ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၂၅)
ရန်ကုန်သားတာတေ
လွန်ခဲ့သော ဇွန်လ တလလုံး ဖိုးရှုပ်နှင့် ကြွက်စုတ် နှစ်ယောက်စလုံး ထောင်ထောင် ထောင်ထောင်ဖြင့် မာန်တက်နေကြ သည်။ ကမ္ဘာ့ဖလားပွဲ၌ ၎င်းတို့ အားပေးသော (သို့မဟုတ်) လောင်းထားသော အင်္ဂလန်အသင်းနှင့် ဘရာဇီးအသင်းတို့ ပွဲတိုင်းကျော်၊ အောင်ပန်းဆွတ်ခူးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယခုအခါတွင်ကား ဖိုးရှုပ်နှင့် ကြွက်စုတ်နှစ်ယောက် မပြုံးနိုင် မပျော်နိုင်ကြတော့။ ဘရာဇီးနှင့် အင်္ဂလန် နှစ်သင်းလုံး ရှုံးထွက်ပွဲများတွင် ဖျာလိပ်သွားခဲ့ပြီ။ နောက်ဆုံးတော့ သူကောင်းသားနှစ်ယောက်စလုံး မျက်နှာတော် ညှိုးရော်စွာဖြင့် ဒွိုင်ဆူထေ့တောင်ပေါ်က ညောင်ပင်ဆီသို့ လမ်းလျှောက် တက်လာကြသည်။
ညောင်ပင်ထိပ်မှ ရုက္ခစိုးက `သိနေတယ်လေ´ ဆိုသော မျက်နှာထားမျိုးနှင့် ဆီးပြောလိုက်သည်မှာ …
ရုက္ခစိုး ။ ။ ဘယ်လိုလဲ ကိုယ့်ဆရာတို့ မျက်နှာကလည်း မသာမယာ၊ စီးတော်ယာဉ်လည်း မပါဆိုတော့ … ဟုတ်ပါပြီ၊ မောင်ရင်တို့ ဆိုင်ကယ် ဒိုင်စားသွားပြီ ဟုတ်စ။
ကြွက်စုတ်။ ။ ဟူး … မောရတဲ့အထဲ ဦးရုက္ခစိုးရယ်။ ပြောလိုက်မှဖြင့် မှန်တယ်ကို မရှိဘူး။ နအဖ သတင်းစာရှင်းလင်းပွဲ ကျနေတာဘဲ။ ရေကြည်လေး တပေါက်လောက် အရင်ပေးပါဦး။ ကျန်တာတွေ နောက်တော့ဆက်ပြောတာပေါ့။
ဖိုးရှုပ်။ ။ ဟုတ်သားပဲ ဦးရုက္ခစိုးရဲ့၊ ကျွန်တော်တို့များဆို အကောင်းကိုမမြင်ဘူး။ ဆိုင်ကယ်က ဒိုင်စားတာမဟုတ်ဘူး ခင်ဗျ။ အလစ်သုတ်သမား စားသွားတာ။ ကျွန်တော်တို့ ဘီယာဆိုင်မှာ ဘောပွဲကြည့်နေတုန်း အလစ်သမားက သုတ်သွားတာ၊ အဲဒါ ရုက္ခစိုး မှန်ပြောင်းကြည့်တဲ့အခါ ကြွက်စုတ်ဆိုင်ကယ်လေးများ လမ်းပေါ်သွားနေတာတွေ့ရင် သူ့ကို ချက်ချင်း အကြောင်းကြားလိုက်ပါဗျာ။
ရုက္ခစိုး ။ ။ အိမ်း … မင်းတို့က ပြောလိုက်ရင် အားကစားစိတ်၊ ဘာစိတ်၊ ညာစိတ်နဲ့ နောက်ဆုံးတော့ ဒီဘူတာမှာပဲ ဂိတ်ဆုံးတော့တာပဲ။ ကြွက်စုတ်ရေ မင်းဆိုင်ကယ်တော့ လမ်းပေါ်မှာမတွေ့ဘူး။ မင်းလိုပဲ ဆိုင်ကယ်ပျောက်လို့ လမ်းပေါ်မှာ ဟိုကြည့်၊ ဒီကြည့် လုပ်နေကြတာတော့ လူပေါင်းစုံပဲ။ ဘိုဖြူတချို့တောင် ပါသေးတယ်။ ဘီယာဆိုင်ရှေ့မှာ ဆိုင်ကယ်ပျောက်ရှာနေကြတာ။
ကြွက်စုတ်။ ။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပယ်နဂိုရ်က နွားမ ပေါင်ကျိုး ဆိုသလို ဖြစ်နေပြီ။ ဆိုင်ကယ်ပျောက်တာနဲ့ အားကစားစိတ်မရှိတာ ဘာများ ပတ်သက်နေလို့တုန်း။ လင်းစမ်းပါဦး။
ရုက္ခစိုး ။ ။ ဆိုင်သမှ ဆိုင် ... ဆိုင် ... ဆိုင် ... တောင်မြည်နေသေးဗျား။ မင်းတို့လူတွေ ပါးစပ်ကပြောတော့ အားကစား၊ အားကစားနဲ့ တကယ် လက်တွေ့မှာတော့ လောင်းကစား။ လောင်းလိုက်ကြ၊ ရှုံးလိုက်ကြ။ စာရင်းချုပ်လိုက်တော့ ကမ္ဘာတလွှားက ခိုးမှု၊ လိမ်လည်မှု၊ လုယက်မှုတွေက အမှတ်အများဆုံးနဲ့ ကမ္ဘာ့ဖလားဒိုင်ကြီးကို အပိုင်သိမ်းသွားမှာ မြင်ယောင်နေပါသေးသဗျား။
ဖိုးရှုပ်။ ။ တော်ကြပါတော့ဗျာ။ တကယ်တော့ ခိုးဆိုးသတ်ဖြတ်မှုတွေက ကမ္ဘာ့ဖလားမလာခင်ကတည်းကပါ။ ရန်ကုန် သာကေတမှာ ဇွန်လဆန်းတုန်းက လူခုနစ်ယောက်ကို တယောက်ပြီးတယောက်သတ် ၊ အပိုင်းပိုင်း ဖြတ်တောက်ပြီး စွန့်ပစ်သွားတယ်ဆိုတာမျိုးကျ ဘာပြောမလဲ။ ဒါကတော့ လောင်းကစားတာနဲ့ မဆိုင်ဘူးထင်တယ်။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ အဲဒီသတင်း ကျွန်တော်လည်း ကြားတယ်။ ၂၄ လောင်းပြည့်အောင် နောက်ထပ် သတ်ဦးမယ်လို့ နတ်ဝင်သည်တယောက်က ပြောလို့ သာကေတက လူတွေ ညဆိုရင် အပြင်တောင် သိပ်မထွက်ရဲကြဘူး ဆိုပဲ။
ရုက္ခစိုး။ ။ မင်းတို့သတင်းက အပ်ဒိပ် မဖြစ်လိုက်တာကွာ။ ကဲကဲ အဲဒါတွေခဏထားဦး။ မင်းတို့ကို မင်္ဂလာသတင်းတခု ပြောရဦးမယ်။
ကြွက်စုတ်။ ။ မပြောနဲ့တော့ ဦးရုက္ခစိုးရေ။ ခင်ဗျားပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာ ကျွန်တော်တို့က သိပြီးသား။ မင်းတရားကြီးရဲ့ သမီးထွေး ထိပ်ထားလေးရဲ့ အာဝါဟ ၀ိဝါဟ ကိစ္စ မဟုတ်လား။ ဦးရုက္ခစိုးလည်း အခုတလော မင်္ဂလာဆောင်တဲ့အကြောင်းတွေချည်း ပြောပြောနေတော့ တော်ကြာ ပတ်ဝန်းကျင်က မင်္ဂလာရုက္ခစိုးလို့ နာမည်အသစ် ပေးခံနေရဦးမယ်။
ရုက္ခစိုးက ပြုံးစေ့စေ့ မျက်နှာပေးဖြင့် …
ရုက္ခစိုး။ ။ နေပြည်တော်စောင့်နတ် ငါ့ဆီကြွလာတဲ့အကြောင်း မင်းတို့ကို ပြောပြမလို့။ သိပြီးပြီဆိုလည်း ပြီးတာပါပဲ မောင်တို့ရယ်။
ဖိုးရှုပ်။ ။ ဟိုက်ရှားဘား ... နေပြည်တော်စောင့်နတ် ဟုတ်စ၊ ဧကန္တ ကျုပ်တို့ရုက္ခစိုးကြီး မြန်မာပြည်ပြန်ဖို့ နေပြည်တော်နတ်နဲ့ တိတ်တိတ်လေး ခိုးညှိနေပြီမဟုတ်လား။ အခုလိုတွေ့တာ ဘယ်နှစ်ခေါက်ရှိပြီလဲ။
ရုက္ခစိုး။ ။ တော်စမ်းပါ။ ငါ့များ မင်းတို့လူတွေလို မှတ်နေသလား။ ဒင်းတို့နဲ့များ ညှိဖို့ ဝေးပါသေး။ ဒီလိုကွ … နေပြည်တော်စောင့်နတ် ငါ့ဆီလာတာ တခြားမဟုတ်ဘူး။ သူလည်း ထိပ်ထားလေး မင်္ဂလာဆောင်ကို အဖိတ်ခံရလို့ လက်ဖွဲ့ဖို့အတွက် ငါ့ရဲ့ ပတ္တမြားနားတောင်းကို လာဝယ်တာကွ။ ဒီမင်္ဂလာဆောင်မှာ ကျောက်သံ
ပတ္တမြားကလွဲရင် ကျန်တာတွေ လက်မဖွဲ့ရလို့ အမိန့်ထုတ်ထားလို့တဲ့ကွ။
ကြွက်စုတ်။ ။ တယ်ဟုတ်ပါလား။ ဒီအတိုင်းဆို ဦးရုက္ခစိုးရဲ့ ပတ္တမြားလည်း ပြည်တော်ဝင်ပတ္တမြား ဖြစ်တော့မှာပေါ့။ ဘယ်လောက်ရလိုက်သလဲဗျ။
ရုက္ခစိုး။ ။ ရောင်းလို့ဖြစ်မလားကွ။ ဈေးကောင်းတော့ပေးပါရဲ့။ ရောင်းလိုက်ရင် ငါ့မှာ နားဟောင်းလောင်းကြီး ဖြစ်နေမှာပေါ့။ ရောင်းတဲ့အခါ အမြတ်ကလေး မျိုးမျိုးမျက်မျက်တော့ ရပါရဲ့။ ပြန်လိုချင်တော့ ရောင်းလိုက်တဲ့ ဈေးရဲ့ ၄-၅ ဆ ပေးတောင် ရချင်မှရတာ။ ခေတ်ကြီးက တက်ခေတ်ကွ ။ အဲ ဈေးတက်တဲ့ခေတ်ကွ။
ဖိုးရှုပ်။ ။ ဒါများ ဦးရုက္ခစိုးရယ် ရောင်းပစ်လိုက်တာမဟုတ်ဘူး။ ရှိတော့လည်း တန်ဆာ၊ မရှိတော့လည်း ၀မ်းစာ မဟုတ်လား။ နောက်ပြီး ရုက္ခစိုးကြီး ပြန်လိုချင်လည်း မဲဆောက်က ပြန်မှာပေးလို့ ရနေတာပဲ။ နေပါဦး ... အဲဒီ ပတ္တမြားကို နေပြည်တော်နတ်က ဘယ်လောက်နဲ့ ဈေးဖြတ်သွားသလဲ။
ရုက္ခစိုး။ ။ သိတဲ့အတိုင်းပဲလေ၊ သူကနေပြည်တော်ကလာတဲ့ တော်ဝင်နတ်ဆိုတော့ တန်ဖိုးကြီးပေးတာမှ ဒေါ်လာတသောင်းတဲ့။ ဘ၀င်ကလဲ မြင့်နေလိုက်တာ မပြောပါနဲ့ ။ ငါ့နဲ့စကားပြောတာတောင် မြေပေါ်ကို မဆင်းဘူး။ လေထဲကနေ ဈာန်နဲ့ရပ်ပြောတာ။
ကြွက်စုတ်။ ။ နေပြည်တော်နတ်က ချမ်းသာလှချည်လား။ မင်္ဂလာဆောင် တခါလက်ဖွဲ့တာ ဒေါ်လာတသောင်းဆိုတော့ မနည်းပါလား။
ရုက္ခစိုး။ ။ နည်းလို့ ဖြစ်မလားကွ။ မင်းတရားကြီး အငြိုငြင်မခံရအောင် သူများနည်းတူ ပေးရတာပေါ့။ နေပြည်တော် နတ်ကမှ ချင်းမိုင်လောက်လာဝယ်တာ၊ တချို့ မင်းတရားကြီးရဲ့ ဆွေမျိုးနီးစပ်တွေဆို အကောင်းဆုံးစိန်တွေ ရနိုင်တဲ့ ဥရောပက ဘယ်လ်ဂျီယန်နိုင်ငံအထိ သွားဝယ်ကြတာ ဒေါ်လာသိန်းသန်းနဲ့ ချီတယ်ဆိုပဲ။
ဖိုးရှုပ်။ ။ ဒါတင်ဘယ်ကမလဲ ဦးရုက္ခစိုးရဲ့။ ရန်ကုန်က စိန်ဆိုင်တွေမှာလည်း ရောင်းစရာမကျန်အောင် လာဝယ်သွားကြလို့ ထိပ်ထားလေးရဲ့နာမည်ကို ခင်သန္တာရွှေကနေ ခင်သန္တာစိန်လို့တောင် ရန်ကုန်မှာ ပြောင်းခေါ်နေကြပြီတဲ့။
သတင်းပလင်းလေး အတော်အတန်ကြားလိုက်ရသောအခါ ရုက္ခစိုးလည်း ကျေနပ်သောလေသံဖြင့် …
ရုက္ခစိုး။ ။ ဟုတ်လား။ ဒီလိုကျပြန်တော့လည်း မင်းတို့ကောင်တွေက အတင်း ... အဲ အဲ ... သတင်း စုံသားပဲ။ ဒီနေ့တော့ မင်းတို့ကို ပီဇာကျွေးမယ်ဟေ့။ မနေ့ညက အီတလီဘက်က လောင်းတဲ့လူတသိုက် ဘောနိုင်လို့ ဒီနေ့မနက် အစောကြီး ကတည်းက ငါ့နတ်စင်မှာ လာကပ်သွားတာတွေ ရှိတယ်။ အဲတော့ ပီဇာစားပြီး နောက်ပွဲမှာလည်း အီတလီကိုသာ အားပေးလိုက်ကြပေါ့ကွာ။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ရုက္ခစိုး၏စကားကို ကြားသော် တယောက်မျက်နှာတယောက် အတန်ငယ်ကြည့်၍ …
`ဟုတ်ပြီဟေ့ ... ဟုတ်ပြီကွ။ ဒီတခါတော့ ရုက္ခစိုး ဖိုးကပ်စ် နဲ့ဘဲ ဗိုလ်လုပွဲမှာ လောင်းလိုက်ကြ ... အဲအဲ ... အားပေးလိုက်ကြစို့ ´ဟု ပြိုင်တူအော်၍ ဘောလုံးဒိုင် ကြေးမပိတ်ခင်အမီ တောင်ပေါ်မှ ပြေးဆင်းသွားကြ လေသည်။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |