#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၂၃)
ရန်ကုန်သားတာတေ

“ဗျိုး ... ဦးရုက္ခစိုး ...”

“ဦးရုက္ခစိုး ...”

“ဗျိုး ... ဦးရုက္ခစိုး ...”

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦး ရုက္ခစိုးကို ပြိုင်တူ အော်ခေါ်ရင်း ဒွိုင်ဆူထေ့ တောင်ပေါ်က ရုက္ခစိုး၏ နေပြည်တော် (ကြက်ပြေးမဟုတ်) နတ်နန်း ညောင်ပင်ကြီး၏ အနားသို့ ရောက်လာသည်အထိ ရုက္ခစိုးကို အရိပ်အယောင်မမြင်ရပေ။

ဖိုးရှုပ်။     ။ နတ်သဘင်စည်းဝေးပွဲများ သွားတက်နေတာလားကွာ ... ၊ ဒေါ်စုမွေးနေ့မှာများ တကိုယ်တော် ဆန္ဒသွားပြနေ တာလား၊ ဒါမှမဟုတ် ဦးရုက္ခစိုးတယောက် ကမ္ဘာ့ဖလား ဘောပွဲများ ကိုက်နေပြီလား ...။

ကြွက်စုတ်။     ။ ဘောပွဲတွေကလည်းဒီလောက်မဟုတ်ပါဘူးကွာ၊ တချို့နာမည်ကြီးအသင်းတွေဆို ခပ်ချာချာကိုဖြစ်နေတာ၊ ဦးရုက္ခစိုးက တတိယနိုင်ငံတခုခုကိုများ ငါတို့ကိုအသိမပေးဘဲ ထွက်သွားတာလားမှ မသိတာ ...။

ဖိုးရှုပ်။     ။ သတင်းဌာန တခုခုနဲ့များ အင်တာဗျူးလုပ်နေတာလား ... ထပ်ခေါ်ကြည့်ရအောင်ကွာ …။

ဖိုးရှုပ်+ကြွက်စုတ်။     ။ ဗျိုး ... ဦး … ရု ... က္ခ ... စိုး ...

ချက်ချင်းဆိုသလို ရုက္ခစိုးတယောက် ညောင်ကိုင်းပေါ်ကနေလျှောခနဲဆင်းလာပြီး ဖိုးရှုပ်တို့နှစ်ယောက်ကိုငေါက်လိုက်သည်။

ရုက္ခစိုး။     ။ ဟေ့ ကောင်တွေ ... ဘာလို့ ဒီလောက်အော်ဟစ်နေကြတာလဲ … အရိပ်သုံးပါးလည်း နားလည်ကြဦးကွ။

ကြွက်စုတ်။     ။ ဟာ ... ဦးရုက္ခစိုး ...၊ ဘာအရိပ်တွေကို ပြောနေတာလည်း ဦးရုက္ခစိုးရ ...။

ရုက္ခစိုး။     ။ ထိုင်းနိုင်ငံရဲ့ အရိပ်ကွာ၊ ငါနေတဲ့ ညောင်ရိပ်ကွာ၊ ထိုင်းရဲရဲ့ အရိပ်အကဲကွာ ... မင်းတို့က အဖမ်းခံဖူးချင်လို့ ထိုင်းရဲကို သံယောင်ပြနေတာလား ...၊ ငါတောင် ဒီညောင်ရိပ်မှာ အရိပ်အကဲ မနည်းကြည့်နေရတာ ...။

ကြွက်စုတ်မေးသည်ကို ရုက္ခစိုးက ခပ်မာမာ ခပ်ဆတ်ဆတ်ဖြင့် အသံကျယ်ကျယ် ပြန်ဖြေလိုက်သည်။

ဖိုးရှုပ်။     ။ ဟာ … ငေါက်လိုက် ဟောက်လိုက်ချည်လား ဦးရုက္ခစိုးရယ် ...၊ ကျနော်တို့က ငတ်လို့ လာတာပါ ...။

ရုက္ခစိုး ကျွဲမြီးတိုနေမှန်း သိသောကြောင့် ဖိုးရှုပ်က လေပြေကလေး ဝင်ထိုးလိုက်သည်။

ရုက္ခစိုး။     ။ ငတ်ရင် ငါ့ဆီမလာနဲ့၊ ဒုက္ခသည်ရုံးမှာ ထောက်ပံ့ကြေးသွားတောင်း ...။

ဖိုးရှုပ်။     ။ အာ ... အဲဒီလို ငတ်တာမဟုတ်ပါဘူး ဦးရုက္ခစိုးရ၊ စကားငတ်တာ သတင်းငတ်တာကို ပြောတာပါ ...။

ကြွက်စုတ်။     ။ ဟုတ်တယ် ဦးရုက္ခစိုးရ၊ ထုံးစံအတိုင်း ပြောဆို ငြင်းခုန် ဆွေးနွေးရအောင်လို့ လာတာလေ ...။

ရုက္ခစိုး။     ။ အေး ဒါဆိုလည်းပြီးရောကွာ ...၊ ငါလည်း မင်းတို့နဲ့ဆွေးနွေးဖို့ လူပေါင်း (၅၀၀) ကျော် ပါဝင်တဲ့ စာရင်းကြီး တခုကို လေ့လာနေတာကွ ...၊ ဒါကြောင့် မင်းတို့ခေါ်တာတောင် အသေအချာ မကြားတာပေါ့၊ ဒီစာရင်းက တော်တော် အရေးကြီးတယ်ကွ။

ဖိုးရှုပ်။     ။ ဘာစာရင်းမို့လို့ အရေးကြီးရတာလဲ ဦးရုက္ခစိုးရ ...။

ရုက္ခစိုး။     ။ ဟာ … အရေးကြီးသလား မမေးနဲ့မောင် ငါတို့မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးရဲ့ ရန်သူတွေကို ပြုစုထားတဲ့စာရင်းကွ ...၊ ဒီစာရင်းရဲ့နာမည်ကိုက မြန်မာ့တော်လှန်ရေးရဲ့ ရန်သူများတဲ့မောင် ...။

ကြွက်စုတ်။     ။ ဟို ... အဲဒီစာရင်းက ... ဒေါ်စုရဲ့အကို ဦးအောင်ဆန်းဦးတို့၊ ထိုင်းဝန်ကြီးချုပ်သက်ဆင်တို့လည်းပါတယ်၊ နအဖနဲ့ ပုလင်းတူဘူးဆို့ ပြည်တွင်းဂျာနယ်လစ် တချို့လည်းပါတယ်လေ ...။

ဖိုးရှုပ်။     ။ မို့မို့မြင့်အောင်တို့၊ ဒါရိုက်တာ စင်ရော်မောင်မောင်တို့တောင်ပါသေး၊ အဲဒါ ရန်ကုန်မှာ မြန်မာကျပ်ငွေနဲ့
ဝယ်လို့တောင်ရတယ်တဲ့ ဦးရုက္ခစိုးရ ...။

ရုက္ခစိုးက ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ယောက်ကို တလှည့်စီကြည့်လိုက်ပြီး ...

ရုက္ခစိုး။     ။ ဟ ... မင်းတို့က သိလှချည်လား ...။

ကြွက်စုတ်။     ။ ဖိုးရှုပ်က သတင်းတောင်ရေးပြီးပြီ ဦးရုက္ခစိုးရ ...၊ အဲဒီစာရင်းမှာပါတဲ့သူတဦးကဆို ဂရုမစိုက်ဘူးလို့တောင် ပြောသေးတယ်ဆိုလား ...။

ဖိုးရှုပ်။     ။ ဟုတ်တယ် ဦးရုက္ခစိုး ...၊ အခုကျနော်တို့ သိလာတဲ့စာရင်းအသစ် ရှိသေးတယ်၊ အဲဒါ ဦးရုက္ခစိုးကို ပြောပြမလို့၊ ဘရိတ်ကင်း နယူးစ်လေ ...။

ဤတွင် ရုက္ခစိုးတယောက် ငြိမ်လျက်က အံ့သြသလိုလိုဘာလိုလို ယုံရနိုးနိုးမျက်နှာနှင့် ဖိုးရှုပ်ကို ကြည့်လိုက်သည်။

ရုက္ခစိုး။     ။ ဘရိတ်ကင်း နယူးစ် ... စာရင်းအသစ် ... ဟုတ်လား ... စာရင်းတွေကလည်း များလှချည်လားကွာ ... ဘယ်သူတွေကများ အားအားယားယား ထုတ်နေလည်းမသိဘူး၊ အခုငါ့ဆီက စာရင်းကလည်း နအဖအမျိုးတွေကစပြီး နအဖနဲ့ယောင်ပြီး ပတ်သက်မိသမျှလူတွေ အဆုံး ဆိုပါတော့ကွာ ...။

ဖိုးရှုပ်။     ။ အခုစာရင်းကအင်္ဂလန်ကထုတ်တာ၊ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ အင်္ဂလန်ဘဏ်တွေက ပိတ်ဆို့အရေးယူတဲ့ စာရင်းလေ ...။

ရုက္ခစိုး။     ။ ဘယ်လိုအရေးယူတဲ့စာရင်းလဲ ...။

ကြွက်စုတ်။     ။ အရင်လည်း အရေးယူထားတာရှိတယ် မဟုတ်လား ...။

ဖိုးရှုပ်။     ။ ဟုတ်တယ် အရင်လည်းရှိတယ်၊ အခုစာရင်းက အဲဒီအရင်စာရင်းထဲ ပါသူတချို့ကို ပယ်ဖျက်လိုက်ပြီး အသစ်တချို့ကို ထပ်တိုးထားတဲ့စာရင်း ...။

ရုက္ခစိုး။     ။ ပြောစမ်းပါဦး … ဘယ်သူတွေပါတာ တွေ့လဲကွ ...။

ဖိုးရှုပ်။     ။ ပယ်ဖျက်တဲ့အထဲမှာ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွန့်နဲ့ သားအဖတွေ ပါသွားတယ်၊ ထပ်တိုးတဲ့အထဲမှာတော့ ရွှေတြိဂံဒေသ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းတို့၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်လှဌေးဝင်းရဲ့ မိန်းမတို့ကို တွေ့ရတယ်၊ တချို့နအဖနဲ့ စီးပွားဖြစ်နေကြတဲ့ အရပ်သား စီးပွားရေးသမားတွေလည်းပါတယ် ...။

ကြွက်စုတ်။     ။ အဲဒီလူတွေအားလုံး အင်္ဂလန်လေယာဉ်ပျံတွေလည်း ဘယ်စီးလို့ရမလဲနော် ...။

ဖိုးရှုပ်။     ။ အေး ငါလည်း အဲဒီလိုထင်တာပဲ၊ ဒါပေမယ့် ဆရာကြီး ဒေါက်တာ ဆလိုင်းထွန်းသန်းကတော့ အနဖကပိတ်လို့ ထိုင်းအဲဝေးလေယာဉ်ကို မစီးရဘူးဖြစ်နေတယ်ကွ ...။

ကြွက်စုတ်။     ။ အင်း ... အနဖလူတွေကို နိုင်ငံတကာက ပိတ်ဆို့လိုက်၊ ဒီမိုကရေစီ လိုလားသူတွေကို နအဖက ပိတ်ဆို့လိုက်နဲ့ အပြန်အလှန် ပိတ်ဆို့နေလိုက်တာ၊ ကြာရင်ဘယ်မှတောင် သွားလို့ရမှာမဟုတ်တော့ဘူး၊ တို့တသက် လေကြောင်း ခရီးကနေသွားရပါဦးမလားကွာ ...။

ကြွက်စုတ်ကညည်းညည်းညူညူပြောလိုက်သည်ကို ရုက္ခစိုးကစိတ်ပျက်သည့်မျက်နှာနှင့် မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး …

ရုက္ခစိုး။     ။ မင်းတို့မြန်မာပြည်ကို လေကြောင်းခရီးနဲ့ ပြန်ချင်ရင်တော့ တနည်းရှိတယ် ...။

ဖိုးရှုပ်+ကြွက်စုတ်။     ။ ဘာနည်းလည်း ...။

ရုက္ခစိုး။     ။ ဘဝရှင်မင်းတရားကြီး ဦးသန်းရွှေကို လက်အုပ်ကလေးချီပြီး ကျနော်မျိုးတို့ အမိုက်အမဲလေးတွေကို ခွင့်လွှတ်တော်မူပါဘုရား ... သတ်ရင်လည်း သေရပါမည်ဘုရား ... ထားရင်လည်း သေရပါမည်ဘုရားလို့ တောင်းပန်လိုက်ရင် မင်းတို့ကိုလေယာဉ်နဲ့လာခေါ်ပြီး စစ်ကြောရေးနဲ့ ရေဝေးသုသာန်ကို တခုမဟုတ် တခု ပို့လိုက်မှာပါ ...။

ဖိုးရှုပ်နှင့်ကြွက်စုတ်မှာ ရုက္ခစိုးက စိတ်အချဉ်ပေါက်ပြီး အမြင်ကပ်ကပ်နှင့်ပြောနေသည်ကို ပါးစပ်ဟောင်းလောင်း မျက်လုံးအပြူးသားနှင့် ကြည့်ပြီး မည်သို့မျှ ပြန်လည်ချေပနိုင်ခြင်းမရှိဘဲ အမလေးဗျာဟုသာ ပြိုင်တူ ရေရွတ်လိုက်မိတော့သည်။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.