ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၃၂)
ရန်ကုန်သားတာတေ
နေကလေးသာသည်နှင့် ရုက္ခစိုးသည် ထိပ်ဆုံးက ညောင်ကိုင်းသို့ တက်၊ အကျအနခွထိုင်ကာ မှန်ပြောင်းကို မြန်မာနိုင်ငံ ဘက်သို့ ချိန်ပြီး ညာမှ ဝဲသို့ရွှေ့လိုက် ဝဲမှ ညာသို့ ရွှေ့လိုက်၊ ရှေ့သို့တိုးလိုက် နောက်သို့ငင်လိုက်နှင့် နက္ခတ်ပညာရှင်လိုလို၊ စစ်မြေပြင်ရောက် တပ်မှူးလိုလို စတိုင်ထုတ်နေပါသည်။ ဆိုင်ကယ်အခိုးခံရသဖြင့် တောင်ပေါ်သို့ ခြေလျင်တက်လာရသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က ညောင်ရိပ်မှာ အမောပြေ ထိုင်ရင်း အသာစောင့်ကြည့်နေသည်။ ချင်းမိုင်ရုက္ခစိုးကတော့ မသိ။ ကြာတော့ စိတ်မရှည်နိုင်တော့ဘဲ ကြွက်စုတ်က ရုက္ခစိုးကိုခေါ်လိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုး.....ဘယ်လိုဖြစ်နေတာလဲ။ ဆွေမေ့မျိုးမေ့ ပတ်ဝန်းကျင်မေ့နဲ့ တော်ကြာ မေ့ပြီး အောက်လိမ့်ကျ နေဦးမယ်။ ကျနော်တို့ရောက်နေတာ ကြာလှပြီဗျ။
ဖိုးရှုပ်။ ။ ဟုတ်ပါ့ဗျာ....ဘာတွေများဒီလောက်ကောင်းလို့ အသည်းအသန်ဖြစ်နေတယ် မသိပါဘူး။ တန်တော့ ဗိုလ်ချုပ်ကြီးများအကြိုက် လှယဉ်ကျေးမယ်ပြိုင်ပွဲကို မှန်ပြောင်းနဲ့ ကြည့်နေတာပဲ ဖြစ်ရမယ်။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ယောက်က ညောင်ပင်ပေါ်မော့ပြီး အထေ့အငေါ့နှင့် ပြောလိုက်တော့မှ ရုက္ခစိုးက အောက်သို့ ငုံ့ကာ ...
ရုက္ခစိုး။ ။ အာ.....သာသနာဖျက်ကောင်တွေ။ ရုက္ခစိုးကို ဒီလိုပဲ မတော်မတည့်ပြောရမလား။ နေပြည်တော်ဘက်ကို လေ့လာနေတာကွ။ လှယဉ်ကျေးမယ်ကို မင်းဂျီးတော် မို့လို့ ကြည့်ရမှာလား။
ရုက္ခစိုးက အနှောင့်အယှက်ဖြစ်သွား၍ စိတ်တိုသည့်လေသံမျိုးဖြင့် ဖိုးရှုပ်တို့ နှစ်ယောက်ကို ပြန်ပက်ရင်း ညောင်ပင် အောက်သို့ ဆင်းလာသည်။
ကြွက်စုတ်။ ။ နေပြည်တော်မှာ ထူးခြားဖြစ်စဉ်တွေများဖြစ်နေလို့လား....လူအသေအပျောက် ရှိလား... ပျက်စီးဆုံးရှုံးတာ ရှိလား....ရှိရင်သတင်းဖြစ်ပြီ...ဖိုးရှုပ်ဆက်လိုက်လိမ့်မယ်။ ဒီကောင် အခုတလော သတင်းမတက်နိုင်လို့ အယ်ဒီတာမင်းက မကြည်ဘူးဖြစ်နေတာ။
ဖိုးရှုပ်။ ။ ဟာ....ဒီကြွက်အစုတ်ပလုပ်က တမျိုး ။ သတင်းလုပ်ချင်တာနဲ့ လူတွေ သေခိုင်းနေပြန်ပြီ။ ကဲပါ နေပြည်တော်ကို သဲသဲမဲမဲ ရှုစားနေရတဲ့ အကြောင်းရင်းလေး တဆိတ်လောက် ပြန်ပြောပါဦး။
ဦးရုက္ခစိုးတို့လို သိစပ်မြင်နှံ့တဲ့သူတွေ ဒီလောက် စိတ်ဝင်စားရင် သတင်းကတော့ ထူးလို့ နေမှာပဲ။
ဖိုးရှုပ်က ကြွက်စုတ်ကို ငေါက်လိုက်ရင်း ရုက္ခစိုးကို အပျော့ဆွဲလေသံနှင့် မသိမသာ ချော့မေးလိုက်သည်။ (ဂျာနယ်လစ်များ သတင်းလိုချင်ပြီဆိုလျှင် သမီးရည်းစားစကားပြောသည့်လေသံထက် ညက်သည်ကို သတိထားကြပါကုန်)။
ရုက္ခစိုး။ ။ ဟာ ထူးတာပေါ့ကွ။ နေပြည်တော်မှာ စိတ်ဝင်စားစရာတွေချည်းပဲ။ နေပြည်တော်ဟာ ဗမာပြည် အနာဂတ်ရဲ့ ဗဟိုချက်၊ ဆုံမှတ်တခုဆီကို ရှေးရှုဦးတည်နေတာ မင်းတို့ သိရဲ့လား။
ကြွက်စုတ်။ ။ အမယ်..ဗဟိုချက်တဲ့...ဆုံမှတ်တဲ့...ဗမာပြည်အနာဂတ်တဲ့။..ဒါ ဖိုးရှုပ်ပြောတဲ့ အတွေးတိုင်ကီသမားတွေရဲ့ လေသံပဲ။
ဖိုးရှုပ်။ ။ တော်ပါကွာ။ မနှိုင်းကောင်း မနှိုင်းရာ။ ဦးရုက္ခစိုးက ဒီလောက် မညံ့ပါဘူး။ ကြည့်ပါလား ဒွိုင်ဆူထေ့တောင်ပေါ်မှာ ညောင်ပင်တပင် အပိုင်စားရထားတာ။ ဘယ် စစ်အစိုးရနဲ့မှ ပေါင်းစရာမလိုဘဲနဲ့ ရထားတာကွ။
ဖိုးရှုပ်က ကြွက်စုတ်ကိုကြည့်ပြီး ရုက္ခစိုးကိုမသိမသာ မြှောက်ပြောလိုက်သည်။ ကြွက်စုတ်က မျက်ခုံးပင့်၍ ခေါင်းညိတ်ပြ သည်။ အင်း ဒီကောင်တော့ သတင်းနှိုက်တော့မယ်။
ဖိုးရှုပ်။ ။ ကဲပါ ဦးရုက္ခစိုးရယ်။ နေပြည်တော်က သတင်းထူးကလေးများ အစအနလောက် ဝေမျှပေးပါဦး။
ရုက္ခစိုး။ ။ အစအန မကပါဘူး မောင်ဖိုးရှုပ်ရယ်။ အစအဆုံးကို ပေးပါမယ်။ ဒီမှာ ဗမာပြည်ရဲ့အစဟာ နေပြည်တော်၊ အဆုံးဟာလည်း နေပြည်တော်ပဲ ဖြစ်ရတော့မယ်ကွ။ ဗိုလ်ချုပ်မှူးကြီးက ပလင်ချနေပြီ။ အဲဒါ မင်းသိလား။
ရုက္ခစိုးက သူသိထားသမျှကို အိတ်သွန်ဖာမှောက်ပြောမည့်ပုံနှင့် စကားကို အရှိန်ယူလိုက်သည်။
ကြွက်စုတ်။ ။ ပလင်ချတာကတော့ နန်းတော်ပြီးပြီးချင်း ချတာပဲ မဟုတ်လား။ မင်းမတရားကြီးထိုင်ဖို့လေ။
ဖိုးရှုပ်။ ။ ကြွက်စုတ်ကလည်းကွာ ဦးရုက္ခစိုးပဲ ပြောပါစေဦး။ ဦးရုက္ခစိုးခင်ဗျ...အခု ပလင်ဟာ ဘယ်သူ့တိုက်တွန်းနှိုးဆော် ချက်မှမပါဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ချတာဖြစ်ပါသလားခင်ဗျ..။
မကြာသေးခင်က ပြုလုပ်သွားသော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်တွင်းဂျာနယ်လစ်တဦး၏ မေးခွန်းမေးဟန်မျိုးဖြင့် ဖိုးရှုပ်ကမေးလိုက်သည်။ ရုက္ခစိုးက မျက်လုံးစွေကြည့်လိုက်ရင်း....
ရုက္ခစိုး။ ။ အိမ်း...အမေးရှိတော့လည်း အဖြေရှိရတာပေါ့...သူ့အသိစိတ်ဓာတ်နဲ့သူလုပ်တာ ဖြစ်တယ်၊ ဘယ်သူမှ သူ့ကို စွက်ဖက်လို့မရပါဘူး၊ အခု ဆိုရင် နေပြည်တော်ဝန်းကျင်မှာ သူ့အသိစိတ်ဓာတ်နဲ့သူ အတင်း အဓမ္မသိမ်းယူ ထားတဲ့ မြေကွက်လေးထောင်ကျော်ကို နေပြည်တော် ဖွံ့ဖြိုးစည်ပင်ရေးအတွက်ဆိုပြီး ဦးရာလူစနစ်နဲ့ ရောင်းချမယ်တဲ့....။
ဖိုးရှုပ်။ ။ ဘယ်လို ဖွံ့ဖြိုးစည်ပင်ရေးတွေအတွက်ဖြစ်ပါသလဲခင်ဗျ....။
ကြွက်စုတ်။ ။ မင်းကလည်းကွာ ဂျာနယ်လစ်ဖိုးရှုပ်လုပ်နေပြီး နုံလှပါလား။ ဈေးတွေ၊ ကုန်တိုက်တွေ၊ ကာရာအိုကေဆိုင်တွေ၊ ဘီယာဘားတွေ၊ နိုက်ကလပ်တွေဖွင့်ဖို့ ဖြစ်မှာပေါ့ကွ..။
ဤသို့ ကြွက်စုတ်က မှတ်ချက်ပေးသည်ကို ရုက္ခစိုးနှင့် ဖိုးရှုပ်ကသဘောတူ မတူ ပြန်လည် တုံ့ပြန်ခြင်းမရှိ။ အရှိန်ရနေပြီဖြစ်၍ ရုက္ခစိုးကဆက်ပြောသည်။
ရုက္ခစိုး။ ။ အိမ်း...ဒါတင်ဘယ်ကဦးမလဲ....နေပြည်တော်ကနေ စတင်ထွက်ခွာ...နေပြည်တော်မှာပင် ပြန်ဆုံးရမယ့် ရထားဘူတာကြီး အသစ်တခုကိုလည်း နေပြည်တော်မြို့တော်ကြီးမှာ တည်ဆောက်ဦးမယ်တဲ့..။
ဖိုးရှုပ်။ ။ သြော်...စောစောက ဦးရုက္ခစိုးပြောတဲ့ ဗမာပြည်ရဲ့အစဟာ နေပြည်တော်၊ အဆုံးဟာလည်း နေပြည်တော်ပဲ ဖြစ်ရမယ်ဆိုတဲ့ ပလင်ဟာ ဒီဘူတာကြီးလုပ်ဖို့ကိုပြောတာလား...
ရုက္ခစိုး။ ။ ဟုတ်တာပေါ့ကွာ။ ဒီ့မတိုင်မီက နိုင်ငံခြားထွက်မယ့် ဝန်ကြီးများ ထိပ်တန်းအရာရှိကြီးများဟာ နေပြည်တော်ကို အရင်လာပြီးမှ ရန်ကုန်ကို ပြန် ၊ ရန်ကုန်ကမှ ထွက်ခွာလိုတဲ့ နိုင်ငံကို သွားရသတဲ့ကွ။
ကြွက်စုတ်။ ။ မင်းမတရားကြီးက မှာစရာရှိတာ မှာဖို့နဲ့ တူပါတယ်။
ရုက္ခစိုး။ ။ အင်း ကြွက်စုတ် - ကြွက်စုတ်- တွင်းထဲချည်းပဲ မအောင်းနဲ့လကွာ။ အပြင်ထွက်ပြီး မျက်စိလေးလည်း ဖြဲကြည့် ပါဦး။ မင်းမတရားကြီးက အမှာပေးဖို့ မဟုတ်ဘူးကွ။ မယ်တော် ကြိုင်ကြိုင်က မှာတာကွ။ အခုလေးတင် ငါမှန်ပြောင်းနဲ့ ကြည့်နေတော့ နောက်ဖေးထမင်းစားခန်းထဲက ဝန်ကြီးတပါး ထွက်လာတာမြင်လိုက်တယ်ဟေ့။
ဖိုးရှုပ်။ ။ မင်းမတရားကြီးက ထမင်းစားခန်းထဲမှာ ရှိလို့များလားဗျာ။
ရုက္ခစိုး။ ။ ဘယ်ဟုတ်ရမှာလဲ။ မင်းမတရားကြီးက ခြံထဲမှာ သိုင်းဝတ္ထုဖတ်နေတာ ငါမြင်တယ်ကွ။
ဖိုးရှုပ်။ ။ ဒါဆိုရင် မယ်တော်ကြိုင်ကြိုင်က တော်တော် အရေးပါနေပြီပေါ့။
ရုက္ခစိုး။ ။ အရေးပါတာပေါ့ကွာ။ ဒါကြောင့်လည်း ဝန်ကြီးချုပ်စိုးဝင်းက ညည်းညူနေတာပေါ့။
ကြွက်စုတ်။ ။ ဝန်ကြီးချုပ်ကလည်း ညည်းရသတဲ့လား။ သူလုပ်ချင်တာ လုပ်နေရတဲ့ဟာ။
ရုက္ခစိုး။ ။ သူ့ထက် တန်ခိုးထက်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်တောင်မှ ထောင်နန်းစံရသေးတာကွာ။ သူလည်း ဘာမို့လို့လဲ။ ဒီလိုကွ သူညည်းတာက။ အခု သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူးတဲ့။ ဘာမှ ရာထူးရာခံ မရှိတဲ့သူနှစ်ယောက်က သူ့ထက်ကျောပြီး လုပ်နေလို့တဲ့။
ဖိုးရှုပ်။ ။ ဟုတ်လား ။ ဘယ်နှစ်ယောက်ပါလိမ့်ဗျာ။
ရုက္ခစိုး။ ။ မယ်တော်ကြိုင်ကြိုင်နဲ့ စီးပွားရေးသမားတေဇ တဲ့ကွ။ သူတို့နှစ်ယောက်က အခုဆိုရင် ဝန်ကြီးချုပ်ထက်ပိုပြီး ဓားထက်နေတယ်တဲ့။ ဒါကြောင့် နိုင်ငံခြားသွားမယ့် ဝန်ကြီးဝန်ကလေးများဟာ နေပြည်တော်ကိုလာပြီး မယ်တော်ကြိုင်ကြိုင် ကို တွေ့ရတာတဲ့။ စီးပွားရေးနဲ့ ဘဏ္ဍာရေး ကိစ္စများဆိုရင်လည်း တေဇနဲ့ပဲ အရင်တိုင်ပင်ရတယ်တဲ့။ ဝန်ကြီးချုပ်က နိုင်ငံခြားက ဧည့်သည်လေးဘာလေး အကြိုအပို့ လုပ်ရတာလောက်ပဲ လုပ်ရတော့တာတဲ့ကွ။
ဖိုးရှုပ်။ ။ ဒါဆိုတော့လည်း ညည်းထိုက်တာပေါ့ဗျာ။
ရုက္ခစိုး။ ။ နေဦး မပြီးသေးဘူး။ ဒေါ်ကြိုင်ကြိုင်က နေပြည်တော်မှာ လိုတာတွေပြော၊ တေဇက လိုက်လုပ်ပေးနဲ့၊ အခုဆိုရင် ဘူတာကြီးလည်း ဆောက်တော့မယ်၊ ရွှေတိဂုံမိတ္တူ ဥပ္ပါတသန္တိ စေတီတော်ကြီးလည်းဆောက်မယ် နောက်ပြီး အမျိုးသား စာကြည့်တိုက်ကြီးကိုလည်း ရွှေ့မယ် တိရစ္ဆာန်တွေလည်းရွှေ့မယ် နောက်ပြီး ....။
ကြွက်စုတ်။ ။ များလှချည်လား။ ရန်ကုန်တမြို့လုံးတော့ ကုန်တော့မှာပဲ။
ဖိုးရှုပ်။ ။ ဆက်ပြောပါဦး ဦးရုက္ခစိုး။ ဘာတွေ ရွှေ့ဦးမှာလဲ။
ရုက္ခစိုး။ ။ မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးလည်း ရွှေ့မယ်။
ဖိုးရှုပ်။ ။ ဟာဗျာ ဒါကြီးတော့ ဘယ်လို ရွှေ့မှာလဲ။
ရုက္ခစိုး။ ။ အေးပေါ့ ဒါကြီး ရွှေ့ရမယ်ဆိုလို့ ရန်ကုန်က မြူနီစပါယ်တွေ ခေါင်းကိုက်နေတယ်တဲ့။ နောက်ဆုံးတော့ ဒီလောက်ကြီးတဲ့ ကျောက်တိုင်ကြီးကို မပျက်မစီးရွှေ့ပြောင်းနိုင်တဲ့ နည်းစနစ် မရှိသေးပါဘူးလို့ အစီရင်ခံစာ ရေးလိုက် တယ်တဲ့။ ဒါကြောင့် တေဇက ဒီကျောက်တိုင်ကြီးရွှေ့ဖို့ကိစ္စအတွက် နိုင်ငံခြားက ကုမ္ပဏီတွေကို လိုက်ပြီး စုံစမ်းနေတယ် ဆိုပဲ။
ဖိုးရှုပ်။ ။ ဒါဆိုရင်တော့ နေပြည်တော်က စပြီး နေပြည်တော်မှာ ဆုံးမယ် ဆိုတဲ့ စကားအစား ကြိုင်ကြိုင်နဲ့ စပြီး တေဇနဲ့ ဆုံးတယ်လို့ ပြောရတော့မှာပေါ့။
ရုက္ခစိုး။ ။ အေးဒါကြောင့် ကြိုင်ကြိုင်နဲ့စ တေဇနဲ့ဆုံး တိုင်းပြည်ပြုတ်ပြုတ်ပြုန်းလို့သာ စာစပ်လိုက်ချင်တော့တာပဲ မောင်ဖိုးရှုပ်တို့ရေ။ ။
[Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်) |