ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၅၀)
ရန်ကုန်သားတာတေ
တနှစ်ကုန်၍ တနှစ်ကူးပြန်ဦးတော့မည်၊ ၂၀၀၆ ခုနှစ်သည် နောက်တွင် တဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်နေရစ်ပြီ။ နှစ်သစ်တနှစ်ကိုပြောင်းလဲရောက်ရှိသည့် အခါသမယတွင် အများစုက အရာရာ အသစ်အသစ်ကို မျှော်လင့်ချင်ကြသည်။
လူသစ်၊ စိတ်သစ်၊ အသုံးအဆောင်သစ်၊ ပြောင်းလဲမှုအသစ်၊ အားလုံးသစ်လွင်ချင်ကြသည်။ အသစ်ကို မျှော်လင့်သော်လည်း အသစ်က မျှော်လင့်သူတိုင်းထံသို့ အမှန်တကယ် ရောက်ရှိလာနိုင်ပါရဲ့လား … ။
ရုက္ခစိုးသည် ချင်းမိုင်၏အေးစက်သော ဒီဇင်ဘာဆောင်းကို အံတုရင်း မနေနိုင်မထိုင်နိုင် အသစ်ကိစ္စကို စဉ်းစားနေမိသည်။
ဖိုးရှုပ်က ကင်မရာအသစ်ကလေးကို မျှော်လင့်ခဲ့ဖူးပြီး ကြွက်စုတ်က ဆိုင်ကယ်အသစ်ကလေးလိုချင်သည်ဟု သူ့ကို ပြောဖူးသည်။ ယခုအချိန်တွင် ရုက္ခစိုးလိုချင်သည်ကတော့ အနွေးဓာတ်။
ရုက္ခစိုးပင်ဖြစ်လင့်ကစား ချမ်းသည်က ချမ်းသည်ပဲ။ ရုက္ခစိုးလည်း ချမ်းတတ် အေးတတ်သည် … ။
ခါးရှည်အနွေးထည်ကြီး ၂ ထည်ကို ထပ်ဝပ်ပြီး ညောင်ရိပ်တွင် ကုတ်ချောင်းချောင်းထိုင်၍ ငြိမ်ကုတ်နေသည့် ရုက္ခစိုးကို ဘာအသံမှမပေးဘဲ ရောက်နေသော ကြွက်စုတ်က အသံကျယ်ကျယ်ဖြင့် ရုတ်တရက်မေးလိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုး ဘာတွေ တွေးနေတာလဲ … ။
ရုက္ခစိုးက အမှတ်တမဲ့ဖြစ်၍ လန့်သွားပြီး …
ရုက္ခစိုး။ ။ အသစ်ကိစ္စ …
ဖိုးရှုပ်။ ။ ဟား … ဟား … ဟား … ဦးရုက္ခစိုးကလည်း အသစ်ကလေးတွေ ဘာတွေစဉ်းစားနေပြီလား …။
ရုက္ခစိုးမှာ ရုတ်တရက် လန့်သွားသည်က တကြောင်း၊ ဖိုးရှုပ် နောက်လိုက်သည်က တကြောင်းကြောင့် စိတ်တိုသွားသည်။
ရုက္ခစိုး။ ။ မင်း ဂျီးဒေါ် အသစ်ကလေးလားကွ ဟေ … ၊ မင်းတို့ ကောင်တွေ ဦးနှောက်ထဲမှာ မဟုတ်တာ ပြောဖို့ပဲစဉ်းစား နေကြသလား … ။
ရုက္ခစိုး စိတ်တိုသွားမှန်းသိ၍ ကြွက်စုတ်က လေပြေထိုးလိုက်သည် … ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း ကိုယ်ချင်း ကိုယ်ချင်းတွေ ဒီလိုပဲ စ နောက်နေကြ ဥစ္စာ … ။
ရုက္ခစိုး။ ။ ဘာကိုယ်ချင်းလဲ … ထောင်တန် ရယ်ပေါ့ … ၊ ငါက ဒီမှာ နှစ်သစ်တနှစ် ကူးတော့မှာကို တွေးမိပြီး အတွေးတွေ ဆက်နေမိတာ … ။
ဖိုးရှုပ်ကလည်း ရုက္ခစိုးစိတ်ပြေရန် ၀င်၍ ချော့ပြန်သည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး တွေးမိတာတွေကို ပြောပါဦး ဦးရုက္ခစိုးရဲ့ … ကျနော်တို့လည်း ဗဟုသုတရတာပေါ့၊ သက်ကြီးစကား သက်ငယ်ကြားပေါ့ … ။
ဤတွင်မှ ရုက္ခစိုးက မျက်နှာကြော လျှော့လိုက်ပြီး …
ရုက္ခစိုး။ ။ အခုမကြာခင် နှစ်သစ် တနှစ်ကို ရောက်တော့မယ်၊ လူအများစုက စိတ်သစ် လူသစ် ဘ၀သစ် အစရှိတဲ့အသစ်ကို မျှော်လင့်ကြတယ်၊ လိုချင်ကြတယ် … ငါတို့တွေကရော ဘာကို မျှော်လင့်နိုင်မလဲ … နအဖကတော့ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့တဲ့ ... ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲနေတယ်တဲ့ … ။
ရုက္ခစိုး၏ အလေးအနက်ပြောလိုက်သည့် စကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ယောက် ငြိမ်သွားသည်။
ရုက္ခစိုးက ဆက်ပြောပြန်သည်။
ရုက္ခစိုး။ ။ မင်းတို့ ငါတို့က သူတပါးတိုင်းပြည်မှာ မှီခိုနေရတာကွ … ငါတို့ရဲ့ စစ်မှန်တဲ့ ဘ၀သစ်၊ သစ်လွင်တဲ့ အနာဂတ်ကို ဘယ်လိုစဉ်းစားမလဲ … ဘာနဲ့တိုင်းရမှာလဲ … ။
ကြွက်စုတ်။ ။ အာ ... ဦးရုက္ခစိုးကလည်း တကယ် အတည်ကြီးပါလား … ကျနော်တောင် ဦးနှောက်ခြောက်သွားပြီ …
ကြွက်စုတ်က ခေါင်းကလေးကုတ်ပြီး ရုက္ခစိုးကို မရဲတရဲ ပြောလိုက်သည်။ ဤတွင် ဖိုးရှုပ်က နောက်ဆုံးတကာ့ နောက်ဆုံး စက်ရပ်သတင်းတပုဒ်ကို ရရှိလာသည့်မျက်နှာပေးမျိုးနှင့် ရုက္ခစိုးကိုဝင်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် နှစ်သစ်အတွက် ကျနော်ကြားထားတဲ့ သတင်းစကား တခုတော့ ရှိပါတယ် … ။
ရုက္ခစိုးက သိပ်စိတ်မပါသော လေသံဖြင့် …
ရုက္ခစိုး။ ။ ဘာသတင်း မို့လို့လဲ … ။
ကြွက်စုတ်။ ။ ပြောမှာသာပြောတာ မဟုတ်ဘူး၊ မင်းကလည်း အိုက်တင်ကျင့်နေပြန်ပြီ … ။
ဖိုးရှုပ်။ ။ အေး … အဲဒီ အိုက်တင်ကိစ္စပဲ ပြောရမှာ … ၊ အခု ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲကို ဘာအကြောင်းပြချက်မှမပေးဘဲ ရက်ရွှေ့လိုက်တယ်တဲ့ … ။
ရုက္ခစိုးက ဖိုးရှုပ်ကို အသေအချာကြည့်ပြီး ရယ်လိုက်သည်။
ရုက္ခစိုး။ ။ ဟား … ဟား … ဟား … တော်တော်ကောင်းတဲ့ ဟာသပဲ ... ဖိုးရှုပ်ရာ … တိုင်းပြည်အနာဂတ်သတင်းဆိုလို့ … ဟား … ဟား … ။
ကြွက်စုတ်။ ။ အေးလေကွာ … မင်းဟာကလည်း … ။
ကြွက်စုတ်ကလည်း ဖိုးရှုပ်ကိုအနည်းငယ် ၀င်ဟောက်လိုက်သည်။
ဖိုးရှုပ်။ ။ စကားကဖြင့် မပြီးသေးဘူး …၊ ဒီလို ဦးရုက္ခစိုးရဲ့ … ကျနော်တို့ရဲ့ ဘ၀ရှင်မင်းတရားကြီးကတဲ့ ပုဏ္ဏားဗေဒင်ကို မေးတာ … အခုနှစ် တနလာင်္နဲ့ အင်္ဂါနံ တွဲဖက်ကိစ္စတွေကို မလုပ်ရဘူးလို့ ဟောတယ်တဲ့ ... ။
ဤနေရာတွင်တော့ ရုက္ခစိုးရော ကြွက်စုတ်ပါစိတ်ဝင်စားသွားပြီး ခေါင်ထောင်လာကြသည်။
ကြွက်စုတ်။ ။ အဲဒီလို ဟောတော့ ဘာဖြစ်သလဲ … ။
ဖိုးရှုပ်။ ။ မင်းပဲ တနင်္လာ အင်္ဂါ တွဲဖက်နံတွေကို စဉ်းစားကြည့်ကွာ … ဒေါ်အောင်ဆန်းစုကြည်ကွာ ... ၊ ကြက်ဆူကွာ … ၊ ကျော်ဆန်းကွာ … ။
ကြွက်စုတ်။ ။ နောက်ပြီးတော့ …
ဖိုးရှုပ်။ ။ နောက်ပြီးတော့ အဲဒါပြောမလို့ကွ … အခုရွေးမယ့် အကယ်ဒမီထဲမှာ မင်းသားလူမင်းရဲ့ ကျန်စစ်မင်းဆိုတဲ့ ရုပ်ရှင်ကားလဲပါတယ်တဲ့ ... ၊ အဲဒါ ဗေဒင်ဆရာက ဟောလိုက်လို့ အကယ်ဒမီ ရက်ရွှေ့သွားတာတဲ့ … ။
ရုက္ခစိုးက သိချင်ဇောပြင်းပြလာပြီး ၀င်လောသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် မင့်ဟာ မပြည့်မစုံနဲ့ … ။
ဖိုးရှုပ်။ ။ ဗေဒင်ဆရာကတဲ့ အခုနှစ် တနင်္လာနဲ့ အင်္ဂါနံတွဲဖက် ကိစ္စတွေကိုလုပ်ရင် လာမယ့်နှစ်သစ်မှာ ဒေါ်အောင်ဆန်း စုကြည်က ထိပ်ကိုရောက်သွားမယ်တဲ့ … ၊ ဒါကြောင့် ကြက်ဆူပင်ကိစ္စလည်း မလုပ်ရဘူး၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းကိုလည်းဖြုတ်၊ အခုအကယ်ဒမီမှာ ကျန်စစ်မင်းကိုလည်းဖြုတ်ပါလို့ ဟောတယ်တဲ့ … ။
ကြွက်စုတ်။ ။ သြော် … အဲဒီလိုလား …
ရုက္ခစိုး။ ။ အဲဒါဆို ဖဒို အောင်ဆန်းကိုလည်း တခုခုတော့ စီစဉ်သင့်တာပေါ့ … သူလည်း တနင်္လာနဲ့ အင်္ဂါတွဲထားတာပဲ … ။
ဖိုးရှုပ်က နားမလည်သည့်ပုံဖြင့် ရုက္ခစိုးကို ကြည့်လိုက်သည်။
ဖိုးရှုပ်၊ ။ ဖဒို အောင်ဆန်းက ဘာ … ဘယ်လို … ။
ရုက္ခစိုး။ ။ ဟာ … သတင်းထောက်ဖိုးရှုပ်ရာ … ဟိုတနေ့က သတင်းစာမှာ နအဖ အကြိုက်ရေးထားတာ မဖတ်ရဘူးလား … ပြည်ပမှာရှိတဲ့ အတိုက်အခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးသမားတွေအားလုံးကို အဖျက်သမားတွေဆိုပြီးတော့လေ … သူကတော့ လမ်းမှန်ရောက်ပြီး အေးချမ်းလို့တဲ့ … နောက်ဆုံး ကေအန်ယူအကြီးအကဲကိုတောင် သူက အကြံဥာဏ်ကောင်း တွေပေးခဲ့ရသေးတယ်တဲ့ … ။
ကြွက်စုတ်။ ။ ဟုတ်တယ် … ဟုတ်တယ် … ကျနော်လည်း ဖတ်ရတယ် … ကျနော်နှင့် အဖျက်သမားများဆိုတဲ့ ဆောင်းပါးလေ … ကျနော့်အသိ ကရင်တယောက်ကတောင် ပြောသေးတယ်၊ အဲဒါ သူခိုးက လူဟစ်တာတဲ့ … သစ်နဲ့ ပတ်သက်တဲ့ ပိုက်ဆံတွေ ဖဒိုအောင်ဆန်း ဘုန်းသွားတာတွေအများကြီးပဲတဲ့ … ။
ဖိုးရှုပ်။ ။ ဗေဒင်အဟောအရဆိုရင်တော့ ဖဒိုအောင်ဆန်းလည်း မျက်ခုံးလှုပ်နေမှာပဲ … ။
ရုက္ခစိုး။ ။ အဲဒီဆောင်းပါးက ကေအန်ယူက ဗိုလ်ချုပ်ကြီးမြ သေတဲ့အချိန်နဲ့ အချိန်ကိုက်ထည့်တာ ကိုယ့်လူ … ဒါ တမင် လုပ်တာဖြစ်နိုင်တယ်ကွ … ။
ကြွက်စုတ်။ ။ ဗိုလ်ချုပ်မြ ဈာပနကိုလည်း ဗိုလ်မှူးကြီး မြတ်ထွန်းဦးနဲ့ စစ်အရာရှိနောက်တဦးက လွမ်းသူ့ ပန်းခွေချပြီး အခမ်းအနားတက်တယ်တဲ့ … ။
ဖိုးရှုပ်။ ။ ဒါ ကေအန်ယူကို သပ်လျှိုဖို့ ကျောလာသပ်တာဖြစ်မှာပေါ့ကွ … ဗိုလ်ချုပ်ကြီးမြကို တကယ် ၀မ်းနည်းတာ မဟုတ်ပါဘူး ... သူတို့က ယုံစရာမရှိပါဘူးကွာ … လုပ်နေကြပဲ ... ။
ရုက္ခစိုး။ ။ ဟုတ်တယ် … ဖိုးရှုပ်ပြောတာ … ဗိုလ်ခင်ညွန့်ရဲ့ ဖိုးဒိုနဲ့ ဖထီး ဇာတ်လမ်းလည်း ကြည့်ပါလား … ။
ကြွက်စုတ်။ ။ ဒါဆို လာမယ့်နှစ်သစ်မှာ ကြက်ဆူ၊ ကျန်စစ်၊ ကျော်ဆန်းနဲ့ ဖဒိုအောင်ဆန်းတို့ ဘယ်လဲ ဘာလဲပေါ့ … ။
ရုက္ခစိုး။ ။ မေးရမှာ တခုကျန်သေးတယ်ကွ … ။
ဖိုးရှုပ်+ကြွက်စုတ်။ ။ ဘာများလဲ ဦးရုက္ခစိုးရဲ့ … ။
ရုက္ခစိုး။ ။ ဘ၀ရှင်မင်းတရားကြီး ဘယ်လဲ ဘာလဲ ဆိုတာကိုပေါ့ကွ … ။
ဖိုးရှုပ်+ကြွက်စုတ်။ ။ ဟုတ်ပါ့ ဦးရုက္ခစိုးရေ … ။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |