ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၁၄)
ရန်ကုန်သားတာတေ
----- စစ်အာဏာရှင် ဘယ်လောက်ထုထု
ပျော်မယ်ပါးမယ် လုံးဝမမှု
ထုလေမာလေ ဒို့လူတွေ
ထုတဲ့သူတွေ နောက်ဆုတ်စမ်းကွဲ့ ------
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ အတိုင်အဖောက် အော်ကာ တောင်ပေါ်တက်လာသည်ကို
ကြည့်ပြီး အင်း သင်္ကြန်ပြီးပေမယ့် သင်္ကြန်ပိုးက မသေသေးဘဲကိုး ဟု ရေရွတ်ကာ ရုက္ခစိုးသည် ညောင်ပင်ပေါ်မှ ဆင်းလာသည်။
ရုက္ခစိုး ။ ။ ဒီ့ပြင်လူတွေတော့ မသိဘူး။ မင်းတို့ နှစ်ယောက်ကိုတော့ ငါ ယုံတယ်။ ပျော်ဖို့ပါးဖို့ဆိုရင် စစ်အာဏာရှင်တွေလောက် မပြောနဲ့ စစ်အာဏာရှင်တွေရဲ့ ဘိုးအေ မာရ်နတ်မင်းကြီး လာပြီး တားတောင် ရမယ့် ကောင်တွေ မဟုတ်ဘူးဆိုတာ။
ကြွက်စုတ်။ ။ ဟဲဟဲ - ဗမာ ဆိုတာ ကမ္ဘာပေါ်မှာ အပျော်တတ်ဆုံး လူမျိုးဆိုတဲ့ အစဉ်အလာကို ထိန်းသိမ်းတာပါ ဦးရုက္ခစိုးကြီးရယ်။ ပျော်ချင်လှလို့ရယ်တော့ မဟုတ်ပါဘူးခင်ဗျာ။
ဖိုးရှုပ်။ ။ ကျနော်တို့ ဆင်းရဲသားများအဖို့တော့ သင်္ကြန်ဆိုတာက ပွဲတော်ကြီးပဲလေ ပျော်ဖို့ပါးဖို့ စားရိတ်အနည်းဆုံးဆိုတော့ အို ဘာတဲ့ --ရိုးရာအတာပွဲ အချိန်ကျလာ ...။
ကြွက်စုတ် ။ ။ အစွမ်းကုန်ပျော်မှာ ဘယ်သူမှ မတားနဲ့ ...။
ဖိုးရှုပ်။ ။ အမိန့်ထုတ်ပြီး တားချင်တား ...။
ကြွက်စုတ် ။ ။ ပျော်ပျော်ပါးပါး ရေပက်ကစားစို့ ...။
ရုက္ခစိုး။ ။ အင်း မင်းတို့နှစ်ယောက် ဘယ်လောက်အပျော်ကျူးမလဲ ငါသိပါတယ်ကွာ။ ပိုက်ဆံတဘတ်မှ မရှိပေမယ့် တနေကုန် ကျုံးကို ပတ်မယ်။ ဗိုက်ဆာတာနဲ့ ကားကြုံစီးပြီး ဒေါက်တာသိန်းလွင်တို့ ကိုအောင်မျိုးမင်းတို့ ဆီမှာ မုန့်ဟင်းခါးကို အ၀အပြဲ သွားစားမယ်။
ကြွက်စုတ်။ ။ ဒါကလည်း အလှူရှင်တွေ ကုသိုလ်များများ ရအောင် ကျနော်တို့က များများ စားပေးရတဲ့ သဘောပါ ခင်ဗျာ။
ရုက္ခစိုး။ ။ မင်းပြောပုံက စစ်ဗိုလ်ချုပ်ကြီးတွေ ပြောပုံနဲ့ တထေရာတည်းပဲ။ တိုင်းပြည်ကို အုပ်ချုပ်ချင်လို့ အုပ်ချုပ်နေတာမဟုတ်ဘူး ။ တိုင်းပြည်ကို အစစအရာရာ တိုးတက် ဖွံ့ဖြိုးအောင် လုပ်ပေးချင်လို့ မလွှဲသာမရှောင်သာ အပင်ပန်းအဆင်းရဲ ခံပြီး အုပ်ချုပ် နေရတာတဲ့။
ဖိုးရှုပ်။ ။ အော် တယ်တော်တဲ့ စစ်ဗိုလ်ချုပ်တွေပဲနော် ကျနော်လည်းသူတို့လို လစာ ဆယ်သိန်းကျော်ယူပြီး အပင်ပန်းအဆင်းရဲခံကြည့်ချင်လိုက်တာ။
ကြွက်စုတ်။ ။ တခြားစီပါ ဗျာ။ ကျနော်တို့က အလှူရှင်တွေ ကြည်ကြည်ဖြူဖြူ ကျွေးမွေးတာကို စားတာပါ။ သူတို့က တိုင်းပြည်ကို အတင်းအဓမ္မ ပြန်ပေးဆွဲပြီး မသထာရေစာတွေကို မျိုဆို့နေကြတာပါ။
ရုက္ခစိုး။ ။ အေး ဒါတော့ မင်း မှန်တယ်။ လစာတွေ တိုးမယ်လို့ ကြေညာတုန်းကလည်း ပြည်သူ့ဝန်ထမ်းတွေအပေါ် စေတနာထားတာလိုလို နဲ့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ပြီး နောက်ဆုံးတော့ သူတို့ စစ်ဗိုလ်ချုပ်တွေပဲ တနင့်တပိုး ယူသွားတာ သတိထားမိလိုက်တယ်။
ဖိုးရှုပ်။ ။ နောက်ပြီး ပြောသေးတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟ နေတာကို ကုစားတာတဲ့။ အခု ပြန်ကြည့်တော့ အနိမ့်ဆုံးလစာက တသောင်းခွဲ အမြင့်ဆုံးလစာက တဆယ့်နှစ်သိန်း။ ကွာဟမှုက အဆ ၈၀ လောက် ဖြစ်နေတယ်။ အစိုးရ၀န်ထမ်းလစာတွေ ဒီလောက် ကွာဟတာမျိုး ဘယ်နိုင်ငံမှာမှ ရှိမယ်မထင်ဘူး။ အချမ်းသာဆုံးနိုင်ငံတွေမှာတောင် အလွန်ဆုံး ကွာလှ အဆနှစ်ဆယ် ၊ အစိတ်ပေါ့ဗျာ။
ကြွက်စုတ်။ ။ ဟုတ်တယ် လစာနိမ့်ဝန်ထမ်းတွေကတော့ လစာတိုးပေမယ့် ကုန်ဈေးနှုန်းတိုးတာနဲ့ ဘာမှ ထူးမယ်မထင်ပါဘူးလို့ ပြောနေကြတာပဲ။
ရုက္ခစိုး။ ။ အေး နောက်ပြီး အရပ်ဘက် ၀န်ထမ်း လစာတွေမှာ အမြင့်ဆုံးက နှစ်သိန်းတောင် မပြည့်ပေမယ့် စစ်ဘက်လစာမှာ အမြင့်ဆုံးက ဆယ့်နှစ်သိန်း ဖြစ်နေတာလည်း သတိထားစရာပဲကွ။
ဖိုးရှုပ်။ ။ ဒါကတော့ ရှင်းပါတယ်။ လစာကောင်းကောင်းလိုချင်ရင် စစ်တပ်ထဲဝင်လို့ ပြောလိုက်တာပါပဲ။
ကြွက်စုတ်။ ။ ဟုတ်တယ် ။ တပ်မတော်နေ့မှာ ပြောသွားတဲ့ ဗိုလ်ချုပ်မှူးကြီး မိန့်ခွန်းမှာလည်း တိုင်းပြည်ကို စစ်တပ်နိုင်ငံဖြစ်အောင် လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောသွားတာပဲ။
ရုက္ခစိုး။ ။ ဒါနဲ့ နှစ်ဆန်းတရက်နေ့မှာ နောက်ဆုံးထားပြန်ကြားဖို့ ပြောတဲ့ အဖွဲ့ချုပ်ရဲ့ ဖိတ်ခေါ် ကြေညာချက်ကရော ဘာထူးလဲကွ။
ဖိုးရှုပ်။ ။ ဘာထူးမှာလဲ ။ နအဖက အဖွဲ့ချုပ်ကို တမိနစ်တောင် အသိအမှတ်ပြုမှာမှ မဟုတ်တာ ။ လွှတ်တော် ခေါ်ပေးဖို့က ဝေလာဝေး။
ရုက္ခစိုး။ ။ အင်း စစ်ဗိုလ်ချုပ်တွေ မိုက်တွင်းနက်တာနဲ့ ဒို့နိုင်ငံကတော့ မြောက်ကိုးရီးယားလို စစ်နိုင်ငံ ဖြစ်ရတော့မှာနဲ့ တူပါရဲ့ကွာ။ အော် ဒါနဲ့ ဗမာနိုင်ငံထဲမှာရော ဒီနှစ် သင်္ကြန် စည်စည်းကားကား ပျော်ပျော်ပါးပါး ရှိကြရဲ့လားကွ။
ကြွက်စုတ်။ ။ ဗမာပဲဗျာ ။ ကျန်တာ လျှော့ချင်လျှော့မယ် အပျော်အပါးတော့ ဘယ်လျှော့လို့ ဖြစ်ပါ့မလဲ။ ဒါပေမယ့် ဒီနှစ်မှာ စီးပွားရေး ပိုကျပ်လာတာဆိုတော့ ကားတွေငှားပြီး လည်တာ၊ သင်္ကြန်မဏ္ဍပ်မှာ ပိုက်ဆံပေးပြီး ရေကစားတွေတော့ နည်းသွားတယ်ဆိုပဲ။
ဖိုးရှုပ်။ ။ အင်းလျားလမ်းထဲက မဏ္ဍပ်တခု ပြိုကျပြီး လူတွေသေကြတယ်လို့လည်း သတင်း ရတယ်ဗျ။ မိန်းကလေးတွေတဲ့။ ငယ်ငယ်ချောချောလေးတွေတဲ့။ စိတ်မကောင်းလိုက်တာဗျာ။
ရုက္ခစိုး။ ။ မိန်းကလေးဖြစ်ဖြစ် ယောက်ကျားလေးဖြစ်ဖြစ် စိတ်မကောင်းစရာသတင်းပဲ။ အင်း ဒါက သံဝေဂ ယူစရာကွ။ လူဆိုတာ သေချင်ရင် ဒီလိုပဲ ။ ထိုင်းမှာလည်း သင်္ကြန်ဆို သေလိုက်တာ သောက်သောက်လဲ။ ဒီနှစ်လည်း ငါးရာနီးပါး သေတယ်ဆိုပဲ။ ကဲကွာ မင်းတို့ နှစ်ယောက်လည်း မသေခင် ကောင်းမှုကောင်းရာလုပ်တဲ့အနေနဲ့ ဒီနေ့ ဥပုသ်စောင့်ကွာ ငါသီလပေးမယ်။
ရုက္ခစိုးက အကွက်ဝင်သွားသည်နှင့် ဖိုးရှုပ်နှင့် ကြွက်စုတ်ကို ချည်သည်။ သည်နှစ်ယောက်က တကယ်တော့ သင်္ကြန်ကာလမှာသာ သောက်စားပျော်ပါးသည်မဟုတ်။ တနှစ်လုံး အပျော်ရှာ နေတတ်သည်ကို ရုက္ခစိုးက သေချာပေါက်သိသည်။ ဖိုးရှုပ်ဆိုလျှင် သည်နှစ်အတွင်းမှာ ဗိုက်တော်တော်ထွက်လာသည်။ ဘီယာဗိုက်ကလွဲ၍ ဘာဖြစ်နိုင်မည်နည်း။
ဖိုးရှုပ်နှင့် ကြွက်စုတ်ကတော့ တယောက်မျက်နှာ တယောက်ကြည့်ရင်း ဘာပြန်ပြောရမှန်း မသိ ဖြစ်နေစဉ်မှာပင် --
ရုက္ခစိုး။ ။ ဗမာ့ယဉ်ကျေးမှုမှာ သင်္ကြန်ဆိုတာ ပျော်စရာ သက်သက်မဟုတ်ဘူးကွ။ တနှစ်လုံး မှားခဲ့ယွင်းခဲ့တာတွေကို ပြန်စစ်ကြောပြီး သန့်စင်ရတဲ့ အလုပ်လည်း ပါတယ်။ ရေနဲ့ လောင်းတဲ့ ပက်တဲ့သဘောဟာ မကောင်းမှုတွေကို ဆေးကြောတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းတာကွ ။
မင်းတို့က ကောင်မလေးတွေကို ရေပက်ရတယ် ဆိုတာလောက် သိထားကြတာမဟုတ်လား။
ကဲ ကဲ တယောက်ကို တယောက် ပြန်ကြည့်မနေကြနဲ့ လာ ဘုရားရှေ့ကို သွားမယ် အဲဒီမှာ ငါက သီလပေးမယ် ။
ဤသို့ဖြင့် ရုက္ခစိုးကြီးက ပြောပြောဆိုဆို ရှေ့မှ ဦးဆောင်၍ ထွက်သွားလေရာ အနှီ သူကောင်းသား နှစ်ယောက်သည်လည်း မငြင်းသာ မဆန်သာ လိုက်ပါသွားရရှာလေတော့ သည်။ မကြာမီပင် ပါဏာတိပါတာ ဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ - အဒိန္နဒါနာ ဝေရာမဏိသိက္ခာပဒံ သမာဓိယာမိ - စသည်ဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့၏ သီလယူသံများ ညီညီညာညာ ပေါ်ထွက်လာပါသတည်း။ ။
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |