘောပေါက်ပြီ။ ဒါဆိုရင် ငါ့ကိုလည်း ၀မ်းကော်ပီလောက် လုပ်ကြဦးလေကွာ။
ကြွက်စုတ်က ဒွေး အက်ရှင်ဖြင့်-
ကြွက်စုတ်။ ။ ကျနော်တော့ ကြည့်ရတာ ဘယ်လိုမှ စိတ်မချမ်းသာဘူး ဦးရုက္ခစိုးရယ် …။
ရုက္ခစိုး။ ။ မင်းငယ်ရည်းစား မင်္ဂလာဆောင်မို့လို့ စိတ်မချမ်းသာတာလားကွ။
ကြွက်စုတ်။ ။ ဖွဟဲ့။ လွဲပါစေဗျာ။ ဒီမိသားစုနဲ့တော့ ဆွေမျိုးမတော်ပါရစေနဲ့။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက ၀ါရင့်၊ သဘာရင့် ဆိုတော့ မေးရဦးမယ်။ မြန်မာ့ရိုးရာ မင်္ဂလာဆောင်မှာ ဘိသိက်ဆရာက သြဘာစာဖတ်ရင် သတို့သားဘက်ကို အရင်ကြေငြာလား၊ သတို့သမီးဘက်ကို အရင်ကြေငြာလား။
ရုက္ခစိုး။ ။ ဟကောင်ရ ငါက ဟိုအရင် လူ့ဘ၀မှာ ဦးရှင်ကြီးလောက်တင်ဖူးတာ။ ဘိသိက်ဆရာလည်း မလုပ်ဖူးဘူး။ မင်္ဂလာလည်း မဆောင်ဖူးဘူးကွ။ အဲ .. မင်္ဂလာဆောင် တွေကိုတော့ အခုလို ၀ါကျွတ်ပြီးခါစဆို ခဏခဏ သွားဖူးတယ်။
ဖိုးရှုပ်။ ။ အရေးထဲမှာ မေးတာကို မဖြေဘဲ ကြော်ငြာက ၀င်နေသေးတယ်။ ဒီလိုဗျ .. မင်္ဂလာဆောင်မှာ သြဘာစာဖတ်တဲ့ ပုဂ္ဂိုလ်က သမီးထွေးလေးတို့ နာမည်တွေကို အရင်ဖတ်ပြီးမှ သတို့သားရဲ့ နာမည်တွေကို ဖတ်သွားလို့ဗျ။
ရုက္ခစိုး။ ။ ဒါကတော့ကွာ မင်းသမီးလေးက ယူသူ ဟိုငတိကလေးက အယူခံရသူ ဒီလိုဖြစ်လို့ နေမှာပေါ့။ နေဦး ငါ ပြန်မေးမယ်။ ဒီမင်္ဂလာဆောင်က မင်းတို့တွေ့ဖူးနေကျ မင်္ဂလာဆောင်တွေနဲ့ကော တူရဲ့လားကွ။
ကြွက်စုတ်။ ။ ဘယ်လိုလူမျိုးက တုပနိုင်လို့ ဒီမင်္ဂလာပွဲမျိုး တွေ့ဖူးမှာလည်း ဦးရုက္ခစိုးရယ်။ ကျုပ်တို့ နိုင်ငံမှာတော့ နံပါတ်ဝမ်း မင်္ဂလာဆောင်ကြီးပဲ။ ကြီးကျယ်ခမ်းနားတဲ့နေရာ၊ လက်ဝတ်ရတနာတွေ ဖောဖောသီသီ ဆင်ယင်တဲ့နေရာ၊ လက်ဖွဲ့တွေ မတရားရတဲ့နေရာ၊ အရှက်မရှိတဲ့နေရာ … တခုတော့ မှာလိုက်ဦးမယ် ဦးရုက္ခစိုးရေ။ စီဒီ ကြည့်တဲ့အချိန်မှာ နေကာမျက်မှန်အမည်း တပ်ကြည့်နော်။ စိန်ရောင်တွေ လက်လွန်းလို့ မျက်စိကျိမ်းနေလိမ့်မယ်။
ဖိုးရှုပ်။ ။ အဲဒီစီဒီကြည့်ပြီးရင် နောက်တခု ထပ်ပြဦးမယ်။ မင်းတရားကြီးရဲ့ မြေးတော်လေးကြည့်ဖို့ ကန်ပေးရတဲ့ ဘောလုံးပွဲလေ။
ရုက္ခစိုး။ ။ တယ်ဟုတ်ပါလား။ ဒေးဗစ်ဘက်ခမ်း နေပြည်တော်မှာ လာကန် သွားတာလားကွ။
ဖိုးရှုပ်။ ။ ဘယ်ကလာ ဦးရုက္ခစိုးရယ်။ ကမ္ဘာပေါ်မှာ တခါမှမရှိခဲ့ဘူးတဲ့ ဘောလုံးပွဲဗျ။ မြန်မာပြည်က မော်ဒယ်လ်ဂဲတွေကို အသင်းနှစ်သင်းခွဲပြီး ကန်တဲ့ပွဲဗျ။ မင်းတရားကြီးရဲ့ သားမက်တော်က ဒီပွဲကို စီစဉ်တာဆိုပဲ။
ကြွက်စုတ်။ ။ အဲဒီဘောလုံးပွဲပေါ့ဗျ။ ပြည်တွင်းမှာ အပိတ်ခံထားရတဲ့ လူရွှင်တော် တယောက် ဒီပွဲမှာ ဒိုင်ဝင်လုပ်ပေးလို့ သရုပ်ဆောင်ခွင့် ပြန်ရသွားတာလေ။ အရင်က အဲဒီ လူရွှင်တော်ရဲ့ ပါမစ်ပြန်ရဖို့ ဘယ်သူကမှ မကယ်နိုင်ခဲ့ဘူး။
ရုက္ခစိုး။ ။ တယ်စွမ်းတဲ့ မြေးတော်လေးပါလားကွ။ သရုပ်ဆောင်ခွင့်မရအောင် မင်းမိန့်နဲ့ တားခံရတဲ့ လူရွှင်တော်ကို သရုပ်ဆောင်ခွင့်ရအောင် ကူကယ်နိုင်တယ်ဆိုတော့ ဗမာပြည်ရဲ့ မင်းလောင်းကလေးများ ဖြစ်နေမလားပဲ။
ဖိုးရှုပ်။ ။ သေချာတာပေါ့ ဦးရုက္ခစိုးရယ်။ အဲဒီမင်းလောင်းလေးအတွက်ပဲ နေပြည်တော်ကို ဆောက်တာလို့တောင် တချို့က ပြောနေကြတယ်ဗျ။ အခြေခံဥပဒေကို အခုထက်ထိ အပြီးမသတ်နိုင်သေးတာ ဒီမင်းလောင်းလေးကို ဘယ်နေရာမှာ ထားရမလဲ မသိသေးလို့ ဆိုပဲ။
ရုက္ခစိုး။ ။ သြော်..စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော်ကြီးဆိုတာ လက်စသတ်တော့ ဘုရင်စနစ်နဲ့ အုပ်စိုးတဲ့ နိုင်ငံကြီး ဖြစ်တော့မှာပေါ့။ အင်း မင်းတို့နှစ်ယောက် ဗမာပြည်ပြန်ချင်ရင်တော့ အခုကတည်းက ဘုရားထူးတာ ကျင့်ထားကြပေရော့။
ကြွက်စုတ်။ ။ ဖိုးရှုပ်ဘာသာ ပြန်ချင်လို့ ကျင့်ချင်ကျင့်။ ကျနော်ကတော့ ဟောဒီ ချင်းမိုင်မှာပဲ လွတ်လွတ်လပ်လပ် ဗျောက်ဖောက်ပြီး နေရစ်တော့မယ်ဗျာ။
ကြွက်စုတ်က ပြောပြောဆိုဆို ဗျောက်တတွဲကို ဖောက်လိုက်ရာ တဖောင်းဖောင်းနှင့် အသံများ ဆူညံသွားသည်။
ငြိမ်သက်ခြင်းကို တပ်မက်လှသော ရုက္ခစိုးသည်လည်း ကမန်းကတန်း ကိုယ်ရောင်ဖျောက်ကာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ တက်ခဲ့ပါတော့သည်။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |