#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၁၈)
ရန်ကုန်သားတာတေ

ကြွက်စုတ်တယောက် ပျင်းပျင်းရှိသည်နှင့် မြန်မာပြည်အကြောင်း သတင်းလေး အတင်းအဖျင်းလေး နားထောင်ရလိုရငြား ဖိုးရှုပ်၏ အခန်းသို့ ထွက်လာခဲ့သည်။ ဖိုးရှုပ်အခန်းတံခါးကို ခေါက်တော့မည်အပြုတွင် တရုတ်မ တယောက်၏ ကွစိကွစိ စကားပြောသံကို ကြားရသောကြောင့် လက်ကို အသာရုပ်ပြီး နားစိုက်ထောင်မိသည်။ ကွစိကွစိ ဆုံးတော့ ဖိုးရှုပ်၏ မကျေမနပ် ညည်းတွားသံကို ကြားရသည်။ တောက် ... အသံလေးကတော့ ကောင်းပါရဲ့ ဘာပြောမှန်း မသိတာက ခက်တယ်။

သည်တော့မှပင် ကြွက်စုတ်လည်း တံခါးကို ရဲရဲခေါက်လိုက်ပြီး ...
ကြွက်စုတ်။   ။ ဖိုးရှုပ်ရေ တံခါးဖွင့်ပါဦးကွ မင်းလည်း သတင်းထောက်အလုပ် မဟန်တာနဲ့ တရုတ်တွေနဲ့ ဆက်သွယ်ပြီး စီးပွားရေး လုပ်တော့မလို့လား။

ဖိုးရှုပ်က တံခါးကို ဖွင့်ပေးလိုက်ရင်း ...
ဖိုးရှုပ်။   ။ တော်ပါကွာ  ဂျာနယ်လစ်ဆိုရင် ထောင်ထဲထည့်ဖို့ပဲ စဉ်းစားနေတဲ့ ဒီလိုအစိုးရမျိုးတွေနဲ့ ဘယ်တော့မှ စီးပွားရေး မလုပ်ဘူးကွ။

ကြွက်စုတ်။   ။ ဒါဆို ခုနက ကြားရတဲ့ တရုတ်စကားသံတွေက ဘာလဲ ။

ဖိုးရှုပ်။   ။ ကြက်ပြေးနေပြည်တော်မှာ သတင်းထူးများ ထပ်ရဦးမလားဆိုပြီး ဖုန်းဆက်ကြည့်နေတာကွ။  ပြန်ကြားရေးဝန်ကြီး ဆိုတဲ့သူက ပြောသွားတဲ့ ဖုန်းနံပါတ်ကွာ။ တခါဆက်လည်း တရုတ်မအသံ နောက်တခါ ဆက်လည်း တရုတ်မအသံ ဖြစ်နေလို့ အသေအချာ အသံဖမ်းထားပြီး နားထောင်ကြည့်နေတာကွ ။

ကြွက်စုတ်။     ။ ဟားဟား တရုတ်ဖုန်းတွေ တပ်ထားလို့ တရုတ်စကားပြောတာနေမှာပေါ့ကွာ။ လက်ခံစကားပြောမယ့်သူ မရှိဘူးလို့ပြောတာလား၊ ဒါမှမဟုတ် မက်ဆေ့ခ်ျထားခဲ့ချင်ရင် ထားခဲ့ဖို့ပြောတာလား တခုခု ဖြစ်မှာပေါ့ ။

ဖိုးရှုပ်။   ။ မသိပါဘူးကွာ။ ငါက နေပြည်တော်ကို ဆက်တာ ဘယ့်နှယ်ကြောင့် တရုတ်စကားသံတွေ ထွက်နေပါလဲလို့ ။ တရုတ်မအသံဆိုတော့ ကုန်းဘောင်ခေတ်က ဘုရင်တွေတုန်းကလို တရုတ်တွေကများ မင်းသမီးတွေ လာဆက်သွားတာလားလို့လေကွာ။ မင်းသိတဲ့အတိုင်း အခုဆိုရင် ကြက်ပြေးနေပြည်တော်မှာ နန်းစံတဲ့သူက စံနေပြီ မဟုတ်လား။

ကြွက်စုတ်။   ။ ဟုတ်လား ... ပြောစမ်းပါဦး တရုတ်မင်းသမီးတွေနဲ့ ကိုယ်တို့ ဘုရင်ကြီးတွေ ဇာတ်လမ်း။

ဖိုးရှုပ်။   ။ ဖိုးရှုပ်နဲ့ပေါင်းပြီး ဒီလောက်တော့လည်း မညံ့နဲ့လေကွာ။ မဆလခေတ်တုန်းက အပိတ်ခံရတဲ့ ဆောင်ကြာမြိုင်မှတ်တမ်းဆိုတဲ့ စာအုပ်ရဲ့အမှာစာမှာ  အကျယ်တ၀န်းကို ရေးထားတာကွ။ မင်းမဖတ်ဖူးဘူးလား။

ကြွက်စုတ်။   ။ မင်း ပြောလည်း ခံရမှာပဲ။ ကြားတောင် မကြားဖူးဘူး။ ဘာအကြောင်းလဲကွ။ ဆောင်ကြာမြိုင် မှတ်တမ်းဆိုတော့ ညစ်တီးညစ်ပတ် တွေ များလားကွာ။

ဖိုးရှုပ်။   ။ ကုန်းဘောင်ဆက်ဘုရင်တွေရဲ့ ကာမဂုဏ်စည်းစိမ်ခံစားပုံတွေ အကြောင်း တစ်တစ်ခွခွ ရေးထားတာပဲ။ အင်း ...- ဖတ်လို့တော့ အတော်ကောင်းသကွ။

ကြွက်စုတ်။   ။ ဟုတ်လား။ အဲဒီစာအုပ် ဗမာပြည်ကို လှမ်းမှာလို့ မရဘူးလား၊ ဘယ်လောက်ပေးရ ပေးရကွာ။

ဖိုးရှုပ်။   ။ သိပ်တော့ မလွယ်ဘူးနဲ့တူတယ်။ မဲဆောက်ဖက်မှာတော့ ရှိတယ်ဆိုလား။ အဲဒီအမှာစာမှာ ရေးထားတာကတော့ လူလိမ်တယောက်က နယ်စပ်က ပြည့်တန်ဆာတွေကို တရုတ်မင်းသမီး အယောင်ဆောင်ခိုင်းပြီး  ဗမာဘုရင်တပါးကို ဆက်ခဲ့ဖူးတယ်တဲ့။ ကာမသျှတ္တရထဲက ပုံတွေပါ အတူဆက်တာဆိုပဲ။

 ကြွက်စုတ်။   ။ ဟုတ်လား။ ပြည့်တန်ဆာတွေဆိုတာ ဘုရင်က မသိဘူးလား ။

ဖိုးရှုပ်။   ။ နောက်တော့လည်း အလိမ်ပေါ်သွားတယ် ပြောတယ်။ အဲဒီ မင်းသမီးအတုတွေရဲ့အကျိုးဆက်က နန်းတော်ထဲမှာ ကာမသောင်းကျန်း မှုတွေ ဖြစ်ပြီး နောက်ဆုံးတော့ ကာလသားရောဂါတွေ ကျန်ခဲ့တယ်လို့ ရေးထားတာပဲ။

ကြွက်စုတ်။   ။ အဲဒီစာအုပ်ကို ဖတ်ချင်လိုက်တာကွာ။ ပုံတွေအကြောင်း နည်းနည်းလောက် အသေးစိတ် ပြောမပြနိုင်ဘူးလား ဆရာသမားရယ်။

ဖိုးရှုပ်။   ။ အင်း ဒါမျိုးများ နားထောင်ရမယ်ဆိုရင် ထမင်းတောင် စားမယ့်ကောင်မဟုတ်ဘူး။ ဟေ့ကောင် ဆရာ ခေါ်မနေနဲ့ ။ အခုတော့ မအားသေးဘူး။ သတင်းလုပ်ရဦးမယ်။ ဒါကြောင့် နေပြည်တော်ကို ဖုန်းဆက်နေတာ။

ဖိုးရှုပ်က ပြောပြောဆိုဆို တယ်လီဖုန်း နံပါတ်များကို နှိပ်ပြန်သည်။ သို့သော် ထုံးစံအတိုင်း သူ့နံပါတ်က တရုတ်မအသံပဲ ပြန်လာသည်။

ဖိုးရှုပ်။   ။ တော်ပြီကွာ ငါ စိတ်ကုန်ပြီ။ ဒွိုင်ဆူထေ့တောင်ပေါ်သွားပြီး  ဒို့ရုက္ခစိုးဆီမှာ သတင်း စနည်းနာရအောင်။ ညနေမှ သတင်းမတက်နိုင်ရင် အယ်ဒီတာမင်းက သတ်လိမ့်မယ်။

သည်လိုနှင့် သူကောင်းသားနှစ်ယောက်တို့ ဆိုင်ကယ်အစုတ်ကို စီးပြီး ချင်းမိုင်ရုက္ခစိုးထံ ရောက်လာကြသည်။ ညောင်ပင်အောက်သို့ ဆိုင်ကယ် ထိုးရပ်လိုက်သည့်အချိန်တွင် ရုက္ခစိုးမှာ ညောင်ပင်ခွကြားမှာထိုင်ပြီး မှန်ပြောင်းအစုတ်တလက်ဖြင့် မြန်မာနိုင်ငံဖက်သို့ သဲကြီးမဲကြီး ကြည့်နေတုန်း။

ကြွက်စုတ်။   ။  ဘာတွေများ ဒီလောက် သဲသဲမဲမဲ ကြည့်နေတာတုံး ရုက္ခစိုးရဲ့။

ရုက္ခစိုး။   ။ နေပြည်တော်မှာ ဖြုတ်တာတွေ ထုတ်တာတွေ လုပ်နေတယ်ဆိုလို့ ဘာများ ထူးခြားမလဲဆိုပြီး လှမ်းကြည့်နေတာကွ။

ဖိုးရှုပ်။   ။ ဟုတ်တယ။် ကျနော်လည်း ဒီမလာခင် နေပြည်တော်ကို လှမ်းပြီး ဖုန်းဆက်ကြည့်သေးတယ်။ တရုတ်မအသံတွေချည်းပဲ ကြားနေတာနဲ့ စိတ်ပျက်ပြီး ဒီကို ထွက်လာတာ။

ရုက္ခစိုး။   ။ ဘာလဲကွ တရုတ်မအသံ ဆိုတာက ...။

ရုက္ခစိုး အူလည်လည် ဖြစ်သွားသည်ကို ကြည့်ပြီး ကြွက်စုတ်က ရယ်သည်။ ဆောင်ကြာမြိုင်ဇာတ်လမ်းကို ပြောပြလျှင် ရုက္ခစိုးပင် ရှင်ဘုရင် လုပ်ချင်စိတ် ၀င်ကောင်းဝင်မည်ဟု တွေးမိကာ တခွီးခွီးနှင့် အသံပင် ထွက်သွားသည်။

ဖိုးရှုပ်။   ။ ထားပါတော့ အဲဒီ တရုတ်မအသံ အကြောင်း။ ရုက္ခစိုး ဘာတွေ မြင်ရသလဲဆိုတာ  ပြောပြပါဦး။ ကျနော်က အဲဒီအကြောင်း သတင်းရေးမလို့။

ရုက္ခစိုး။   ။ ဟ ဒါက တပ်တွင်းမှာ လုပ်နေကျအတိုင်း အာဏာတည်ဆောက်တာပဲ ဖြစ်မှာပေါ့ကွ။ သေချာတာတော့ ဗိုလ်ချုပ်မှူးကြီးဟာ သူ့ဖက်သူယက်တာပဲပေါ့။

ကြွက်စုတ်။   ။ ဒါဆို ဘာတွေ ဖြစ်လာမလဲ။

ဖိုးရှုပ်။   ။ ဗိုလ်ချုပ်မှူးကြီးက ရှင်ဘုရင်ဖြစ်ချင်နေတာလေ။  မှူးကြီးကတော်ကလည်း မိဖုရားကြီး ဖြစ်ချင်နေတာ။ နောက်ပြီး သမီးတွေကလည်း သမီးတော်လို့ ခေါ်မှ ကြိုက်တယ်ဆိုပဲ။ ဒါကြောင့် စစ်တပ်ထဲမှာ မှူးကြီးမိသားစုကို တော်ဝင်မိသားစုလို ဆက်ဆံတဲ့သူတွေကို ရာထူးတိုးပေးတဲ့ပွဲလို့ သတင်းကြားရတယ်။

ရုက္ခစိုး။   ။ ဒါတော့ ဖြစ်နိုင်ခြေအများဆုံးပဲ။ နေပြည်တော်ဆိုတာကိုက ဘုရင်နေတဲ့မြို့လို့ အဓိပ္ပါယ်ရှိတာ။ အေးကွာ ဘုရင်အဆောင်အယောင် တွေကိုတော့ တခုပြီးတခု တိုးတိုးလုပ်နေတာပဲ။ ခေတ်မှီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ပြောရင်းနဲ့ အခုတော့ ဒို့နိုင်ငံသားတွေ ပဒေသရာဇ်ခေတ်ကို ပြန်သွားရ တော့မယ်နဲ့ တူပါရဲ့ကွာ။

ဖိုးရှုပ်။  ။ ဟုတ်တယ်။ ဇွတ်ကို ဘုရင်ခေတ်ပြန်ရောက်အောင် တွန်းနေတာ။  ဒါကြောင့် အဖွဲ့ချုပ်ကလူတွေကို အတင်းထွက်ခိုင်း။ တနေ့ကဆိုရင် ပြည်သူချစ်တဲ့ အနုပညာရှင် ဇာဂနာကို ဘာမှ မလုပ်ရဘူးလို့ ပိတ်လိုက်တယ်တဲ့။

ရုက္ခစိုး။   ။ မလုပ်ကောင်းမလုပ်အပ်တာကွာ။ ဇာဂနာဆိုတာ ပြည်သူလူထုကို ပြက်လုံးသောလုံးတွေနဲ့  ပျော်အောင် ရွှင်အောင် ဘ၀အမောတွေ ပြေအောင် လုပ်ပေးနေတဲ့သူ မဟုတ်လား။

ဖိုးရှုပ်။   ။ ဒါတင် ဘယ်ကဦးမလဲ။ လူထုဒေါ်အမာလို ပြည်သူလူထု လေးစားတဲ့ စာပေပညာရှင်ကြီးကိုလည်း စော်ကားတဲ့ စာတွေဖြန့်ပြီး ခြိမ်းခြောက်တယ်တဲ့။

ကြွက်စုတ်။  ။ ဒါဆို အခုတလော တော်တော် ပွဲကြမ်းနေတာပေါ့ ဟုတ်လား။

ဖိုးရှုပ်။   ။ အေးလေ ဒီလို ပွဲကြမ်းနေလို့ ကုလသမဂ္ဂက ထိပ်တန်းအရာရှိတယောက်ကို အ၀င်ခံတာပေါ့ကွ။

ကြွက်စုတ်။   ။ ဟ ဒါ ၀မ်းသာစရာ မဟုတ်ဘူးလားကွ ဖိုးရှုပ်ရ။

ဖိုးရှုပ်။   ။ ဘာ ၀မ်းသာရမှာလဲကွာ  ငါဖြင့် အဲဒီသတင်း ကြားရတော့ စိတ်တောင် ပျက်နေတာ။

ရုက္ခစိုး။   ။ ဟုတ်လား ဘယ်လိုကြောင့် စိတ်ပျက်ရတာလဲ မောင်ဖိုးရှုပ်ရဲ့။

ဖိုးရှုပ်။   ။ သူတို့လာလိုက်ရင် ကျနော်တို့ ဗမာပြည်သူပြည်သားတွေက သွေးအေးသွားတတ်လွန်းလို့ပါ ရုက္ခစိုးရယ်။ နောက်ပြီး ဘာမှလည်း ဟုတ်ဟုတ်ဟတ်ဟတ် လုပ်ပေးတာမဟုတ်ဘူး။ ရာဇာလီတုန်းကလည်း ကြည့်ပါလား ။ ဟုတ်တော့မလိုလိုနဲ့။ နောက်ဆုံး သူပဲ ရာထူးက ထွက်သွားရတာ မဟုတ်လား။ စစ်အစိုးရက ဒီလိုပဲ။ ပြည်သူလူထုက ခေါင်းနည်းနည်း ထောင်လာရင် ကုလသမဂ္ဂကိုယ်စားလှယ်တွေ အ၀င်ခံပြီး တကယ်ပဲ ငြိမ်းချမ်းရေးကို လက်ခံတော့မှာ လိုလို လုပ်ပြ။ အမှန်က ပြည်သူလူထုကို သွေးအေးအောင် လှည့်ဖျားနေတာ။

ရုက္ခစိုး။  ။ မင်းပြောတော့လည်း ဟုတ်တာပဲ။ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်တောင် အနားယူတော့မယ်။ ဗမာနိုင်ငံ အတွက် ဘာမှ လောက်လောက်လားလား လုပ်မပေးနိုင်သေးဘူး။

ဖိုးရှုပ်။    ။ နအဖက အားလုံးကို လိမ်နေတာ။ ကုလသမဂ္ဂတို့ အာဆီယံ တို့ကလည်း လိမ်မှန်းသိသိနဲ့ ခံနေတာပဲ။ ကျနော်ကတော့ ကိုယ့်ကိစ္စ ကိုယ့်ဖာသာပဲ လုပ်ရမယ်လို့ထင်တယ်။ တခြားသူတွေက ဘာမှ လုပ်ပေးမယ် မထင်ဘူး။

ရုက္ခစိုး။  ။ အေး ဒါမှန်တယ်။ ကိုယ့်ကိစ္စ ကိုယ်လုပ်  ကိုယ့်ပြဿနာ ကိုယ်ရှင်း။

ဖိုးရှုပ်။  ။ ဟုတ်တယ် ။ ဒါဆို ရုက္ခစိုးလည်း ကိုယ့်ညောင်ပင် ကိုယ်တက် ကျနော်လည်း ကိုယ့်သတင်း ကိုယ်ပြန်ရေးလိုက်ဦးမယ်။

ကြွက်စုတ်။  ။ ကောင်းလိုက်တဲ့ သဘောတရားကွာ ။ မင်းသတင်းရေးမှ မင်းပိုက်ဆံရမယ်။ မင်းပိုက်ဆံရမှ မင်းသူငယ်ချင်း ကြွက်စုတ်ကို ထမင်းကောင်းကောင်းကျွေးနိုင်မယ်။ ထမင်းကျွေးရင်း ဘုရင်တွေ ကာမသောင်းကျန်းတဲ့ ဆောင်ကြာမြိုင်မှတ်တမ်း စာအုပ်အကြောင်း သေသေချာချာ ပြောပြ။ လာ သွားကြစို့။

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.