#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၁၉)
ရန်ကုန်သားတာတေ

ယခုတလော ချင်းမိုင်မြို့ဧ။်ကောင်းကင်သည် ကြည်လင်ခြင်းမရှိ၊ အုံ့မှိုင်း၍နေသည်မှာ တပတ်ခန့်ရှိနေပြီဖြစ်သည်။ တခါတလေ မိုးပါရွာချလိုက် သေးသည်။ မုန်တိုင်းရှိသည်ဟုကြားရသည်။ ရာသီဥတုသည် ကမောက်ကမ၊ နွေရာသီမှာ မိုးတွေရွာ။ ဖိုးရှုပ်ဧ။်စိတ်တွေသည်လည်း ကမောက် ကမ။ တောင်ရောက်မြောက်ရောက်။ ဘီယာသောက်ချင်သလိုလို ၀ီစကီသောက်ချင်သလိုလို၊ ဟိုသွားချင်သလိုလို၊ ဒီသွားချင်သလိုလို၊ မြန်မာ ပြည်ဘက်ကိုလည်း စိတ်ကရောက်ရောက်နေသည်။ မြန်မာပြည်ကို ပြန်ရင်ကောင်းမလား၊ စဉ်းစားမိသည်။ ထိုင်းအစိုးရက တရားဝင်လုပ်ပေး သည့် အလုပ်သမားကတ် လုပ်ထားတာကလည်း မရသေး။ နည်းနည်းကြာဦးမည်ဟု သိရသည်။ အလုပ်သမားကတ်ရလျှင် သတင်းလိုက်၍ ပိုကောင်းမည်။ ယခုတော့ သတိနှင့် ကြိုဆိုသည် ဆိုသလို သတိနှင့်ဆင်ခြင်နေထိုင်နေရသည်။

အလုပ်သမားကတ်ဆို၍ အလုပ်သမားကတ်လုပ်စဉ်က တွေ့ကြုံရသည့် ကမောက်ကမလေးတွေ ပြန်စဉ်းစားမိပြီး ရယ်ချင်သလိုလို ဖြစ်လာသောကြောင့် ပြုံးလိုက်မိသည်။ ထိုစဉ် ဘယ်က ဘယ်လိုရောက်လာမှန်းမသိသည့် ကြွက်စုတ်က …

ကြွက်စုတ်။     ။ ဘယ်လိုဖြစ်နေတာလဲ၊ သွားပေါက်ချင်လို့လား၊ မိုးတွေရွာပြီးမှိုတွေထွက်လို့ မှိုရတဲ့မျက်နှာလား၊ ဗိုလ်ချုပ်မှူးကြီးတွေ့သွားလို့ မျက်နှာသက်သက်ကိုပဲ နှစ်အကန့်အသတ်မရှိ နေအိမ်အကျယ်ချုပ်ချနေဦးမယ် …။

ဖိုးရှုပ် ရုတ်တရက် လန့်ပြီးလှည့်ကြည့်လိုက်သည်။

ဖိုးရှုပ်။     ။ ဟာ … အလန့်တကြားကွာ၊ ဘယ်လိုဖြစ်ရမှာလည်းကွ၊ ငါ အလုပ်သမားကတ် လုပ်တုန်းကတွေ့ရတဲ့ အတွေ့အကြုံလေးတခု ပြန်စဉ်းစားမိလို့ကွ …။

ကြွက်စုတ်။     ။ ရှင်းစမ်းပါဦးကွာ ...။

ကြွက်စုတ်က မျက်ခုံးပင့်၍ ပြန်မေးလိုက်သည်။

ဖိုးရှုပ်။     ။ ငါအလုပ်သမားကတ်သွားလုပ်တဲ့တရက်မှာ ထိုင်းအစိုးရရဲ့တာဝန်ရှိသူတွေက မေးစမ်းတာလေးတွေရှိတယ်ကွ …။

ကြွက်စုတ်။     ။ ဘာတွေများမေးလို့လဲကွ …။

ဖိုးရှုပ်။     ။ ဒီလိုကွာ …၊ အဲဒီနေ့က ငါတို့ လက်ဗွေနှိပ်ရတယ်၊ ဓာတ်ပုံရိုက်ရတယ်၊ အဲဒီလိုမလုပ်ခင် မေးခွန်းတခုနှစ်ခုဖြေရတယ်ကွ …။

ကြွက်စုတ်။     ။ ပြောစမ်းပါဦးဘာတွေဖြေရလဲဆိုတာ၊ လိုရင်းကိုမရောက်နိုင်ဘူး …။

ကြွက်စုတ် အနည်းငယ်စိတ်တိုသွားသောကြောင့် အသံကျယ်သွားသည်။

ဖိုးရှုပ်။     ။ မင်းကလည်း စိတ်ကြီးလှချည်လား ၊ သူတို့မေးတာက ထိုင်းနိုင်ငံထဲကို ဘယ်လိုဝင်လာသလဲပေါ့နော်၊ ထိုင်းစကားနဲ့မေးတာ၊ အဲဒီမှာ အမေးခံရတဲ့သူက အင်တာဗျူးအခန်းထဲ ၀င်လာတာကိုမေးတယ်ထင်လို့ အခန်းဝကိုလက်ညှိုးထိုးပြပြီး ဒီအပေါက်က ၀င်လာတာလို့ ဖြေလိုက်တော့ ၀ါးခနဲ ပွဲကျကုန်တယ်လေ …။

ကြွက်စုတ်က သိပ်စိတ်မ၀င်စားသည့်လေသံဖြင့် …

ကြွက်စုတ်။          ။ ဒါပဲလား …။

ဖိုးရှုပ်။     ။ နောက်ယောက်ျားလေးတယောက်က မိန်းမရှိလားလို့မေးတာကို သူ့အသက် မေးတယ်ထင်လို့ ၂၂ လို့ ထိုင်းလိုပြန်ဖြေလိုက်တော့
ဝါးခနဲဖြစ်ကုန်ပြန်တယ်လေ၊ အဲဒါတွေးပြီး ငါပြုံးမိတာကွ ကြွက်အစုတ်ရ …။

ကြွက်စုတ်။     ။ ဒါများကွာ ပြုံးမိတာတော့ ပြုံးစရာပေါ့ကွာ၊ ဘာများတွေးစရာပါလို့လဲ …။

ဖိုးရှုပ်။     ။ တွေးစရာရှိတာပေါ့ကွ ဟကောင်ရ၊ သူများနိုင်ငံမှာနေပြီး သူများစကား နားမလည်တော့ တလွဲတွေဖြစ်ကုန်တာပေါ့၊ အဲဒီအထဲမှာ မင်းတို့ငါတို့လည်းပါတယ် …။

ကြွက်စုတ်သူ့ကိုပါ ဝေဖန်ခံလိုက်ရ၍ မျက်စိကို နည်းနည်းပြူးကြည့်လိုက်ရင်း …

ကြွက်စုတ်။     ။ ဒါဆို ထိုင်းစပီကင်ကျုရှင်ပဲယူရမလိုဖြစ်နေပြီပေါ့၊ အင်း … မြန်မာပြည်ဆိုရင်တော့ ကျူရှင်ယူရတာ ပိုအဆင်ပြေမှာပဲ …။

ဖိုးရှုပ်။     ။ မထင်နဲ့ကိုယ့်လူ၊ အခုကျုရှင်တွေ ပရိုက်ဗိတ် ဘော်ဒါတွေကို ကျေးဇူးရှင်တွေက အမိန့်တွေထုတ်ပြီး ကြပ်နေတယ်လေ၊ တချို့ကျူရှင် တွေဆို ပိတ်လိုက်ရတယ်တဲ့။

ကြွက်စုတ်။     ။ ဘာဖြစ်လို့လဲ …။

ဖိုးရှုပ်။     ။ ငါသိရသလောက်ကတော့ ၀န်ထမ်းတွေကို လခတိုးပေးတာကနေစတာပဲကွ …။

ကြွက်စုတ်။     ။ ကျူရှင်နဲ့ ဘာဆိုင်လို့လဲ …။

ဖိုးရှုပ်။     ။ ဆိုင်တာပေါ့ကွ၊ ၀န်ထမ်းတွေ လစာတိုးတော့ အစိုးရကျောင်းကဆရာ ဆရာမတွေလည်း တိုးတယ်လေ၊ တချို့ကပြောနေကြတယ်၊ အစိုးရက လုံလောက်အောင် လခပေးထားရက်သားနဲ့ အပြင်မှာ စီးပွားရှာမှာစိုးလို့ အဲဒီလိုလုပ်တာတဲ့ …။

ကြွက်စုတ်။     ။ ဒါဆို ကျူရှင်သင်တာ၊ ကျူရှင်ကျောင်းဖွင့်တာတွေ မလုပ်ရဘူးပေါ့ …။

ဖိုးရှုပ်။     ။ တချို့ကတော့ ညှိနှိုင်းဆဲလို့ပြောတာပဲကွ။

ကြွက်စုတ်။     ။ မင့်ကျေးဇူးရှင်တွေက မလိုတမျိုး လိုတမျိုးပါပဲကွာ၊ ထုတ်ချင်တဲ့အမိန့်ကို လိုရင်လိုသလို မလိုရင်မလိုသလိုထုတ်နေတဲ့ ဘ၀ရှင်မင်းတရားကြီး ပါးစပ်ထဲကအမိန့်တွေပါကွာ …။

ဖိုးရှုပ်။     ။ အံမယ် … ငါ့ကျေးဇူးရှင်တွေ မဟုတ်ပါဘူးကွာ၊ အခုတလောလေးတင်ပဲ လျှပ်စစ်မီတာခတွေ တိုးတဲ့အမိန့်ထုတ်လိုက်ပြန်ပြီ၊ မင်းမသိဘူးမဟုတ်လား …။

ဤတွင် ရုက္ခစိုးက ဘွားခနဲပေါ်လာပြီး …

ရုက္ခစိုးက။     ။ ငါသိတယ်ကွ၊ အခု အရပ်သားရော ၀န်ထမ်းရော မီတာခနှုန်း အတူတူ ပေးရတော့မယ်လေ၊ လစာတိုးပြီးတော့ ကုန်ဈေးနှုန်း တွေကတက်၊ အစိုးရနှုန်းတွေကလည်းတက် …။

ကြွက်စုတ်။     ။ ဟာ … ဦးရုက္ခစိုးက ဘယ်ကဘယ်လို ပေါ်လာရတာလဲ၊ အံမယ် … ကင်မရာတွေ မှန်ပြောင်းတွေနဲ့ပါလား …။

ရုက္ခစိုးက။     ။ ဟကောင် ကြွက်စုတ်ရ၊ ငါလည်းမြန်မာပြည်သားပဲကွာ၊ မြန်မာ့အရေးကို မျက်ချည်အပြတ်မခံပါဘူးကွ၊ အခု အာဆီယံရဲချုပ်တွေ အစည်းအဝေးမှာ ဒေါ်စုကိုလွှတ်မလိုလို ဝေ့လည်ကြောင်ပတ် ပြောနေပြန်ပြီလေကွာ …။

ကြွက်စုတ်။     ။ ဘယ်လိုပြောနေတာလဲ ဦးရုက္ခစိုးရ …။

ရုက္ခစိုးက။     ။ အန်အယ်လ်ဒီအဖွဲ့ဝင်တွေထွက်ကုန်လို့ အတိုက်အခံအင်အားမရှိတော့ ဒေါ်စုကိုလွှတ်မယ်ဆိုရင် လုံခြုံရေးအတွက် ပူစရာမရှိပါဘူး ဆိုတာလေ၊ မြန်မာရဲချုပ်ကပြောတာ …။

ကြွက်စုတ်။     ။ ဒေါ်စုကို ချုပ်ရက်တိုးထားတာ အခု ၂၇ ရက်မှာ ၆ လ ပြည့်ပြီဆိုတော့ တိုးမှာလား … လွှတ်မှာလား …။

ရုက္ခစိုး။     ။ ဘာလဲ … မင်းနဲ့ငါ အလောင်းအစား လုပ်မလို့လား …။

ကြွက်စုတ်။     ။ မလုပ်ချင်ပါဘူးဗျာ … လွှတ်ပြီး နောက် လေးငါးခြောက်လနေတော့ ပြန်ဖမ်းရင်လဲ ရတာပဲ။

ဖိုးရှုပ်။     ။ သူတို့ပဲ လုံခြုံရေးအတွက် စိုးရိမ်ရလို့ဆိုပြီး ဒေါ်စုကို ဖမ်းထားတာလေ၊ ဒါသူတို့က အစီအစဉ်ရှိရှိနဲ့ လုပ်နေတာတွေဗျ၊ ပြီးခဲ့တဲ့ အပတ်ကပဲ ယူအန်က မစ္စတာ ဂန်ဘာရီကို စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးကဖိတ်ပြီး လာလည်ခိုင်းတယ်၊ ဒေါ်စုနဲ့ ပေးတွေ့တယ်လေ၊ ဒါတွေဟာ အစီအစဉ်နဲ့လုပ်တာ၊ ယူအန်ကို နအဖက ဘာအသုံးချဦးမလဲမသိဘူး …။

ကြွက်စုတ်။     ။ ဘာမှအရေးပါတဲ့လူ မဟုတ်ဘူးလို့ သူတို့ပဲ ပြောပြောနေပြီးတော့၊ ဂန်ဘာရီကြီးနဲ့ကျတော့ ပေးတွေ့ပြန်ရော၊ ပေးတွေ့လိုက်တော့ မလွှတ်ရင်လည်း ပြဿနာမရှိတော့ဘူးပေါ့ …။

ရုက္ခစိုးက။     ။ ဘာ … ဂန္ဓာရီ ဟုတ်လား၊ ဒေါ်စုနဲ့ ပေးတွေ့တယ်၊ အံ့သြစရာပါလား … ဘယ်တုန်းကလဲ၊ ဘယ်နေရာမှာလဲ၊ ဘယ်သူတွေပါလဲ၊ ဘယ်လိုတွေ့တာလဲ၊ အဲဒီတော့ ဘာဖြစ်သလဲ …။

ကြွက်စုတ်။     ။ အံမယ်လေးလေး … ရုက္ခစိုး ဂျာနယ်လစ် အခုမှတွေ့ဖူးတော့တယ်၊ တကယ့်ကို ဘုရားစူး ဂျာနယ်လစ်ပဲ …။

ကြွက်စုတ်က ၀င်ငေါ့လိုက်သည်ကို ရုက္ခစိုးက မျက်မှောင်ကြုတ်၍ ကြွက်စုတ်ကိုပြန်ကြည့်လိုက်သည်။

ဖိုးရှုပ်။     ။ ဂန္ဓာရီ မဟုတ်ပါဘူး … ဂန်ဘာရီပါ ဦးရုက္ခစိုးရဲ့၊ ဒေါ်စုနဲ့ရော အန်အယ်လ်ဒီ လူကြီးတွေနဲ့ရော၊ ဗိုလ်ချုပ်မှူးကြီးနဲ့ပါ တွေ့တယ်လေ … မသိဘူးလား …။

ရုက္ခစိုးက။     ။ အင်း …  အဲ … အဲဒီရက်က မိုးတွေရွာနေလို့ကွ၊ ငါသိပ်နေမကောင်းချင်သလိုလို ဖြစ်နေတာနဲ့ မသိလိုက်ဘူး၊ အဲဒီ ယူအန်က လူကြီးလာပြီးတော့ ဘာတွေထူးခြား …

ကြွက်စုတ်က ရုက္ခစိုး၏ စကားမဆုံးခင်ဝင်၍ ဖြတ်ပြောလိုက်သည်။

ကြွက်စုတ်။     ။ ဟင် … အခုနကတော့ တကယ့် ၀ါရင့်နိုင်ငံရေးသမား အဲ … ၀ါရင့် ဂျာနယ်လစ်ကြီး တယောက်ကျနေတာပဲ၊ မေးလိုက်တာများ … ဘာလဲ၊ ဘယ်လိုလဲနဲ့ အခုအရေးကြီးတဲ့ကိစ္စကျတော့ ၀ါးတားတားဖြစ်နေတယ်။

ဖိုးရှုပ်။     ။ မင်းကလည်း လူကြီးကို ငေါက်လားငန်းလားနဲ့ပါလား ကြွက်စုတ်ရာ …။

ကြွက်စုတ်။     ။ ဘာ … လူကြီး ဟုတ်လား …၊ အဲဒီ လူကြီးဆိုတဲ့ လူကြီးတွေပဲ …၊ ငါမပြောလိုက်ချင်ဘူး … ဟင်း …။

ဖိုးရှုပ်။     ။ ဟေ့ကောင် ကြွက်စုတ်၊ ပြောလေဆိုးလေပါလားကွာ၊ မင့်ကြည့်ရတာဒီနေ့ စိတ်ပဲတိုနေတာပဲ၊ ဘာဖြစ်နေတာလဲကွ …။

ဖိုးရှုပ်တယောက်လည်း စိတ်မရှည်ချင်သလို ဖြစ်လာတော့သည်။

ကြွက်စုတ်။     ။ အေး … တွေ့ရ ကြုံရတာတွေက စိတ်တိုစရာတွေပဲ တွေ့နေရလို့ပေါ့ကွာ …။

ရုက္ခစိုးက။     ။ ကဲ … တော်ကြပါတော့ကွာ၊ ငါတို့ မြန်မာ့အရေးဆွေးနွေးမိရင် အမြဲလိုပဲ စိတ်တိုကြရ၊ ငြင်းခုန်ရ၊ ရန်ဖြစ်ရနဲ့ အဲဒါကြောင့် စိတ်ငြိမ်အောင် အခု ငါ ယောဂ လေ့ကျင့်ခန်းလုပ်နေတယ်၊ မိုးတွေရွာတော့မယ်ကွ၊ ငါတော့ ပြန်ပြီဟေ့ …။

ရုက္ခစိုးက အတင်းအဓမ္မ နှုတ်ဆက်ပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးမှာ ဆက်ပြီးစကားများရန်ဖြစ်ရမည်လိုလို၊ ယောဂ သင်တန်းတခုခုကိုပဲ သွားရမည်လိုလိုနှင့် အူကြောင်ကြောင် ပါးစပ်အဟောင်းသားဖြစ်ပြီး ကျန်ရစ်ခဲ့တော့သည်။     ။

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.