ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၄၇)
ရန်ကုန်သားတာတေ
ချင်းမိုင်ရုက္ခစိုးကတော့ ဒီလို နေ့ထူးနေ့မြတ်ဆိုလျှင် ပျော်သည်။ ဝမ်းသာသည်။ အထူးသဖြင့် ဘုရင်ကြီးမွေးနေ့ဆိုတော့ ပိုပျော်ရွှင်ဝမ်းသာမိသည်။ ထိုင်းပြည်သူတွေအတွက်လည်း ပျော်ရွှင်ဝမ်းသာ မုဒိတာဖြစ်မိသလို ဖိုးရှုပ်နှင့် ကြွက်စုတ်တည်း ဟူသော မြန်မာပြည်ဖွား သူကောင်းသား နှစ်ယောက် အတွက်လည်း ဝမ်းသာသည်။ အဘယ်ကြောင့်ဆိုသော် ဒီလိုနေ့မျိုး တွင် သူရို့နှစ်ယောက် ဘီယာလည်း ဝယ်မရ ဝိုင်တို့ ဝီစကီတို့လည်း ရှာမရသောကြောင့် ဥပုသ်စောင့်သလိုလို ငါးပါးသီလ ခံယူသလိုလို လုပ်တတ်သောကြောင့်ပါတည်း။
ချင်းမိုင်ရုက္ခစိုး၏ တွက်ချက်မှုကား ကွက်တိ။ သူကောင်းသားနှစ်ယောက်သည် ဒီနေ့နံနက်စောစောတွင် ဒွိုင်ဆူထေ့ တောင်ပေါ်တက်လာတော့ အသံက အရက်နာကျသည့်အသံမျိုးမဟုတ်။ ခါတိုင်းဆိုလျှင် ရုံးပိတ်ရက်ပြီး နောက်တနေ့မှာ အသံက ညောင်နာနာ ဖြစ်နေကျ။ ယခုတော့ အသံက တရွာလုံးကြားအောင် အော်နိုင်သည့် ရွာဆော်အသံမျိုး။
ဖိုးရှုပ်။ ။ ဗျို့ဦးရုက္ခစိုး
ရုက္ခစိုး။ ။ ဟ ကောင် ဖိုးရှုပ် တိုးတိုးလုပ်ပါကွ။ စောစောစီးစီး ။
ဖိုးရှုပ်။ ။ ဟုတ်ကဲ့ဗျာ ဟုတ်ကဲ့။ မနေ့က ထိုင်းဘုရင်မင်းမြတ်ရဲ့ မွေးနေ့ပွဲကို ရုပ်မြင်သံကြားမှာ မြင်ရတာ ဝမ်းသာလွန်းလို့ ပြောချင်ဇောအားကြီးပြီး အသံကျယ်သွားတာပါ။
ရုက္ခစိုး။ ။ အင်း ဝမ်းသာတာလည်း ပါတယ်။ အရက်မသောက်ရတာလည်း ပါတယ်။ ဒီလို မဟုတ်လား။
ကြွက်စုတ်။ ။ အရက်မသောက်ရတဲ့အတွက် ဝမ်းမနည်းပါဘူး ဦးရုက္ခစိုးရယ်။ ဒီလိုနေ့ထူးနေ့မြတ်မှာ မသောက်တတ်တဲ့ အကျင့်က ရနေပါပြီ ခင်ဗျ။
ရုက္ခစိုး။ ။ အေး အေး သာဓုကွာ သာဓု သာဓု။ ကဲ ပြောစမ်းပါဦး။ ရုပ်မြင်သံကြားမှာ ဘာတွေတွေ့သလဲ။
ဖိုးရှုပ်။ ။ ဘုရင်ကြီးကို ကြိုဆိုတဲ့ သိန်းသန်းချီတဲ့ ထိုင်းပြည်သူလူထုရဲ့ တက်ကြွရွှင်လန်းမှုတွေ ပျော်ရွှင်ဝမ်းသာမှုတွေ မြင်ရတယ်လေ။ ကျနော်ဖြင့် ဒါကို ကြည့်ပြီး ကြက်သီးတဖြန်းဖြန်း ထမိပါရဲ့။
ကြွက်စုတ်။ ။ ဟုတ်တယ်ဦးရုက္ခစိုး။ ကျနော်လည်း ထိုင်းဘုရင်မင်းမြတ်အပေါ်မှာထားရှိတဲ့ ထိုင်းပြည်သူလူထုရဲ့ ချစ်ခင် လေးစားကြည်ညိုမှုကို မြင်ရတော့ တုန်လှုပ်မိတာ အမှန်ပါပဲ။
ရုက္ခစိုး။ ။ ဘုရင်စနစ်တခု တိုးတက်ခိုင်မာဖို့အတွက် အရေးအကြီးဆုံးက ပြည်သူလူထုရဲ့ ချစ်ခင်မှုလို့ ပြောတာ ဖတ်ရဖူးတယ်။
ဖိုးရှုပ်။ ။ ဟုတ်တယ်နော်။ ဘုရင်ဆိုတာ ပြည်သူက ချစ်မှ။ ဒီခေတ်မှာ ရှင်ဘုရင်ရွေးကောက်ပွဲရယ်လို့လည်း ရှိတာမဟုတ်။
ကြွက်စုတ်။ ။ ဒါကြောင့် ရှင်ဘုရင်များအနေနဲ့ ပြည်သူလူထုအကျိုးကို အားကြိုးမာန်တက် လုပ်နေကြရတာပဲ မဟုတ်လား။
ရုက္ခစိုး။ ။ အေးကွ။ ထိုင်းပြည်သူတွေ သူတို့ဘုရင်အပေါ် ချစ်ခင်လေးစားပုံကလည်း အတုမဲ့။ ထိုင်းဘုရင်ကလည်း ပြည်သူ လူထုအကျိုးအတွက် ဘက်ပေါင်းစုံ ကြိုးစားပုံကလည်း အနှိုင်းမဲ့။
ဖိုးရှုပ်။ ။ ဘုရင်ကြီးက သူ့မွေးနေ့ပွဲမှာ ပြည်သူလူထုကို စကားပြောတော့ ထိုင်းပြည်သူလူထု ချစ်ချစ်ခင်ခင် စည်းစည်း လုံးလုံးရှိဖို့ အထူးပြုပြီးပြောသွားတာလည်း အလွန်ကောင်းတာပဲ။
ရုက္ခစိုး။ ။ ဒို့ရဲ့ ရွှေပြည်တော်ကြီးနဲ့တော့ ကွာလိုက်တာကွာ။ ဒို့မှာဖြင့် အခုထက်ထိ ကွဲမဆုံးသေးဘူး။ တိုင်းပြည် စည်းလုံး ညီညွတ်ဖို့က ဝေလာဝေး။ ညီညွတ်မှုရဖို့ အချင်းချင်း တွေ့ဆုံဆွေးနွေးမယ် ဆိုတာတောင်မှ လက်ရှိစစ်ခေါင်းဆောင်တွေက သဘောမတူဘူး။
ကြွက်စုတ်။ ။ ဟုတ်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတဲ့ ကြွေးကြော်သံကို အသံကုန်ဟစ်နေပေမယ့် တကယ်က ကိုယ့်ကုလားထိုင်မြဲရေးပဲ ဖြစ်နေတာကိုး။
ရုက္ခစိုး။ ။ အေးကွ။ စည်းလုံးညီညွတ်ချင်တယ်ဆိုရင် တဖက်စီးနင်း မလုပ်ရဘူးလေကွာ။ အခုဟာက တဖက်သတ်ချည်း ဖြစ်နေတာကိုး။ အန်အယ်လ်ဒီကိုလည်း ထိပ်တိုက်ရင်ဆိုင်ရေး လုပ်နေတယ်လို့ အတင်းစွပ်စွဲနေတာပဲ။ အန်အယ်လ်ဒီက တွေ့ဆုံဆွေးနွေးမယ်ပြောတာကို ထိပ်တိုက်ရင်ဆိုင်ရေးဆိုတော့ မခက်ဘူးလား။
ဖိုးရှုပ်။ ။ ထိုင်းဘုရင်မင်းမြတ်မွေးနေ့ မတိုင်မီကတင် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်တို့ အုပ်စုကို နောက်ထပ် ရမန်တိုးလိုက်တယ် ကြားရတယ်။ ဒါဟာလည်း တိုင်းပြည်ညီညွတ်ရေးပျက်ပြားအောင် လုပ်တဲ့ လုပ်ရပ် မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ ခေါ်တုန်းကတော့ ဆွေးနွေးစရာရှိလို့ ဆိုပြီး အခုတော့ ရမန်တွေ ထပ်ယူတယ်ဆိုတော့။ ဘာလဲ ဖမ်းဆီးပြီဆိုတဲ့ သဘောလား။
ဖိုးရှုပ်။ ။ ကျနော်ကတော့ ဖမ်းပြီလို့ ယူဆတာပဲ။ ရမန်ယူနေပြီ ဆိုကတည်းက တရားစွဲတော့မယ်ဆိုတဲ့ သဘောပေါ့။
ကြွက်စုတ်။ ။ သြော် ထိုင်းနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းတယ်ဆိုပေမယ့် အနာဂတ် အလားအလာက ကြည်လင် ဝင်းပလို့။ ကျနော်တို့ ရွှေပြည်ကြီးမှာဖြင့် စစ်တပ်ကအာဏာသိမ်းတာ အနှစ် ၂၀ ပြည့်တော့မယ်။ အရပ်သားကို အာဏာလွှဲဖို့ ဆိုတာလည်း စိတ်တောင် မကူးတော့ဘူး။ အနာဂတ်ကို ကြည့်လိုက်တော့လည်း မည်းမှောင်နေတာပဲနော်။
ရုက္ခစိုး။ ။ စစ်တပ်ခေါင်းဆောင်တွေကလည်း အာဏာရှင်စိတ် ဝင်သွားတာကိုးကွ။ နေပါဦး ။ ကျောင်းသားခေါင်းဆောင် တွေကို ဘာဖြစ်လို့ အမှုဆင်နေတာလဲ။
ဖိုးရှုပ်။ ။ သေချာတာကတော့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်တို့ ဆိုတာက အခုလောလောဆယ်မှာ ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှုကို အခံရဆုံးသူတွေ ဖြစ်နေတယ်လေ။ နောက်ပြီး သူတို့က စစ်အစိုးရရဲ့ အာဏာတည်မြဲရေးလုပ်ရပ် တွေကို လက်မခံဘူးလေ။ အထူးသဖြင့် အမျိုးသားညီလာခံကို လက်မခံကြဘူးလေ။
ကြွက်စုတ်။ ။ နောက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြားဝင်မယ့်ကိစ္စမျိုးကိုလည်း မင်းကိုနိုင်တို့က မကန့်ကွက် ဘူးလေ။
ရုက္ခစိုး။ ။ ကိုယ်ထင်ရာလျောက်လုပ်ပြီး သူများကို အပြစ်တင်လို့ ဘယ်ဖြစ်ပါ့မလဲကွာ။ စစ်အစိုးရက သူအတင်းအုပ်ချုပ် နေတဲ့ နှစ်ပေါင်း ၁၈ နှစ်အတွင်းမှာ ပြည်သူလူထုအတွက် ဘာလုပ်ပေးသလဲ။ လမ်းဆောက်တာ တံတားဖောက်တာ မဟုတ်ဘူးနော်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဘာလုပ်ပေးသလဲ။
ဖိုးရှုပ်။ ။ ကျနော်သိသလောက်တော့ ပြည်သူလူထုရဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာရယ် အချင်းချင်း အဝေမတည့်လို့ ဖြုတ်ကြထုတ်ကြတာရယ် ဒါပဲ။
ရုက္ခစိုး။ ။ အေး။ ဒါနဲ့တောင် အန်အယ်လ်ဒီက တင်းမာလွန်းသလေး ဘာလေး ပြောနေကြသေးတယ်။ စစ်အစိုးရ ဘာမှ မလုပ်တာတော့ သူတို့က ဘာကြောင့် မဝေဖန်ကြသလဲ။
ဖိုးရှုပ်။ ။ ဟုတ်ကဲ့။ တချို့ ဒေါ်စုဘက်က တင်းမာလွန်းတယ် ပြောကြပါတယ်။ စစ်တပ်ဘက်က တင်းမာလွန်းတာတော့ မပြောဘူးခင်ဗျ။
ကြွက်စုတ်။ ။ ပြောလိုက်တာနဲ့ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားမှာပေါ့။
ဖိုးရှုပ်။ ။ သူတို့ ပြောတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီပါတီက ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို မစွန့်လွှတ် တော့ ဒီလို ရှေ့မတိုးနောက်မဆုတ်သာတဲ့ အနေအထားကို ရောက်နေတာတဲ့။ စွန့်လွှတ်လိုက်တာနဲ့ တိုင်းပြည်မှာ အပြောင်း အလဲတခုတော့ ဖြစ်မှာပဲတဲ့။
ရုက္ခစိုး။ ။ အင်း ပြောင်းလဲမယ်ဆိုတာတော့ ဟုတ်မှာပေါ့။ ဒါပေမယ့် အကောင်းဘက်ကို ပြောင်းမှာလား အဆိုးဘက်ကို ပြောင်းမှလား ဆိုတာက ဘယ်သူက အာမခံမှာလဲ။ တော်ကြာတော့ ပြည်သူလူထုက ရွေးကောက်ထားတဲ့ အန်အယ်လ်ဒီ အမတ်တွေကိုယ်တိုင် ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိတော့တဲ့ အတွက် စစ်တပ်ကပဲ နောက်ထပ် အနှစ်တရာ ဆက်အုပ်ချုပ်မယ်ဆိုရင် ဘယ်လို လုပ်မလဲ။
ကြွက်စုတ်။ ။ ကျနော်ဖြင့် အာမခံချက်ပေးမယ်ဆိုရင်တော့ မယုံချင်ဘူး။ ဗိုလ်ချုပ်ကြီးစောမောင်က ရွေးကောက်ပွဲမှာ အရွေးခံရတဲ့သူတွေက အခြေခံဥပဒေကို ဆွဲပြီးတာနဲ့ စစ်တန်းလျား ပြန်မယ် ပြောခဲ့တာပဲလေ။ နောက်ဆုံး သူပဲ အထုတ်ခံရတာ မဟုတ်လား။
ရုက္ခစိုး။ ။ တကယ်ကတော့ ကုလသမဂ္ဂလို အဖွဲ့ကြီးက ကြားဝင်ပြီးညှိတာကို လက်ခံရင်တော့ ဟုတ်တာပေါ့။ အခုဟာက ခင်ဗျားတို့ စစ်တပ်ကပဲ ဆက်အုပ်ချုပ်ကြပါတော့ခင်ဗျာလို့ ပြောမှ တိုင်းပြည်အပြောင်းအလဲဖြစ်မယ့် ပုံမျိုး။ သေချာတာ ကတော့ ဒီမိုကရေစီဘက်ကို ပြောင်းမှာတော့ မဟုတ်ဘူး။ မြောက်ကိုးရီးယားတို့လို စစ်တပ်နိုင်ငံအဖြစ်ပဲ ပြောင်းသွားမှာ။
ဖိုးရှုပ်။ ။ ကျနော်လည်း ဒီအတိုင်းပဲ မြင်တာပဲ။ လက်ရှိဗမာစစ်အစိုးရကို ဘက်ပေါင်းစုံက ထောက်ပံ့ပေးနေတဲ့ တရုတ် နိုင်ငံကြီးဟာ သူ့ပတ်ပတ်လည်မှာ ခံတပ်တိုင်းပြည်တွေကို လိုချင်နေတယ် မဟုတ်လား။
ကြွက်စုတ်။ ။ ဟ ဒါဆို ဒီအစိုးရ မြဲသွားလို့ကတော့ အားလုံး စစ်သားချည်း ဖြစ်ရတော့မှာပေါ့။
ဖိုးရှုပ်။ ။ ဟုတ်တာပေါ့။ အခုတိုင်းပြည်ကို တည်ဆောက်နေတဲ့ လက္ခဏာတွေဟာ စစ်တပ်နိုင်ငံတခုအဖြစ်ကို သွားနေတဲ့ပုံစံပဲ။
ရုက္ခစိုး။ ။ ဒီအစိုးရဟာ အမျိုးသားညီလာခံကို အယောင်ပြပြီး တကယ်သူလုပ်နေတာကတော့ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ဖို့ပဲဆိုတာတော့ အရင် တပ်မတော်နေ့က ပြောတဲ့ မိန့်ခွန်းနဲ့တင် ထင်ရှားပါတယ် ကွာ။
ဖိုးရှုပ်။ ။ ဒါပေမယ့် အခုတော့ ဝေဖန်သူတွေက ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်းမာလွန်းလို့ ဆိုတာချည်းပဲ ဝေဖန်နေတာတော့ တော်တော် ဆိုးလှသဗျာ။ အဲဒီထဲမှာ ပညာတတ်ဆိုသူတွေကလည်း ပါနေတာတော့ ပိုဆိုးသဗျ။
ရုက္ခစိုး။ ။ အေး ငါမြင်တာတော့ စစ်တပ်ခေါင်းဆောင်များဟာ ဘယ်တော့မှ ကတိမတည်သူတွေဆိုတာကို သူတို့ ထည့်မတွက်တာပဲလို့ ထင်တယ်။ အဲဒီ ကတိမတည်တာကို ဘာနဲ့ ကုစားမလဲ။
ကြွက်စုတ်။ ။ ဗိုလ်ချုပ်ကြီးများဟာ အလွန်တော် အလွန်ကောင်း။ ဆိုးတာဆိုလို့ လိမ်တတ်တာရယ် ကတိပေးတဲ့အတိုင်း ဘယ်တော့မှ မလုပ်တတ်တာရယ်ပဲ ရှိပါတယ်ခင်ဗျ။
ရုက္ခစိုး။ ။ မင်းမှာ သစ္စာ လူမှာကတိတဲ့။ သစ္စာမရှိတဲ့သူ ကတိမတည်တဲ့သူရဲ့ လက်ထဲကို တိုင်းပြည်တခုလုံး ပုံအပ်ဖို့ တွေးရဲတယ်ဆိုတော့ အဲဒီသူတွေက ဘယ်လိုလူတွေဖြစ်မလဲ။
ဖိုးရှုပ် + ကြွက်စုတ် ။ ။ စစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး ကောင်းစားနေတဲ့သူတွေကလွဲလို့ ဘယ်သူရှိပါမလဲ ခင်ဗျား။ ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |