#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၂၇)
ရန်ကုန်သားတာတေ

လူတွေ ကျန်းမာရေးမကောင်းတဲ့အခါ ဘာကိုတမ်းတကြသလဲ၊ တချို့နေမကောင်းရင် အမေရေ... ..အမရေ...စသဖြင့် မိခင်ကို တပြီးတော့ အော်ဟစ်ညည်းညူတတ်ကြတယ် တဲ့ ။ တချို့က ချိုချဉ်ဖန်ခါး အရသာရှိတဲ့ စားကောင်းသောက်ဖွယ် များကိုတမ်းတကြတယ်တဲ့ ။ တချို့က ချစ်သူရည်းစားရဲ့ အပြုအစု ကို တမ်းတကြတယ်တဲ့.... ရုက္ခစိုးကျန်းမာရေးမကောင်းတဲ့အခါ ဘာကို တမ်းတရမလဲ...။

ရုက္ခစိုးကျန်းမာရေးမကောင်းသည်မှာ သုံးလေးရက်ရှိပြီ ။ ရိုးရိုးဖီဗာဖြစ်သည်လား၊ ဖလူးဖြစ်သည်လား ဘာမှန်းမသိ။ ရုက္ခစိုးဖြစ်သော်လည်း ဘတ်ဖလူးတော့ ကြောက်သည်။ ဘတ်ဖလူးဖြစ်လျှင် အသေစောမည်၊ ရုက္ခစိုးမသေချင်သေး....၊ ကျန်းမာရေးမကောင်း၍ တကိုယ်တည်း တွေးမိ တွေးရာ တွေးရင်း ရုက္ခစိုးသည် သူ့ကိုယ်သူ မေးခွန်းထုတ်နေမိ၏။ ရုက္ခစိုး ဖျားရင် ဘာတမ်းတရမလဲ --။

ရုက္ခစိုးတမ်းတတာက.....၊ ရုက္ခစိုး အသေအချာစဉ်းစားမိတော့....သူတမ်းတနေတာက.. ဟို ငနာ နှစ်ကောင်၊ ဖိုးရှုပ်နှင့် ကြွက်စုတ်ဆိုသည့် အကောင်နာ နှစ်ကောင်ဖြစ်လို့နေပါရောလား။ မိမိ နေမကောင်းသည့် ရက်များ အတွင်း ဒင်းတို့ ခြေရာပျောက်နေသည်မှာ စိတ်တိုချင်စရာ...၊ စတားဘတ်က ကော်ဖီဖြစ်ဖြစ်၊ ၀ါဝီးက ကော်ဖီဖြစ်ဖြစ် တခွက်တလေတော့ ချင်ခြင်းတပ်မိသည်။ ဒင်းတို့ နှစ်ကောင်ရောက်မလာ၍ ဝယ်ပေးမည့်သူမရှိ၊ ဝယ်ပေးမည့်သူမရှိ၍ မသောက်ရ။ ဤသို့တွေးတော ဒေါသဖြစ်ရင်း ရုက္ခစိုး မှေးခနဲ တချက်ငိုက်လိုက်မိသည်။

ထိုစဉ် ...

“..................”
“.................”
ရုက္ခစိုးနားထဲတွင် အသံတချို့ကြားနေရသည်၊ မျက်လုံးကမဖွင့်နိုင်၍ အိပ်မက်လိုလိုဘာလိုလို ဖြစ်နေသည်။

ကြွက်စုတ်။ ။ တို့ ဦးရုက္ခစိုးကြီး နတ်ရွာလားတာတော့ မဖြစ်နိုင်ဘူးကွ...

ဖိုးရှုပ်။ ။ အေးကွ...၊ ဖြစ်ချင်းဖြစ်ရင် နေပြည်တော်ကို လားတာပဲဖြစ်မယ်ကွ...

ဟင်....ဒါ..ဒါ...ဟို ငနာနှစ်ကောင်ရဲ့အသံပဲ...။ ရုက္ခစိုးက ခေါင်းထောင်ကြည့်လိုက်ပြီး ညောင်ပင်ခြေရင်းမှ လူးလဲထလိုက်သည်။

ရုက္ခစိုး။ ။ မင်းတို့ဂျီးဒေါ်ရှိလို့ ငါက နေပြည်တော်ကို လားရမှာလားကွ ၊ မင်းတို့က အခုမှ ဘာလာလုပ် ကြတာလဲ။

ကြွက်စုတ်။ ။ ကျနော်တို့လည်း ဦးရုက္ခစိုးဆီကို ဟိုတနေ့ကတည်းက လာမလို့ မအားကြတာနဲ့ ။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြည့်ရတာ မအီမသာနဲ့ တမျိုးပဲ၊ မျက်နှာတွေလည်းချောင်နေတယ်၊ ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား။

ဖိုးရှုပ်စကားမဆုံးခင် ရုက္ခစိုးက ဖြတ်၍-

ရုက္ခစိုး။ ။ ဟေ့ကောင်..ကောင်းကောင်း မကောင်းကောင်း နေပြည်တော်တော့ မလားချင်ဘူး၊ ငါက စင်္ကာပူကို လားချင်တာ၊ အဲဒါ အိပ်မက်ထဲမှာတောင် ထည့်မက်လို့မရလို့ စိတ်တိုနေတာ...

ရုက္ခစိုးနှုတ်ကထွက်လာသည့် စကားဆန်းကြောင့် ဖိုးရှုပ်က စူးစမ်းသည့်လေသံဖြင့် ရုက္ခစိုးကို ပြန်ငေါ့လိုက်သည်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးက စင်္ကာပူကို ရှိုးဂျော့ သွားလုပ်ချင်လို့လား..၊ ဒီအရွယ်ကြီးကျမှ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်နေပါဦးမယ်...

ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး...၊ စင်္ကာပူမှာက ဒီချင်းမိုင်မှာလို တရားမဝင်နေလို့ရတဲ့ ညောင်ပင် မရှိဘူးနော်....

နေမကောင်းပျောက်စ ရုက္ခစိုးမှာ စကားပြောရင်း အနည်းငယ်မောလာသဖြင့် မျက်လုံးကို ပြူးကြည့်လိုက်ပြီး-

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ထင်ရာစွပ်ပြောမနေကြနဲ့ ၊ မကြာသေးခင်ကမှပြီးသွားတဲ့ စကာင်္ပူမှာ လုပ်တဲ့ မြန်မာနေ့ဆိုလား၊ ဘားမားအပ်ဒိတ်ဆိုလား အဲဒီပွဲကို သွားချင်တာကွ...

ဖိုးရှုပ်။ ။ ဘာဖြစ်လို့ အဲဒီလောက်တောင်သွားချင်နေရတာလဲ ဦးရုက္ခစိုးရ၊ ငြင်းချင် ခုန်ချင်လို့လား။

ရုက္ခစိုး။ ။ သူတို့ဘာသာ ငြင်းချင်ငြင်း မငြင်းချင်နေ ။ ငါကတော့ မငြင်းလည်း မငြင်းချင်ဘူး ။မခုန်လည်း မခုန်ချင်ဘူး။ ဒီမှာ နေမကောင်းလို့မှ အသက်တောင် ကောင်းကောင်းမရှူနိုင်ဘဲ ဖြစ်နေတာ။ ငါ စိတ်ဝင်စားတာက အနောက်နိုင်ငံတနိုင်ငံက ပညာရှိကြီးတယောက်ပဲ၊ သူ့နာမည်က ဘာတေလာဆိုလား.. ထာဝရဘုရားနဲ့တောင် တွေ့ပြီး စကားပြောတယ်ဆိုတဲ့သူကွာ...

ရုက္ခစိုး၏စကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ပြိုင်တူအသံထွက်သွားကြသည်။

ဖိုးရှုပ်+ကြွက်စုတ်။ ။ ထာဝရဘုရားနဲ့စကားပြောတယ်- ဟုတ်လား။

ရုက္ခစိုး။ ။ အေး...ငါတော့ အဲဒီလိုပုဂ္ဂိုလ်မျိုးကို အကူအညီတောင်းချင်လို့ စင်္ကာပူသွားချင်တာကွ၊ သူက ထာဝရဘုရားနဲ့တောင်စကားပြောတာဆိုတော့ ပေရှည်ဦးမယ့် ငါတို့ မြန်မာ့အရေးကို စစ်ဗိုလ်ချုပ်တွေနဲ့ စေ့စပ် ဆွေးနွေးပြီး ဖြေရှင်းဖို့ သူ့ကို အကူအညီတောင်းမယ်လေကွာ...

ကြွက်စုတ်။ ။ ဟာ.....ဦးရုက္ခစိုးကလည်း ။ မဟုတ်တာတွေ လျောက်ကြံနေပြန်ပြီ။

ဖိုးရှုပ်။ ။ မနောက်ပါနဲ့ ဦးရုက္ခစိုးရာ။ စစ်ဗိုလ်ချုပ်တွေက ဘုရားက နားချလို့တောင် ရမယ့်သူတွေ မဟုတ်ပါဘူး၊ သူတို့က အလွန်ဥာဏ်နီဥာဏ်နက်များတာ၊ အခုပဲ ကြည့် မကြာသေးခင်က လက်နက်ချလိုက်တဲ့ SSA-S ဗိုလ်မှူး မိန်းစင်အဖွဲ့ကို လက်နက်ပြန်တပ်ဆင်ပေးပြီး အချင်းချင်းပြန်တိုက်ဖို့ အသုံးချနေပြီလေ၊ တော်ကြာ ဦးရုက္ခစိုးလည်း ပဉ္စမံတပ်သားကို အားကိုးမိသလို ဖြစ်နေဦးမယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးပြောတာ ကျနော်သိထားတဲ့ ပုဂ္ဂိုလ်ကြီးနဲ့အတူတူပဲဖြစ်မယ်၊ သူ့နာမည်လည်း တေလာပါတယ်...အဲဒီပုဂ္ဂိုလ်ကြီးကလည်း အာဏာရှင်ဦးနေဝင်းကို တလျှောက်လုံးအမွှန်းတင်ခဲ့တဲ့သူ။ အခုလည်း ဦးနေဝင်းရဲ့လက်ရုံးတဆူုဖြစ်တဲ့ အခွင့်အရေးသမားပညာရှင်ကြီး ဒေါက်တာမောင်မောင်ရဲ့ အတ္ထုပ္ပတ္တိကို အမွှန်းတင်ပြီး ရေးဦးမလို့ဆိုပဲ...

ဖိုးရှုပ်။ ။ ကောင်းပါလေ့ဗျာ။ ဒေါက်တာမောင်မောင်က ဗိုလ်ချုပ်ကြီးနေ၀င်းအကြောင်းရေး။ သူက ဒေါက်တာမောင်မောင် အကြောင်းရေး။ မြန်မာပြန်ပြီး ထုတ်ရင် အမျိုးသားစာပေဆု ရမှာ သေချာတယ်။

ထိုစဉ် မည်သူ့ ဖုန်းမှန်းမသိ။ အသံ မြည်နေသည်။

ကြွက်စုတ်။ ။ ဖိုးရှုပ်...ဟေ့ကောင်.. ဖုန်း...မင့်ဖုန်းလာနေတယ်....

ဖိုးရှုပ်က သူ့လွယ်အိတ်ကို ဟိုနှိုက်သည်နှိုက် နှိုက်စဉ် ပါလာသည့် လက်ကိုင်ဖုန်းလေးတခုကို ခလုပ်ဖွင့် ပြီး စကားပြောလိုက်သည်။

ဖိုးရှုပ်။ ။ ဟလို...ဟလို....ဟလို...ပြောပါ..ကျနော် ဖိုးရှုပ်ပါ... ဘယ်လို..အာဇာနည်ကုန်းကို ဝင်ခွင့်မပေးဘူး..ဟုတ်လား..လုံခြုံရေးတွေအရမ်းများတယ်...ဟလို...ကျနော် နောက် မိနစ် ၂၀ ဆိုပြန်ဆက်မယ်နော်.. အိုကေ။

ရုက္ခစိုး။ ။ ဖိုးရှုပ်..ဘယ်ကဖုန်းလည်းကွ..အရေးတကြီးပါလား..အရင်ဒီလိုမလာပါဘူး...အာဇာနည်ကုန်းတွေရော ဘာတွေရောစုံနေပါလား....

ကြွက်စုတ်။ ။ ဟာ...ဒီနေ့ ဦးရုက္ခစိုးကတော့... ထူးဆန်းပါပေ့ ဦးရုက္ခစိုးရယ် လို့ပဲပြောလိုက်ချင်တော့ တယ်...စင်္ကာပူကျတော့ လှမ်းသိတယ်၊ ဒီနေ့ အာဇာနည်နေ့ ဆိုတာကျတော့မေ့နေတယ်...အင်း တခုခုတော့ လွဲနေပြီ...

ဖိုးရှုပ်။ ။ ဒီိနေ့ ပြည်တွင်းက ကျောင်းသားတွေရော၊ အန်အယ်လ်ဒီ လူငယ်တွေရော အတော်များများ အပြင်ထွက် လှုပ်ရှားကြမှာဆိုတော့ ကျနော်က သတင်းထုတ်ဖို့ ကြိုပြီး ချိတ်ထားတာလေ...၊ ဒါနဲ့ ဦးရုက္ခစိုးက အာဇာနည်နေ့တောင် မေ့သလိုလိုဖြစ်နေတော့ ကျနော်တို့နဲ့ မတွေ့တဲ့ရက်တွေမှာ ဘယ်ဘေးပယောဂတွေများ ဝင်နေသလဲဆိုတာ ပြောပါဦး.....

ရုက္ခ။ ။ ဘာပယောဂတွေဝင်ရမှာလဲ...၊ ငါ ဖျားနေတာ...၊ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကတည်းက၊ မင်းတို့ ရောက်မလာလို့ စိတ်တိုနေတာကွ၊ ငါ့မှာ အကုန်လုံးနဲ့ အဆက်ပြတ်သလိုကိုဖြစ်နေတာ.....

ရုက္ခစိုးက ကလေးဆိုးကြီးပမာ ပြောနေသည်ကို ကြွက်စုတ်က ပြုံးစိစိလုပ်ကြည့်နေရင်းက-

ကြွက်စုတ်။ ။ ဦးရုက္ခစိုးရာ...ကျနော်တို့ မသိလို့ပါ၊ သိရင်ချက်ချင်းရောက်လာမှာပေါ့..၊ ဦးရုက္ခစိုး အခုဘယ်လိုနေသေးလဲ...၊ ဘာဖြစ်တာလဲ ။
ကြွက်စုတ်က ဤသို့မေးလိုက်သည်ကို ရုက္ခစိုးက စိတ်တိုတိုနှင့် အော်ပြီး ပြောလိုက်သည်မှာ ...

ရုက္ခစိုး။ ။ ဘတ်ဖလူး ဖြစ်တာဟေ့...၊ သေတော့မယ်။

ရုက္ခစိုး၏ အသံအဆုံးတွင် ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ “ ဟိုက် ”ဟု ပြိုင်တူအော်လိုက်ပြီး ဒွိင်ဆူထေ့ တောင်ပေါ်မှ သုတ်ခြေတင် ဆင်းသွားလေတော့သည်။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.