#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၄၈)
ရန်ကုန်သားတာတေ

ချင်းမိုင်မြို့၏ ဆောင်းညများသည် နွေကာလနှင့်မခြား ပူပြင်း၊ ခြောက်သွေ့လှပါ၏။  အအေးဓာတ် ကင်းမဲ့လှသော ညကာလများတွင် လေကလည်းငြိမ်ချက်သားကောင်းလှ၏။ သဘာဝတရားဆိုသည်ပင်  ဖောက်လှဲဖောက်ပြန်ဖြစ်တတ် ပါကလားဟု ချင်းမိုင်ရုက္ခစိုး တကိုယ်တည်း တွေးနေ၏။

ယခုတလော ရုက္ခစိုးကြီးသည် အရာရာတိုင်းတွင် အလိုမကျမှုများစွာဖြင့် နေ့၊ ရက်တို့ကို ကုန်လွန်စေ၏။ သူက အေးချိန်တန် မအေးသည့် ဒီဇင်ဘာ ဆောင်းညများကို အလိုမကျ၊ နေ့အခါ မီးမလာပြီး ညဘက် မီးမမှန်သည့် ရန်ကုန်မြို့ကို အလိုမကျ၊ ပြောတုန်းက ဆင်ဖမ်းမယ် နောက်ကျတော့ ဆင်ချေးကျုံးနေသူတွေကို အလိုမကျ၊ မြန်မာ့အလင်း သတင်းစာကို အလိုမကျ၊ ပွဲတော်တွေဆက်တိုက်ရှိနေသောကြောင့် ဒွိုင်ဆူထေ့တောင်ကို အရောက်အပေါက်ကျဲနေသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို အလိုမကျ၊ …. အလိုမကျ၊ ….. အလိုမကျ၊ …

ထိုစဉ် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့သည် ၀တ်စုံပြည့်ဝတ်ဆင်လျက် ဒွိုင်ဆူထေ့တောင်ရှိ ရုက္ခစိုးစံမြန်းရာ နတ်ကွန်းသို့ ချီတက်လာကာ …

ကြွက်စုတ် ။     ။ ဟေး ဦးရုက္ခစိုး၊ စောစောစီးစီး ဘာတွေထိုင်ဘူနေတာလဲဗျ။ ဒီဇင်ဘာ အားကစားလလေ။ ကျွန်တော်တို့ နှစ်ယောက် တောင်ထိပ်ကို လမ်းလျှောက်တက်မလို့ လိုက်ခဲ့ပါလား။ ကျန်းမာရေးသည် လာဘ်တပါးလို့ ဆိုရိုးရှိတယ် မဟုတ်လား။

ရုက္ခစိုး ။     ။ အောင်မလေးကွာ။ ပူရ၊ အိုက်ရတဲ့ကြားထဲ မင်းတို့ကတမျိုး။ အဲဒီလို ရူးကြောင်ကြောင် ကောင်တွေကြောင့်များ ဥတုသုံးပါး ဖောက်ပြန်နေသလား မသိပါဘူးကွာ။

ဖိုးရှုပ် ။     ။ အဲဒါခက်တာပေါ့၊ ဦးရုက္ခစိုးလို သူတွေချည်းသာဆို ဟောဒီလူ့လောကကြီးဟာ ဘယ်သောအခါမှ နေချင်စဖွယ် ဖြစ်လာမှာမဟုတ်ဘူး။ တနေကုန်လည်း ဒီနတ်ကွန်း၊ တညလုံးလည်း ဒီညောင်ပင်။ ဘယ်လောက်များအထီးကျန် ညီးငွေ့စရာကောင်းလိုက်သလဲဗျာ။  

ရုက္ခစိုး ။     ။ သြော် မင်းတို့က ငါ့ကို မင်းတို့လို လူများမှတ်နေသလားကွ ဟေ။ ရုက္ခစိုးကွ၊ ရုက္ခစိုး။ ရုက္ခစိုးဆိုတာ ဒီနတ်စင်၊ ဒီညောင်ပင်မှာဘဲ အချိန်ပြည်နေရမှာပေါ့ကွ။ မင်းတို့လို ကာရာအိုကေသွားလိုက်၊ မွေးနေ့ပွဲသွားလိုက်၊ အခမ်းအနား ရှာတက်လိုက် လုပ်လို့ဘယ်ဖြစ်မလဲ။

ကြွက်စုတ် ။     ။ အကြောင်းမသိတဲ့သူတွေလိုဘဲ ဦးရုက္ခစိုးရယ်။ အရင်လည်း ရွာရိုးပတ်နေကျဆိုတာ မသိဘူးမှတ်နေလား။ လာပါဗျ၊ စကားလေးတပြောပြောနဲ့ လမ်းလျှောက်ရတာ မမောပါဘူး။    

ဖိုးရှုပ် ။     ။ ကြွက်စုတ်ပြောတာ ဟုတ်သားဘဲ။ ဦးရုက္ခစိုးက လေစိမ်းတွေတိုက်နေပြန်ပြီ။

ရုက္ခစိုး ။     ။ ဘယ်ကလာ လေစိမ်းတိုက်ရမှာလဲ။ စိတ်ညစ်တာ လေမတိုက်လို့ဟေ့၊ လေမတိုက်လို့ကွ။ လေစိမ်းလည်း မတိုက်၊ လေပူတောင်မတိုက်တာကိုများ အားကစားလလေး၊ ဘာလေးနဲ့ ကြီးကျယ် မနေကြစမ်းပါနဲ့ကွာ။ မင်းတို့ဟာက ဖောက်ပြန်ရေးကာလကြီးပါကွာ။

ဦးရုက္ခစိုးသည် ပါးစပ်ကသာ လမ်းလျှောက်မလိုက်လိုကြောင်း ငြင်းဆန်နေသော်လည်း သူ့ခြေလှမ်းတွေက ဖိုးရှုပ်တို့ထက် နောက်မကျ။ သူ့မိတ်ဆွေများနှင့် စကားသာပြောနေရလျှင် အရာရာကို မေ့ထားနိုင်သည့် ရုက္ခစိုးပင်။

ကြွက်စုတ် ။      ။ ဖောက်ပြန်တဲ့အကြောင်းတော့ မပြောချင်ပါဘူးဗျာ။

ဖိုးရှုပ် ။     ။ မပြောချင်လည်း နေပေါ့ကွာ။

ရုက္ခစိုး ။     ။ မောင်ဖိုးရှုပ်ရယ်၊ သူက ပြောချင်လွန်းလို့ မပြောချင်ဘူး စကားခံနေတာကွဲ့။ ပြောပါစေ။

ကြွက်စုတ် ။     ။ ဒီလိုပါဗျ။ ဟိုတုန်းကတော့ ရဲရဲတောက် အာဏာရှင်ဆန့်ကျင်သူတချို့ အခုကျတော့မှ တအိုးစား အတူလုပ်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့လုပ်ရပ်တွေကို မယုံကြည်တော့လို့ လမ်းခွဲလိုက်ရတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ် ကြားနေရလို့ နားခါးတာကို ပြောမလို့။

ရုက္ခစိုး ။     ။ ဒါကတော့ မောင်ကြွက်စုတ်ရယ်၊ မင်းကိုယ်နှိုက်က လည်မလိုလိုနဲ့ ရိုးလွန်းတာကိုး။ ဒါမျိုးက အခြေအနေ ကိုလိုက်ပြီး ပြောင်းတတ်ကြတဲ့ အမျိုးကွ။ မင်းတို့ကသာ ရဲဘော်၊ ရဲဘက်ထင်နေတာ သူတို့က မင်းတို့ သာတဲ့အချိန်မှာ ရဲဘော်၊ ကျတဲ့အချိန်ရောက်ရင် မင်းတို့အားလုံးကို ရဲဘက်စခန်းပို့မယ့်ကောင်တွေပါကွာ။ အဲဒီလိုလူစားထဲမှာ နှုတ်ထွက် သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တောင် ပါသေးသဗျ။ ဘာတဲ့ ၀ံသာနု အန်အယ်လ်ဒီဆိုလား၊ မိစ္ဆာ အန်အယ်လ်ဒီဆိုလား မသိပါဘူးကွာ။

ဖိုးရှုပ် ။     ။ အေးဗျာ။ ကိုယ်ဘက်က မယုံကြည်ပါဘူးလို့ လူသိရှင်ကြား အော်ပြီးတာတောင်မှ အန်အယ်လ်ဒီဆိုတဲ့ နောက်မြီးလေးက မဖြုတ်ချင်သေးဘူး။ အမှန်က အန်အယ်လ်ဒီကို လက်သီးပုန်းထိုးနေတာပါ။ ပါတီဝင်တွေ နှုတ်ထွက်အောင် ငွေယူပြီး စည်ရုံးပေးနေတဲ့သူကများ။

ကြွက်စုတ် ။     ။ ဖိုးရှုပ်က မြန်မာပြည်မှာ မနေတာကြာတော့ မြန်မာ့ဓလေ့တွေကို မေ့တေ့တေ့ ဖြစ်နေပုံရတယ်။ ဒို့နိုင်ငံ ဆိုတာက တခုခုမှာ နာမည်ရလာရင် ဆင်တူရိုးမှား သတိထားရတဲ့နိုင်ငံကွ။ အနည်းဆုံးတော့ နာမည်ယူသုံးတာခံရတယ်။ မကြားဖူးဘူးလား၊ ထက်ထက်မိုးဦးယိုစုံတို့၊ အမေ့အိမ် ထီဆိုင်တို့ ဆိုတာ။ အခုဖြစ်နေတဲ့ ၀ံသာနု အန်အယ်လ်ဒီတို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) ဆိုတာတွေက ဘာဆန်းတာမှတ်လို့။

ရုက္ခစိုး ။     ။ ပုံမှားရိုက်တဲ့ကိစ္စက အဆန်းမဟုတ်တော့ဘူးဆိုရင် မင်းတို့ကို ပုံမှန်မဟုတ်တဲ့ ပြည်တွင်းသတင်းလေးတခု ပြောပြမယ်။ မနေ့ကဘဲ ပြည်တွင်းကမိတ်ဆွေတယောက်နဲ့ အွန်လိုင်းမှာပြောဖြစ်တာ။ ဒီလိုကွ အခုရန်ကုန်မှာ မီးတွေ ကလည်း မတရားပျက်လွန်းတော့ တချက်ချက် မီးပြန်လာတဲ့အခါ လူတွေက မနေတတ်၊ မထိုင်တတ် ဖြစ်နေကြတယ်လို့ ပြောတယ်ကွ။ တချို့ဆို မီးဘာလို့လာတာလဲဆိုတာသိချင်လို့ လျှပ်စစ်ရုံးကို ဖုန်းဆက်မေးကြတယ် ဆိုဘဲ။

ကြွက်စုတ် ။     ။ ဖုန်းဆက်မေးတယ်ဆိုလို့ စစ်အစိုးရက ပြီးခဲ့တဲ့နှစ်ကတည်းက သတင်းစာမှာ ကြေငြာထားတဲ့ စုံစမ်းပါ၊ ဆက်သွယ်ပါဆိုတဲ့ နံပါတ်တွေ လိုင်းဖုန်း၊ ဟန်းဖုန်း နှစ်မျိုးစလုံး ၉ လုံးလောက်ရှိတယ်ဗျ။ ကျွန်တော်လဲ ပြီးခဲ့တဲ့အပတ်က ပျင်းပျင်းရှိတာနဲ့ စုံစမ်းမယ်ပေါ့ဗျာ။ ဒါနဲ့ ဆက်လဲဆက်လိုက်ရော “လူကြီးမင်း ခေါ်ဆိုသော နံပါတ်သည် တပ်ဆင်ထားခြင်းမရှိပါ” လို့ ပြန်ဖြေတယ်ခင်ဗျ။ ဟားဟား။

ဖိုးရှုပ် ။     ။ မင်းတို့နိုင်ငံရေးသမားတွေကလည်း စစ်အစိုးရဆို အကောင်းကိုမမြင်ဘူး။ နည်းပညာပိုင်းဆိုင်ရာ တခုတခု လွဲနေလို့ ဖြစ်မှာပေါ့ကွ။ ဒါမှမဟုတ်လဲ သတင်းစာတိုက်က တကယ်မရှိတဲ့ ဖုန်းနံပါတ်ကို မှားပြီး ပုံနှိပ်မိလို့ ဖြစ်မှာပေါ့။ ဒို့နိုင်ငံမှာ အပြောင်းအလဲ ရှိတယ်လို့ နိုင်ငံကျော် ဗေဒင်ပညာရှင်ကြီး တယောက်က ဟောစာတမ်းထုတ်ထားတယ်။

ရုက္ခစိုး ။     ။ ဟုတ်လားကွ၊ ဘယ်လိုများ ဟောထားလို့တုန်း။ မင်းပြောင်း မင်းလွှဲများလား။

ဖိုးရှုပ် ။     ။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်ဗျ။ မင်းပြောင်းမှာမဟုတ်ဘူး။ မင်း စိတ်ပြောင်းမှာတဲ့။ ဟိုတလောက မင်္ဂလာဆောင်လုပ်တဲ့ မင်းတရားကြီးရဲ့ သမီးထွေးလေးက အခု မင်္ဂလာဒုံ စစ်ဆေးရုံမှာ မီးဖွား သန့်စင်လိုက်ပြီတဲ့။
ကြွက်စုတ်က ကြားဖြတ်ပြီး …

ကြွက်စုတ် ။     ။ ဟုတ်မှလဲ လုပ်စမ်းပါ ဖိုးရှုပ်ရာ။ မင်္ဂလာဆောင်တာတောင် ဘာမှမကြာလိုက်သေးဘူး။ အခုမီးဖွားတယ် ဆိုတော့ မင်းဟာက ကြက်ဥအကောင်ဖောက်သလို ဖြစ်မနေဘူးလား။

ဖိုးရှုပ် ။     ။ အဲဒါခက်တာပေါ့ ကြွက်စုတ်ရာ။ မင်းစဉ်းစားပုံကိုက ခေတ်မမီဘူးဖြစ်နေတယ်။ ဒီမင်္ဂလာမောင်နှံရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတွေအများကြီး ရှိသေးတယ်။ အဲဒီကိစ္စအသာထားပါဦး။ ပြောနေတာက ဗေဒင်ဟောစာတမ်း။ .. မင်းတရားကြီးက သမီးထွေးလေးမွေးထုတ်လိုက်တဲ့ မြေးကလေးကြောင့် သူ့ရဲ့ စိတ်နေစိတ်ထား အပြောင်းအလဲရှိတယ်လို့ ဗေဒင်ဆရာက ဟောတာဗျ။

ရုက္ခစိုး ။     ။ စိတ်နေစိတ်ထား ဘယ်လိုပြောင်းမယ်လို့ ဟောတာတုန်း။ မင်းဟာက စကားကို ဆုံးအောင်ပြောလေကွာ။

ဖိုးရှုပ် ။     ။ ဒါတော့ ကျွန်တော်လဲ မသိဘူးလေ။ သူကလဲ စိတ်ပြောင်းမယ်ပဲ ဟောတာ။ စိတ်ကောင်းဝင်မယ်၊ ဆိုးမယ် ဘာမှ ထည့်မဟောထားဘူး။

ကြွက်စုတ် ။     ။ ဒါဆိုရင်တော့ သေချာပါပြီ။ စိတ်ဖောက်ပြန်မှာ၊ စိတ်ဖောက်ပြန်မှာ။ ဟဲဟဲ ..

ရုက္ခစိုး ။     ။ မင်းတို့လည်း သတိနဲ့နေကြဦး။ တော်ကြာ စိတ်တွေဖောက်ပြန်နေကြဦးမယ်။

ဖိုးရှုပ် ။     ။ စိတ်ဖောက်တာတော့ မပြောပါနဲ့တော့။ ပြည်တွင်းက ကျုပ်မိတ်ဆွေတချို့ အတွေး စိတ်ကူးတွေ တမျိုးပြောင်း နေကြလို့ မနည်းဖျောင်းဖျနေရတယ်။

ကြွက်စုတ် ။     ။ ဘာဖြစ်ကုန်ကြလို့လဲ။ သူတို့လဲ အန်အယ်လ်ဒီ ပါတီကို အယုံအကြည်မရှိတော့လို့ ပါတီကနှုတ်ထွက် ပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်လို့လား။

ဖိုးရှုပ် ။     ။ ဘယ်ကဟုတ်ရမှာလဲ။ သူတို့က အန်အယ်လ်ဒီက မဟုတ်ဘူးကွ။ ငါ့လို့ ဂျာနယ်လစ်တွေ။ အခုတလော သတင်းစာထဲမှာ ထောင်တွေရဲ့ အခြေအနေတွေက ကောင်းကြောင်းတွေရေးလွန်းလို့ အပြင်မှာကလည်း ကုန်ဈေးနှုန်း ကတက်၊ အလုပ်အကိုင်တွေက အဆင်မပြေဆိုတော့ နိုင်ငံရေးနဲ့မပတ်သက်တဲ့  ပြဿနာတခုခုရှာပြီး ထောင်ထဲသွားနေ ကြမယ်ပြောနေတယ်။ စာပေစိစစ်ရေးနဲ့ ထောင်ပိုင်ကိုလည်း တခါတည်း စာတင်ပြီး ထောင်ဂျာနယ်ထုတ်ကြမယ်ပြောနေလို့ မလုပ်ဖို့ မနဲတားနေရတယ်။

ဖိုးရှုပ်၏ စကားကြောင့် ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့မှာ ၀ါးလုံးကွဲ အော်ဟစ်ရယ်မောကြလေသည်။ ၎င်းတို့ ၃ ဦးလည်း စကားတပြောပြောနှင့် ဒွိုင်ဆူထေ့တောင်ပေါ်သို့ ရောက်ကြပြီ။ ထိုစဉ် တောင်အောက်သို့ ပြန်ဆင်းမည့် လိုင်းကားတစီး ထိုးစိုက်လာပြီး ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား ထိုင်းဘတ်ငွေ ၅၀ ဖြင့် တောင်ခြေသို့ ခေါ်ဆောင်မည်ဟု ဈေးညှိ၏။

နောက်ဆုံး၌ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့၏ အားကစားကဏ္ဍမှာ တောင်ထိပ်တွင် အဆုံးသတ်ခဲ့ကြပြီး လိုင်းကားစီး၍ ဦးရုက္ခစိုးအား လက်ပြနှုတ်ဆက်လျက် ပြန်ကြကုန်၏။ နဂိုက လမ်းမလျှောက်လိုသူ ရုက္ခစိုးသာ အလိုမကျသော မျက်နှာဖြင့် တောင်ခြေသို့ လမ်းလျှောက်ပြန်လေတော့သည်။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.