ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၁၆)
ရန်ကုန်သားတာတေ
ကောင်းကင်တခို မိုးတွေညိုပြီး အုံ့အုံ့မှိုင်းမှိုင်း ဖြစ်နေသောကြောင့် ကြွက်စုတ်မှာ အိမ်လွမ်းဝေဒနာ ခံစားနေရကာ လေနှင်ရာ စိတ်လွင့်ပါးနေသည်။
ရန်ကုန်မှာ သည်အချိန်ဆို သင်္ကြန်မိုးတွေ ရွာပြီးချိန်မို့ အပူအအိုက်တွေ သက်သာရော့မယ်။ သင်္ကြန်မိုးကြောင့် ရွှေဝါပိတောက်တွေလည်း ပွင့်ကုန်
ရောပေါ့။ ပိတောက်ဆိုလို့ ပိတောက်ကြိုက်တဲ့ ငယ်ရည်းစားကို သတိရမိသေးတော့။ အချစ်အတွက် ပိတောက်ပန်းတက်ခူးရင်း ကိုင်းကျိုးကျတာ ကံကောင်းလို့ ကြွက်စုတ်ကနေ ကြွက်ဒုက္ခိတ မဖြစ်တာကလား။ အော် အချစ်ကလေး ဘယ်အခြေဘယ်အနေများ ရောက်နေပါလိမ့်။ ကြွက်စုတ်တယောက် သည်ဘက်ကို ထွက်လာတုန်းကတော့ ဒီမိုကရေစီရတဲ့အထိ ကိုကြွက်ကို စောင့်မည်ဟု မျက်ရည်တွေ နှာရည်တွေ ထွက်ရင်း ပြောခဲ့သည့်စကားကို ယခုတွေး ယခုသတိရ ယခုပင် လွမ်းမိပါသေး၏။ အော် ဒါကြောင့် ရှေးစာဆိုကြီးများ ရေးခဲ့တာကိုး။ ဘာတဲ့ ... လွမ်းတပူဆွေး သူနှင့်ဝေးသော် ပြည်ထဲရေးနှင့် ၀မ်းရေးတို့ထက် လွမ်းရေးခက်၏ ဆိုလား ...။
ဖိုးရှုပ်။ ။ ဟေ့ကောင် ပရိုပိုစယ် မကျတဲ့မျက်နှာနဲ့ ဘာဖြစ်နေတာလဲ ကြွက်ဆိုတာ အမြဲတမ်း ဖျတ်ဖျတ်လတ်လတ် ရှိရတယ်ကွ၊ သုတ်စရာရှိ သုတ် ပြေးစရာရှိပြေး ဒီလို လဒမှိုင် မှိုင်နေလို့ကတော့ ထိုင်းရဲကပဲ ဆွဲမလား နအဖမြေခွေးတွေကပဲ လာဆွဲမလား။
အရေးကောင်းတုန်းဒိန်းဒေါင်းဖျက်၊ အလွမ်းကောင်းတုန်း ဖိုးရှုပ်ဖျက်။ ဘာလုပ်လုပ် ဒီသတင်းထောက်နဲ့ လွတ်ကို မလွတ်ပါလား။
ကြွက်စုတ်။ ။ မိုးကလေးညိုညို လွမ်းစိတ်တွေပိုဆိုတဲ့ သီချင်းလိုပေါ့ကွာ။ ဟိုမှာ ကြည့်ပါလား မိုးတိမ်တွေတက်လာတာ။ အဲဒါ ဗမာပြည်က လာတဲ့ မိုးတိမ်တွေကွ။ မိုးတိမ်တွေမြင်တော့ ငယ်ရည်းစားကို လွမ်းသကွာ။
ဖိုးရှုပ်။ ။ လွမ်းမနေနဲ့ ဟေ့။ အဲဒီ မိုးတိမ်တွေက မုန်တိုင်းနဲ့ပါလာတဲ့ မိုးတိမ်တွေ။ မင်းမကြားဘူးလား အားကောင်းတဲ့ မုန်တိုင်းတခု ဗမာပြည်ကို ဖြတ်သွားလို့ အဆောက်အဦးတွေပျက်ပြီ်း လူတွေသေကုန်တာ။
တကယ်တော့ ကြွက်စုတ်တယောက် အလုပ်တွေများပြီး မြန်မာ့သတင်းများနှင့် အဆက်ပြတ်နေသည်မှာ လေးငါးရက်ရှိပြီ။ လွန်ခဲ့သည့်ရက် တွေမှာ မိုးရွာတော့ သည်နှစ် မိုးဦးစောလှချည်လားဟုပင် ထင်မိသည်။
ကြွက်စုတ်။ ။ ဟုတ်လား။ ဘယ်နှယောက် သေတယ်တဲ့လဲကွ။
ဖိုးရှုပ်။ ။ စစ်အစိုးရသတင်းစာတွေကတော့ လေးယောက်သေတယ်ပြောတာပဲ။
ကြွက်စုတ်။ ။ ဒါဆိုရင် သေချာတာကတော့ လေးယောက်ထက် ပိုမှာပေါ့ကွာ။
ဖိုးရှုပ်။ ။ မင်းကတော့ စစ်အစိုးရပြောတာဆို ဘာမှကို မယုံတော့ပါလား။ ကောင်းတာပြောလည်း မယုံ။ ဆိုးတာပြောလည်း မယုံ။ အရူးတောင် ဆယ်ခွန်းပြောရင် တခွန်းမှန်သေးတယ်လို့ပြောကြတယ်။ စစ်အစိုးရကျတော့ တခွန်းမှ မမှန်ဘူးလား။
ကြွက်စုတ်။ ။ ဟကောင်ရ။ နအဖလက်ထက်မှာ လူကြောင့်ဖြစ်တဲ့ ဘေးဒဏ်တွေရော သဘာဝဘေးဒဏ်တွေရော ခဏခဏဖြစ်နေတာပဲကွ။ ဒါပေမယ့် ဘယ်တုန်းက အချက်အလက် မှန်မှန်ကန်ကန် ထုတ်ပြန်ဘူးလို့လဲ။
ဖိုးရှုပ်။ ။ အေး ဟုတ်တယ်။ နအဖအနေနဲ့ အာဏာသိမ်းတဲ့အချိန်ကစပြီး အခုအထိ ဇွဲလုံ့လသန်သန်နဲ့ လုပ်တဲ့ အလုပ်ကတော့ လိမ်တဲ့ အလုပ်ပဲကွ။ သူ့လက်ထက်မှာ အားလုံးကောင်းတယ်၊ ငြိမ်းချမ်းသာယာတယ်၊ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာမျိုး အထင်ခံရချင်တော့ တောက်လျောက် မဟုတ်တာတွေပြော၊ မမှန်တာတွေရေးရင်းနဲ့ အခုတော့ အကျင့်ပါသွားပြီ။ ဟုတ်တာမှန်တာကို ပြောလို့ ရေးလို့မရတော့ဘူး။
ရုက္ခစိုး။ ။ ဟုတ်ပါ့မလားဖိုးရှုပ်တို့ ကြွက်စုတ်တို့ရယ်၊ မင်းတို့ ပြောပုံအရဆိုရင် နအဖဟာ အရူးထက် ဆိုးနေပါလား။
ဘယ်ကဘယ်လို ရောက်လာသည်မသိ၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားပြောနေသည့် နေရာတွင် ချင်းမိုင်ရုက္ခစိုး ဘွားကနဲ ပေါ်လာသည်။
ဖိုးရှုပ်။ ။ ဆိုးဆို သူက ရူးရုံတင်မက မိုက်လည်း မိုက်သေးတာကိုး ခင်ဗျ
ကြွက်စုတ်။ ။ မိုက်တာမှာလည်း ကန်းနေအောင်မိုက်တာ။ ဒါကြောင့် ရူးသွပ်မိုက်ကန်းသော စစ်အစိုးရလို့ သုံးနှုန်းရင်အသင့်တော်ဆုံးလို့ ကျနော်တော့ပြောချင်တာပဲ။
ရုက္ခစိုး။ ။ ထင်ရာမြင်ရာတွေများ လျောက်ပြောနေတာလား မောင်ကြွက်စုတ်ရယ်။
ကြွက်စုတ်။ ။ မဟုတ်ပါဘူး ခင်ဗျ၊ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဆိုသူက ပြောသွားတာကိုကြည့်ရင် ဘယ်လောက်
မိုက်ကန်း ရူးသွပ်နေသလဲဆိုတာ ထင်ရှားပါတယ်။
ဖိုးရှုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး။ အဖွဲ့ချုပ်ဟာ ပြည်သူလူထုထောက်ခံမှုကိုမရတော့လို့ တွေ့ဆုံပြီး စကားပြောစရာမလိုဘူးတဲ့ဗျ။ ဒါဟာ မဲထည့်
ခဲ့တဲ့ ပြည်သူလူထုကို စော်ကားလိုက်တာပဲ မဟုတ်လား။ တဖက်မှာ ပြည်သူအတွက် လုပ်နေပါတယ်ပြော၊ တဖက်ကတော့ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်ကို စော်ကားမော်ကားပြော၊ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောစရာမလိုဘူးဆိုတာ ပြည်သူလူထုကို လုံးဝ
ဂရုမစိုက်ဘူးလို့ ပြောတာပဲမဟုတ်လား။ ပြည်သူလူထုကျွေးတဲ့ ထမင်းကို စားနေပြီး ဒီလိုစကားမျိုးပြောတာလောက် မိုက်ကန်းတာ ဘယ်မှာရှိပါ့မလဲဗျ။
ရုက္ခစိုး။ ။ ဒီသတင်းစာရှင်းလင်းပွဲက မူးယစ်ဆေးဝါးတွေကို မီးရှို့တဲ့ပွဲမှာ လုပ်တာဆိုတော့ ပြန်ကြားရေးဝန်ကြီးဟာ အဲဒီမီးခိုးရှူမိပြီး မူးတိမူးကြောင်နဲ့ ပြောလိုက်မိတာလား မသိဘူး။
ဖိုးရှုပ်။ ။ မူးယစ်မီးခိုးရှူမိလို့ပြောရင် ဒီလောက်ဘယ်မိုက်ကန်းပါ့မလဲ။ သိတဲ့အတိုင်း ဘိန်းစားလေသံဆိုတာ ခပ်ပျော့ပျော့ပဲဟာ။အခုဟာက အာဏာရူးနေတာ စည်းစိမ်မူးနေတာ။
ရုက္ခစိုး။ ။ အေး ဟုတ်တယ်။ ငွေတို့ အာဏာတို့ဆိုတာ အသိပညာကင်းမဲ့တဲ့ သူတွေရဲ့လက်ထဲကို ရောက်သွားရင် သူတင်မက သူ့ပတ်ဝန်းကျင်ပါ ဒုက္ခရောက်ရတာပဲ။
ဖိုးရှုပ်။ ။ ပြန်ကြားရေးဝန်ကြီးဆိုတာ ပြည်သူလူထုအတွက် အကျိုးရှိရာရှိကြောင်းကို ပြောရမယ့်သူပဲ။ အခုတော့ အရပ်ထဲမှာ လူမိုက်တယောက်က အရက်မူးပြီး ပြောတဲ့ပုံမျိုး။ တဖက်ကိုကျတော့ ဘာမှပြန်ပြောခွင့်ပေးတာမဟုတ်ဘူး။
ရုက္ခစိုး။ ။ သတင်းထောက်တွေက ပြန်လှန်မေးခွန်းတွေ မထုတ်ကြဘူးလား။ သတင်းထောက်ဆိုတာလည်း ပြည်သူလူထုရဲ့ ကိုယ်စားလှယ် တမျိုးပဲ။
ဖိုးရှုပ်။ ။ အခု သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးက သူနဲ့ အလွမ်းသင့်တဲ့ ဂျာနယ်လစ်တွေကိုပဲ လက်ဝါးချင်းရိုက်ပြီး မေးခွန်းတွေ မေးခိုင်းတာလို့ သတင်းကြားတယ်။
ကြွက်စုတ်။ ။ အော် ဒါကြောင့် နိုင်ငံခြားသတင်းဌာနကြီးတွေက သတင်းထောက်ကြီးတွေမေးတာ မတွေ့ရပဲ ဂျာနယ်လစ်အမည်ခံပြီး စီးပွားရှာနေတဲ့ လူတစုက လူတွင်ကျယ်လုပ်
မေးခွန်းတွေထုတ်နေတာကိုပဲ တွေ့ရတာကိုး။
ဖိုးရှုပ်။ ။ အာဏာရှိတဲ့လူတွေကို အောက်ကျို့ပြီး ကပ်ဖားယပ်ဖားလုပ်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ဂျာနယ်လစ်လို့ ပြောရဲတာ သူတို့အစား ရှက်မိပါရဲ့ဗျာ။ စစ်အစိုးရကို ဒူးတုန်အောင် လုပ်နိုင်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကိုမှ အားမနာ။
ကြွက်စုတ်။ ။ ပြန်လှန်မေးခွန်းလောက်မှ မထုတ်ရဲပဲ ဂျာနယ်လစ်ကြီးတွေအနေနဲ့ အခန့်သားနေရာယူရဲတာ ဆိုတော့ တော်တော် မျက်နှာ ပြောင်တဲ့ သူတွေပဲနော်။ ဒီနေရာမှာတော့ မဟုတ်မမှန်တဲ့ အာဏာပိုင်တွေကို ကလောင်လက်နက်နဲ့ ရဲရဲရင့်ရင့် ထိုးနှက်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ ဆရာကြီးဦးညိုမြတို့ကို လွမ်းမိပါရဲ့ဗျာ။
ဖိုးရှုပ်။ ။ ခုနကတော့ ငယ်ရည်စားကို လွမ်းလို့ဆို။ အခုတော့ သတင်းစာဆရာကြီးတွေကို လွမ်းပြန်ပြီလား။
ကြွက်စုတ်။ ။ ဟဲဟဲဟဲ ခုနက ရိုမန်တစ် အလွမ်းကွ၊ အခုဟာက ဂျာနယ်လစ်အလွမ်း။
ရုက္ခစိုး။ ။ ကဲ ကဲ မင်းတို့နှစ်ယောက် လွမ်းချင်သလောက်လွမ်းပြီး နေရစ်ခဲ့ကြပေတော့။ ဟိုမှာ မိုးတွေ မဲလာပြီ။ ငါတော့ တောင်ပေါ်ပြန်တော့မယ်။
ပြောပြီးသည်နှင့်တပြိုင်နက် ရုက္ခစိုးကြီးသည် အလာတုန်းကလိုပင် ရုတ်ကနဲ ပျောက်သွားလေသည်။ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ကတော့ ရုပ်ရှင်မင်းသားမင်းသမီးများထံမှ ငွေညှစ်သော ပါပရာစီဂျာနယ်လစ်၊ အညှီအဟောက်အတင်းအဖျင်းများဖြင့် ပရိသတ်များအောင်လုပ်သော
အ၀ါရောင်ဂျာနယ်လစ်၊ သူများစာကို ခိုးယူပြီး ပညာရှင်ကြီးပုံ ဖမ်းနေသော စောရဂျာနယ်လစ်၊ အာဏာရှင်အကြိုက် ပြည်သူကို မှိုင်းတိုက်သော ဖော်လံဖားဂျာနယ်လစ် စသည်ဖြင့် စစ်အစိုးရခေတ်ထွက် ဂျာနယ်လစ်အမျိုးမျိုးအကြောင်းကို ဆက်လက်ပြောဆိုနေပါသတည်း။ ။
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |