ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၂၆)
ရန်ကုန်သားတာတေ
ကမ္ဘာ့ဖလားဘောလုံးပွဲကြီးတွင် အီတလီက ဗိုလ်စွဲပြီးသည့်နောက် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့လည်း အိပ်ရေးပျက်ပြီး အီလည်လည်နှင့် ကျန်ရစ်ခဲ့ပါသည်။ အဆင်ပြေချင်တော့ ၀ါဆိုလပြည့်ရုံးပိတ်ရက်တွေနှင့်တိုးပြီး အလုပ်သွားစရာ မလိုတော့။ သို့နှင့် မနက်စာ ဘရိတ်ဖတ်စ် စားပြီးသကာလ အိပ်ရာပေါ်တွင် ပြန်နှပ်တော့မည်ဟု ဟန်ပြင်နေဆဲ ချင်းမိုင်ရုက္ခစိုးက
အခန်းဝတွင် ဘွားခနဲပေါ်လာသည်။
ရုက္ခစိုး။ ။ ဟ မောင်ကြွက်စုတ်ရ ။ ကိုယ့်အခန်းမပြန်ဘဲ ဖိုးရှုပ်အခန်းမှာပဲ အိပ်တော့မလို့လားကွဲ့။
ကြွက်စုတ်။ ။ ဟော ဦးရုက္ခစိုးကြီးပါလား။ ဘယ့်နှယ် စောစောစီးစီး ဘယ်ကဘယ်လို လှည့်လာတာလဲ။
ရုက္ခစိုး။ ။ မစောတော့ပါဘူးကွ။ မင်းနာရီ မင်းပြန်ကြည့်ပါဦး။
မှန်ပါ၏။ ဘရိတ်ဖတ်စ်စားရင်း နောက်ဆုံးဖိုင်နယ်ပွဲအကြောင်း ဇီဒန်းထုတ်ခံရသည့်အကြောင်း အီတလီတွေပင်နယ်တီသွင်း ကောင်းသည့်အကြောင်း ရောက်တတ်ရာရာ လျှောက်ပြောရင်း ဆယ်နာရီနား ကပ်သွားသည်။ တကယ်တော့ ယခုအချိန် အိပ်ရာပေါ်မှာ ပြန်နှပ်မည်ဆိုလျှင် နေ့လည်စာလွတ်သွားနိုင်သည်။
ဖိုးရှုပ်။ ။ ဒီရက်ထဲမှာတော့ ကျွန်တော်တို့လည်း ဘောလုံးပွဲတွေ ညဉ့်နက်ခံကြည့်ရင်း အချိန်တွေလည်း ကီးမကိုက် တော့ပါဘူးဗျာ။ ရုံးတက်ရင်လည်း နောက်ကျ အိမ်ပြန်တော့လည်းနောက်ကျ စားချိန်သောက်ချိန် အိပ်ချိန်တွေလည်း နောက်ကျ ဒါကြောင့် နာရီတောင် နောက်ပြန်ဆုတ်ရမလား စဉ်းစားနေတယ် ဦးရုက္ခစိုးရေ။
ရုက္ခစိုး။ ။အေးအေး ဘာမဆို နောက်ကျတာ မြန်မာ့အစဉ်အလာပဲကွ။ ဗမာစော နေထွက် ဆိုတဲ့စကား ရှိတယ်မဟုတ်လား။ အစဉ်အလာမပျက်စေနဲ့ဟေ့ ထိန်းထားကြကွဲ့။
ကြွက်စုတ်။ ။ ဒီလိုတော့ သရော်တော်တော် မပြောလိုက်ပါနဲ့ဗျာ။ မအိပ်နဲ့ဆိုလည်း မအိပ်တော့ပါဘူး။
ရုက္ခစိုး။ ။ သရော်တာ မဟုတ်ဘူးကွ။ ဟုတ်တိုင်းမှန်ရာ ထောက်ပြတာကွ။ မင်းတို့ဖြေကွာ။ မြန်မာတွေ နောက်မကျတာ ဘာရှိလဲ။ နိုင်ငံရေးမှာလည်း နောက်ကျ စီးပွားရေးမှာလည်း နောက်ကျ ကဲ အခု မင်းတို့ အိပ်ရေးပျက်ခံပြီးကြည့်တဲ့ ဘောလုံးလို အားကစားမှာကော ဘယ်မှာ ရှေ့ရောက်တာရှိသလဲ။
ဖိုးရှုပ်။ ။ ကဲပါ ဦးရုက္ခစိုးရယ် ကိုယ့်ပေါင်ကိုယ်လှန်ပြီး ထောင်းမနေပါနဲ့တော့။ ပြောစမ်းပါဦး စောစောစီးစီး လာရတဲ့အကြောင်း။
ရုက္ခစိုး။ ။ ဘာရယ်မဟုတ်ပါဘူးကွာ ။ ညက ချင်းမိုင်တမြို့လုံး ဘောလုံးပွဲကြည့်လိုက်ကြတာ သောသောညံနေတာပဲ။ ဒါကြောင့် ညက ဘာများ ထူးထူးခြားခြားတွေ ဖြစ်သလဲဆိုတာ သိချင်လို့
တောင်ပေါ်က ဆင်းလာတာပဲ။
ဖိုးရှုပ်။ ။ဘာဖြစ်တယ်လို့တော့ သတင်းမကြားပါဘူး။ မြန်မာပြည်မှာတော့ ဘောလုံးပွဲအတွင်းမှာ
ခိုးမှုတွေ တော်တော်ဖြစ်တယ်လို့ သိရတာပဲ။
ကြွက်စုတ်။ ။ ခိုးတာတွေ ဝှက်တာတွေ လုယက်တာတွေ သတ်ဖြတ်တာတွေကတော့ အခုနောက်ပိုင်းမှာ သိသိသာသာ တိုးလာတာပဲလေ။ ဘောလုံးပွဲအတွင်းမှာ ဆိုတော့ ပိုဆိုးမှာပေါ့။ လောင်းကစားဆိုတာကလည်း စစ်အစိုးရအတွက် စီးပွားရေးလုပ်ငန်းတခု ဖြစ်လာပြီ မဟုတ်လား။ ထီကတမျိုး ချဲကတမျိုး ဘောလုံးကတမျိုး နောက်ပြီး တလုံးတဲ့ နှစ်လုံးတဲ့ သုံးလုံးတဲ့ ။ အင်း လောင်းကစားဘက်မှာဖြင့် ကျွန်တော်တို့မြန်မာတွေ သိပ်နောက်မကျဘူးနဲ့ တူတယ်။
ရုက္ခစိုး။ ။ ဟ နေပါဦး မင်းတို့ကသာ ရန်ကုန်မှာ ရာဇ၀တ်မှုတွေ တိုးတယ် ပြောပေမယ့် အစိုးရဘက်ကတော့ လျော့တယ်လို့ ပြောနေပါလား။
ကြွက်စုတ်။ ။ ဟုတ်တယ်လေ။ ဒါကြောင့် စစ်အစိုးရရဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ကြက်ပြေးနေပြည်တော်ကို ပြောင်းပြီးတဲ့နောက် ရန်ကုန်မှာ သူခိုးဓားပြတွေ မရှိတော့ဘူးလို့တောင် တချို့ပြောနေကြတာပဲ။ ရုက္ခစိုးက ငြင်းမလား။
ကြွက်စုတ်က မျက်နှာစပ်ဖြဲဖြဲနှင့် ပြောသည်ကို ကြည့်ပြီး ရုက္ခစိုးမှာ အူကြောင်ကြောင်နှင့် ဘာဖြေရမှန်း ဖြစ်နေသည်။ အတန်ကြာမှ -
ရုက္ခစိုး။ ။ မငြင်းပါဘူး မောင်ကြွက်စုတ်ရယ် မငြင်းဝံ့ပါဘူး။ ဟဲဟဲ ။
ဖိုးရှုပ်။ ။ အခုမှ သတိရတယ်ဗျို့။ ကျွန်တော်တို့ မြန်မာတွေ နောက်မကျတာ ရှိတယ်ဗျ။
ရုက္ခစိုး။ ။ ဘာလဲကွ။ ပြောစမ်းပါဦး။
ဖိုးရှုပ်။ ။ ဒီမနက်စောစောက သတင်းတပုဒ် ဝင်လာတယ်ဗျ။ မြောက်ကိုးရီးယားသင်္ဘောတစင်း ရန်ကုန်ကို ရောက်နေတယ်တဲ့။
ရုက္ခစိုး။ ။ မြောက်ကိုးရီးယားသင်္ဘောဆိုက်တာနဲ့ တို့မြန်မာတွေ နောက်မကျတာ ဘာဆိုင်လို့လဲကွ။
ဖိုးရှုပ်။ ။ ဆိုင်ပါသော်ကော ရုက္ခစိုးကြီးရယ်။ အဲဒီသင်္ဘောမှာ စစ်လက်နက်ပစ္စည်းတွေအပြင် နျူးကလီးယားဗုံး လုပ်ဖို့ ပစ္စည်းတွေလည်း ပါတယ်တဲ့။ နျူကလီးယားပညာရှင်တွေလည်း ပါတယ်တဲ့။
ရုက္ခစိုး။ ။ အေး ဒီလက်နက်တွေ ပါတော့ ဘာဖြစ်လဲ။
ဖိုးရှုပ်။ ။ ဝေးလိုက်တာဗျာ။ ကျုပ်တို့ မြန်မာတွေလည်း နျူကလီးယားလက်နက်ထုတ်တဲ့နေရာမှာ နောက်မကျတော့ဘူးပေါ့ဗျ။
ရုက္ခစိုး။ ။အေး ဒီလိုဆိုတော့လည်း မင်းပြောတာ ဟုတ်သားပဲ။
ကြွက်စုတ်။ ။ ဖိုးရှုပ်ပြောတာ ဟုတ်ရင်တော့ ကျွန်တော်တို့ တိုင်းပြည်ကြီး ချောက်ထဲ ကျပြီပေါ့။
ဖိုးရှုပ်။ ။ အော် မင်းက အခုမှ ချောက်ထဲကျမယ်လို့ ထင်နေတာလား။ အခုဟာက ချောက်ထဲကျတာမဟုတ်ဘူးကွ။ ငရဲပြည်ထဲ ဇောက်ထိုးကျတာကွ။
ရုက္ခစိုး။ ။ ဖိုးရှုပ်ပြောတာ မှန်တယ်။ ငရဲပြည်မှ ဟိုးအောက်ဆုံးထပ်ကို ကျတာပဲ။ လက်စသတ်တော့ ငါတို့ ဗိုလ်ချုပ်မှူးကြီးတွေ အာဘောင်အာရင်းသန်သန်နဲ့ ပြောနေတဲ့ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာ မြောက်ကိုးရီးယားက အာဏာရှင်စနစ်ကို ပြောတာကိုး။
ဖိုးရှုပ်။ ။ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့အာဏာတည်မြဲရေးနဲ့ ဘဝလုံခြုံရေးအတွက် မြောက်ကိုးရီးယားကလွဲပြီး တခြားအတုယူစရာ မရှိတော့ဘူးနဲ့ တူပါတယ်။
ကြွက်စုတ်။ ။ ဒါက အမေရိကန်ကို အံတုဖို့ တခုတည်းသော နည်းလမ်းပဲလေကွာ။
ရုက္ခစိုး။ ။ အမေရိကန်ကို အံတုတာက ပြဿနာမဟုတ်ဘူး။ တို့ပြည်သူတွေ ငရဲပြည်ရောက်မှာက တကယ့်ပြဿနာကွ။
ဖိုးရှုပ်။ ။ စစ်ဗိုလ်ချုပ်တွေက ပြည်သူသော ပြည်သားသော ဘာမှ ထည့်စဉ်းစားတာ မဟုတ်ဘူး။ သူတို့ အာဏာတည်မြဲရေးပဲ။ အာဏာတည်မြဲဖို့ဆိုရင် မြောက်ကိုးရီးယားကို အတုယူရမှာလည်း ၀န်လေးမှာမဟုတ်ဘူး။ နျူကလီးယားလက်နက်လည်း ထုတ်ချင်ထုတ်မှာပဲ။
ကြွက်စုတ်။ ။ ဘာပဲလုပ်လုပ် သူတို့ လုံခြုံရေးပဲလေ။ ဒါကြောင့် အခုဆိုရင် နေပြည်တော်မှာ တိရစ္ဆာန် ဥယျာဉ်ကြီး တခုတောင် ဆောက်ဖို့ ပြင်ဆင်နေတယ်တဲ့။
ရုက္ခစိုး။ ။ လာပြန်ပြီတယောက်။ တိရစ္ဆာန်ဥယျာဉ်နဲ့ လုံခြုံရေး ဘာဆိုင်လို့လဲကွ။
ကြွက်စုတ်။ ။ ရုက္ခစိုးကလည်း ဝေးပြီးရင်းဝေးနေတော့တာပဲ။ နေပြည်တော်ဆိုတာ စစ်အစိုးရရုံးစိုက်တဲ့ မြို့ဆိုတာ မေ့နေပြီလား။ မင်းမတရားကြီး နန်းစံတဲ့မြို့ဆိုတာ မေ့နေပြီလား။ အခုပြင်ဆင်နေတဲ့ တိရစ္ဆာန် ဥယျာဉ်က ရန်ကုန်က တိရစ္ဆာန်ရုံလို သေးသေးသောသော မဟုတ်ဘူးဗျ။ ဧက ၁၅၀၀တောင် ကျယ်မှာတဲ့ဗျ။
မင်းမတရားကြီးက သူနန်းစံတဲ့ မြို့ကို တောအုပ်နဲ့ ခြံခတ်ထားမှာလေ။ နောက်ပြီး တရုတ်တို့ ရုရှတို့ မြောက်ကိုးရီးယားတို့က လက်နက်တွေနဲ့ ဝိုင်းရံထားမှာလေ။ တောအုပ်ထဲမှာဆို လူမသိသူမသိ လုပ်ချင်တာလည်း လုပ်လို့ရတာပေါ့။ ဂြိုဟ်တုက ဓာတ်ပုံရိုက်ရင်တောင် အခက်အခဲ ရှိမယ်လေ။
ဖိုးရှုပ်။ ။ တကယ်တော့ စစ်တပ်နဲ့ တိရစ္ဆာန်ဥယျာဉ်ကလည်း ရန်ကုန်မှာကတည်းက အတူတူတွဲပြီး ရှိခဲ့တာမဟုတ်လား။ တချို့ဆို ဘယ်ဟာက စစ်တပ် ဘယ်ဟာက တိရစ္ဆာန်ရုံ ခွဲလို့တောင် မရဘူးဆိုပဲ။
ရုက္ခစိုး။ ။ ဟားဟား နှစ်ခုစလုံးကလည်း အုတ်တံတိုင်းအမြင့်ကြီးတွေ ကာထားတာကိုးကွ။ အင်း တကယ်ပြောရရင် စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တိရစ္ဆာန်တွေနဲ့ တူတာတွေ ရှိတယ်ကွ။
ကြွက်စုတ်။ ။ဟုတ်လား။ လုပ်စမ်းပါဦး ။ဘာတွေ တူတာတုံးဦးရုက္ခစိုးရဲ့။
ရုက္ခစိုး။ ။ ပထမက တောကြိုက်တာချင်းတူတယ်ကွာ။ ဗိုလ်ချုပ်မှူးကြီးတွေက မြို့မှာ မနေရဲဘူးလေ။ ဒါကြောင့် ပဲခူးရိုးမနဲ့ ရှမ်းရိုးမကြားထဲက တောထဲကို ပြောင်းပြေးတာပေါ့။ မင်းပြောသလိုဆို အခု သူတို့ပြောင်းတဲ့ ဆီကို တိရစ္ဆာန်တွေတောင် ပြောင်းတော့မှာ မဟုတ်လား။ အင်း အဲဒီနေရာကတော့ တိရစ္ဆာန်တွေအတွက် တကယ့်နေရာမှန်ပဲကွ။
ကြွက်စုတ်။ ။ ဟုတ်ပြီလေ။ နောက်ကော ဘာတူသေးတုံး။
ရုက္ခစိုး။ ။ တိရစ္ဆာန်ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို မင်းသိသလား။
ကြွက်စုတ်။ ။ သိတာပေါ့ဗျာ။ အိပ်စားကာမ ဤသုံးဝ လောကတိရစ္ဆာန်လို့ ဆိုတာပဲ။ အိပ်တာရယ် စားတာရယ်၊ ကာမဂုဏ် မှီဝဲတာရယ် ဒီသုံးမျိုးပဲ လုပ်တတ်လို့ တိရစ္ဆာန်ခေါ်တာတဲ့။
ရုက္ခစိုး။ ။ တကယ့်အနက်က ဒီလိုမဟုတ်ဘူး မောင်ကြွက်စုတ်ရဲ့။
ကြွက်စုတ်။ ။ ဟုတ်ကဲ့ ။ သိပါရစေ ခင်ဗျာ။
ရုက္ခစိုး။ ။ တိရစ္ဆာန်ဆိုတာ အမှန်တရားကို ကျောခိုင်းဆန့်ကျင်သူလို့ အနက်ထွက်တယ်ကွ။ ဗိုလ်ချုပ်ကြီးတွေကလည်း အမှန်တရားကို ကျောခိုင်းဆန့်ကျင်နေသူတွေ ဆိုတော့ တိရစ္ဆာန်နဲ့ အနက်တူ ပဲပေါ့ကွ။
ဖိုးရှုပ်+ကြွက်စုတ်။ ။ ဟုတ်ရဲ့လား ဦးရုက္ခစိုးရယ်။
ရုက္ခစိုး။ ။ ယုံချင်ယုံ မယုံရင်လည်း ပါဠိအဘိဓာန်တွေထဲ ရှာကြည့်ပေါ့ကွာ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |