#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၃၁)
ရန်ကုန်သားတာတေ

ရုံးပိတ်ရက်နှင့် တိုးသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စောစောစီးစီး တောင်ပေါ်ရောက်နေသည်။ ရုက္ခစိုးကလည်း ဒွိုင်ဆူထေ့တောင်ပေါ်ရောက် ဘုရားဖူးများထံမှ လှူဒါန်းခဲ့သည့် မုန့်ပဲသွားရေစာလေးများကို သူကောင်းသားနှစ်ယောက်အား ကျွေးရင်း မြန်မာပြည်သတင်းများကို မေးနေသည်။

ရုက္ခစိုး။    ။  အခုတလော မြန်မာသတင်းစာတွေ ကြည့်လိုက်ရင် ဆန်တွေ ဈေးသက်သက်သာသာနဲ့ ရောင်းပေးနေတဲ့ သတင်းတွေပဲ ဖတ်နေရပါလား။

ကြွက်စုတ်။    ။  ဘာလဲ ဦးရုက္ခစိုးက သွားပြီး တန်းစီတိုးစားလုပ်ချင်နေလို့လား။

ဦးရုက္ခစိုး။   ။ မဟုတ်ပါဘူးကွာ။ တို့ မြန်မာနိုင်ငံသားတွေ ဘ၀ဆိုးတဲ့အကြောင်း စဉ်းစားမိလို့ပါ။

ကြွက်စုတ်။   ။ ဘာဆိုးလို့လဲ။ ဆန်တပြည် ၄၀၀ကျပ် နဲ့ လွတ်လွတ်လပ်လပ်တန်းစီပြီး ဝယ်နိုင်နေတာပဲ။ ဒီ့ထက်ကောင်းဦးမလား။

ဦးရုက္ခစိုး။   ။ အော် မင်းက လွတ်လွတ်လပ်လပ် ဝယ်တာကိုပဲ ပြောနေတာကိုး။ ရောင်းတဲ့သူက လွတ်လွတ်လပ်လပ်ရောင်းတာ ဟုတ်ရဲ့လား ဆိုတာလည်း ထည့်စဉ်းစားပါဦးမောင်ကြွက်စုတ်ရဲ့။

ဖိုးရှုပ်။   ။ ဦးရုက္ခစိုးပြောတာ သိပ်ဟုတ်တယ်ကွ ကြွက်စုတ်ရ။ ကုန်သည်တွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး အတင်းအကျပ်ဈေးချခိုင်းလို့ အရှုံးခံပြီးရောင်းနေတာလို့ ပြောတယ်။

ဦးရုက္ခစိုး။   ။ ဆန်ရောင်းတဲ့ကုန်သည်တွေကို ပြန်ပေးဆွဲသလိုဆွဲပြီး အမိန့်အာဏာနဲ့ ရောင်းခိုင်းဝယ်ခိုင်းနေတော့ သူတို့ပြောပြောနေတဲ့ လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ဆိုတာက ဘယ်မှာလဲကွ။

ဖိုးရှုပ်။   ။ ဟားဟား ဦးရုက္ခစိုးရယ်။ စစ်အာဏာရှင်စနစ်အောက်မှာ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ဘယ်လိုရှိနိုင်ပါ့မလဲ။ ဈေးတက်စီးပွားရေးစနစ်ပဲ ရှိမယ်။ ကြည့်ပါလား စစ်အစိုးရအာဏာယူပြီးတဲ့နောက် ဈေးတွေ တက်လာလိုက်တာ ဆန်ကောင်းကောင်းဆိုရင် တပြည် တထောင်ကျော်နေပြီ မဟုတ်လား။သူတို့ အာဏာမရင်ခင်တုန်းက တပြည်မှ တဆယ်ကျော်လောက်ရှိတာ။ ဘာတဲ့ ဆန်တပြည်ဆယ့်ခြောက်ကျပ် စိန်လွင့်ခေါင်းကိုဖြတ် လို့တောင် ၈ လေးလုံးတုန်းက အော်ခဲ့သေးတယ် မဟုတ်လား။

ကြွက်စုတ်။   ။ မင်းကလည်း လခတွေလည်း တိုးပေးတာတော့ မပြောဘူး။

ဖိုးရှုပ်။   ။ ကြွက်စုတ်ရေ ကမ္ဘာ့လူအကြီးများအသင်းကို ဝင်ပါလား။ မင်းနေရာကောင်းကောင်းရနိုင်တယ်။ ဒီမှာကွ  လခတိုးပေးတယ်ဆိုတာက အစိုးရဝန်ထမ်းတွေကိုပဲ ပေးတာကွ။ အရပ်သူအရပ်သား လက်လုပ်လက်စားက ဝင်ငွေတိုးဖို့နေနေသာသာ လုပ်စရာအလုပ်တောင် မရှိလို့မှ။ ဒါကြောင့် သက်သာဆန် ရောင်းပေးတဲ့ နေရာမှာ အလုပ်ပျက်အကိုင်ပျက် အိပ်ရေးပျက်ခံပြီး တန်းစီတိုးနေရတာကွ။

ရုက္ခစိုး။   ။ ဦးနေဝင်းရဲ့ မဆလခေတ်တုန်းကလည်း တန်းစီတိုးစား၊ စီးပွားရေးလည်း အလွန်တိုးတက် သဘာဝဓာတ်ငွေ့တွေလည်း အလွန်ရောင်းကောင်းနေပြီဆိုတဲ့ နအဖခေတ်မှာလည်း တန်းစီတိုးစား။ ဒါကြောင့် တို့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝကို ဆိုးတယ်လို့ ပြောနေရတာပေါ့ကွာ။ ဘယ်တော့များမှ လူတန်းစေ့စေ့ ဂုဏ်သိက္ခာရှိရှိ နေရပါ့မလဲ။

ကြွက်စုတ်။    ။ ဒီလို နေနိုင်ဖို့အတွက် နအဖအစိုးရက အစွမ်းကုန် ကြိုးစားနေတာပဲ မဟုတ်လား။
အဖျက်အမှောင့်သမားတွေကြောင့် ဒီလောက် ကြန့်ကြာနေရတာဆို။

ဖိုးရှုပ်။   ။အင်း အဖျက်အမှောင့်လို့ ပြောပြီး ဖမ်းထားတာကလည်း ထောင်ကျော်နေပါပြီကွာ။ အန်အယ်လ်ဒီအမတ်တွေလည်း ကုန်သလောက်ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း အဖမ်းခံရတာ အခုထက်ထိ မလွတ်သေးပါဘူး။  

ရုက္ခစိုး။   ။ အေးကွ အာဏာရတဲ့ ၁၈ နှစ်တာကာလတလျောက်လုံး လုပ်ချင်သလို လုပ်နေရတဲ့ ကြားထဲက ဟိုလူ့လက်ညှိုးထိုးလိုက်။ ဒီတိုင်းပြည်လက်ညှိုးထိုးလိုက်။ တိုင်းသူပြည်သားတွေကသာ ထမင်းလေးတလုပ် စားရဖို့အရေး ညံ့ပေ့ဆိုတဲ့ဆန်ကို တိုးဝှေ့ဝယ်နေရတာ။ သူတို့ကဖြင့် နေပြည်တော်မှာ ငြိမ့်လို့။

ဖိုးရှုပ်။   ။ ဟုတ်ပ့ါခင်ဗျာ။ အခုဆိုရင် မင်းမတရားကြီးဟာ နေပြည်တော်မှာ ပျော်ရွှင်စံလို့ ရန်ကုန်ကို မလာတော့ဘူးတဲ့။ ပင်ပန်းတော်မူလို့တဲ့။ ပြောရဦးမယ်။ ရွှေတိဂုံဘုရားတောင် ရန်ကုန်လာပြီး မဖူးရတော့အောင် နေပြည်တော်မှာ ရွှေတိဂုံပုံစံတူ စေတီကြီးတဆူ တည်ဖို့တောင် ပြင်နေပြီတဲ့ဗျ။

ကြွက်စုတ်။   ။ ရွှေတိဂုံက ရွှေပြားတွေ စိန်ဖူးတွေများ နေပြည်တော်ကို ရွှေ့သွားမလား မသိဘူးနော်။

ရုက္ခစိုး။    ။ အင်း ဒီစစ်အစိုးရက ပြောလို့တော့မရဘူး။ ဟိုရွှေ့ဒီပြောင်းလုပ်ရင်း အမြတ်ထုတ်တဲ့ အကျင့်က ပါနေပြီဆိုတော့ နေပြည်တော်က စေတီကို အယောင်ပြပြီး သူတို့အိတ်ကပ်ဖောင်းအောင် လုပ်ဦးမှာပဲ။ ရန်ကုန်ရွှေတိဂုံတော့  ကုန်ဖို့သာ ပြင်ပေရော့ပေါ့ကွာ။

ဖိုးရှုပ်။   ။ ဟိုဟာဒီရွှေ့ ဒီဟာဟိုပြောင်း ငါတို့ အိတ်ကပ်ဖောင်း လို့တောင် စာချိုးရမလို ဖြစ်နေပါပြီဗျာ။ ရန်ကုန်သူ ရန်ကုန်သားတွေကို တောင်ဒဂုန်မြောက်ဒဂုန်ပြောင်းရာကနေ ဟော အစိုးရဌာနအားလုံး ကြက်ပြေးပြောင်းမယ် ဆိုပြီး လုပ်ခဲ့တာပဲ မဟုတ်လား။ လောလောဆယ်တော့ အမျိုးသားစာကြည့်တိုက်ကို နေပြည်တော်ပြောင်းမယ် ဆိုပြီး လုပ်နေပြန်ပြီလေ။ 

ကြွက်စုတ်။   ။ နေပြည်တော်မှာက  တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ ရှိတာကိုး။ ဒီလို ပုဂ္ဂိုလ်တွေက စာအုပ်စာတမ်း လိုတယ် မဟုတ်လားကွ။

ဖိုးရှုပ်။   ။ ထပ်သရီး။ ဒီလူတွေလား စာဖတ်မှာ။ အမျိုးသားစာကြည့်တိုက်နေရာကို ရောင်းစားဖို့ကွ။ သန်းပေါင်းတသောင်းနဲ့ ရောင်းမှာတဲ့။

ရုက္ခစိုး။   ။ အင်း ပညာရွှေအိုးကြီးတအိုးတော့ လူခိုးခံရတော့မယ့်ကိန်းပါလား။ အများပြည်သူ
အသိဉာဏ်ဖွံ့ဖြိုးဖို့အတွက် စာကြည့်တိုက်ပေါင်းထောင်နဲ့ချီပြီး ဖွင့်နေတယ်ဆို။ အခုတော့ တကယ့်စာကြည့်တိုက်ကြီးကို ပိတ်တော့မှာပေါ့ ဟုတ်လား။

ဖိုးရှုပ်။   ။ ကောင်းတာမှန်သမျှတော့ အပိတ်ခံရမှာပဲ ဦးရုက္ခစိုးရေ။

ကြွက်စုတ်။   ။ အလှူအတန်းတွေတော့ မပိတ်ပါဘူးကွ။ ကြည့်ပါလား နေ့စဉ်သတင်းစာမှာဆိုရင် လှူတာတန်းတာတွေ ပြည့်လို့။ မြန်မာပြည်အတွက်တင် လှူတာ မဝလို့ ဗုဒ္ဓဂါယာအတွက်တောင် လှူနေတာ။

ဖိုးရှုပ်။   ။ ဒါဆိုရင် ဟိုတနေ့က ရန်ကုန်သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းမှာ လုပ်တဲ့အလှူကို ဘာကြောင့် ကပျက်ယပျက် လုပ်သလဲ။ ကောင်းတာလုပ်တာတောင်မှ ကိုယ်ပဲလုပ်ချင်တယ် သူများတော့ လုပ်ခွင့် မပေးနိုင်ဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား။ ဒါဆိုရင် သူတို့ကောင်းတာလုပ်တယ်ဆိုတာ သူတပါးကောင်းစေချင်လို့မဟုတ်ဘဲ ကိုယ်နာမည်ကြီးချင်လို့ ဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။   

ရုက္ခစိုး။   ။ အေးကွ အဲဒီအလှူက ကိုယ်ခံအားကျဆင်းတဲ့ရောဂါဝေဒနာကို ခံစားနေရတဲ့သူတွေနဲ့ အိတ်ခ်ျအိုင်ဗီပိုး  စွဲကပ်နေသူတွေ လုပ်တဲ့ အလှူဆိုပဲ။ ဝေဒနာသည်တွေ ဆိုတော့ ပိုပြီးတော့တောင် အကူအညီပေးသင့်တာ မဟုတ်လား။ ဘာဖြစ်လို့ နှောက်ယှက်ရတာတဲ့လဲ။

ဖိုးရှုပ်။   ။ အဓိကကတော့ ဒီအလှူပွဲကို အန်အယ်လ်ဒီအဖွဲ့ဝင်တွေက အကူအညီပေးလို့တဲ့ဗျာ။ နောက်ပြီး ဖိတ်စာထဲမှာ  ဖဲကြိုးနီများ ဆိုတဲ့ အသုံးအနှုန်းကိုလည်း သံသယဝင်တဲ့အတွက်ကြောင့်လို့ ပြောပါတယ်။

ကြွက်စုတ်။   ။ ဖဲကြိုးနီ ဆိုတော့ ကွန်မြူနစ်တွေလို့ ထင်လို့မှန်းမှ မသိတာ။ အနီဆိုတာက လက်ဝဲသမားတွေ အသုံးများတဲ့  စကားလုံးမဟုတ်လား။

ဖိုးရှုပ်။   ။ ခေတ်က ပြောင်းနေပါပြီကွာ။ ကွန်မြူနစ်လို့ စွပ်စွဲပြီး နာမည်ဖျက်တဲ့ခေတ်က ကုန်သွားပါပြီ။
တကယ်တော့ ဖဲကြိုးနီဆိုတာက အေ့ဒ်စ်ဝေဒနာသည်တွေအတွက် သင်္ကေတပါကွာ။

ရုက္ခစိုး။   ။ အင်း မင်းပြောတော့ ၈လေးလုံးအရေးအခင်းပြီးကာစမှာ သမဂ္ဂ ဆိုတဲ့ စကားလုံးကြောင့် အဖမ်းခံရတာကို သတိရမိတယ်။

ကြွက်စုတ်။   ။ သမဂ္ဂ ဆိုမှတော့ ဖမ်းမှာပေါ့ဗျ။ ၈လေးလုံးအရေးအခင်းမှာ သမဂ္ဂတွေပဲ ဦးဆောင် လှုပ်ရှားခဲ့တာမဟုတ်လား။

ရုက္ခစိုး။    ။ ဆုံးအောင်လည်း နားထောင်ပါဦး မောင်ကြွက်စုတ်ရယ်။ အဲဒီတုန်းက ရန်ကုန်မန္တလေး ကားလမ်း ပေါ်မှာ စစ်ဆေးရေးဂိတ်တွေ ရှိတယ်ကွ။ အဲဒီမှာ ကားလေးတစင်းကို ရပ်ခိုင်းပြီးစစ်တော့ ကားထဲမှာ ဆေးပစ္စည်းတွေ တွေ့တယ်တဲ့။ ဒါနဲ့ ဒီဆေးတွေက ဘယ့်သူ့ဆေးတွေလဲ လို့မေးတော့ ကားပေါ်ပါလာသူက ဒါဟာ ကုလသမဂ္ဂရဲ့ ဆေးတွေပါလို့  ပြန်လည်းဖြေလိုက်ရော ဖမ်းတော့တာပဲတဲ့။ သူ့အထက်အရာရှိက  သမဂ္ဂဆိုရင် ဖမ်းလို့ ပြောထားတယ်ဆိုကိုး။

ဖိုးရှုပ်။   ။ ဟားဟား  သမဂ္ဂ ဆိုတဲ့စကားလုံးကို ကြောက်တာရယ်  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူခံရမှာကို ကြောက်တာရယ် ပေါင်းပြီး ကုလသမဂ္ဂ ဆိုတဲ့စကားလုံးကို ပြောင်းပစ်ဦးမှာတော့ မြင်ယောင်သေးတော့ဗျာ။   ။ [Top]
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.