#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၂၉)
ရန်ကုန်သားတာတေ

ချင်းမိုင်မြို့၏ ကောင်းကင်တခုလုံး မဲမဲညိုနေ၏။ မြို့ပတ်လည်ကို ၀န်းရံထားသော တောင်များလည်း တိမ်ဖုံးနေသည်။ မိုးကလည်း ၃ - ၄ ရက် ဆက်တိုက်ရွာနေသည်။ အတောမသတ်နိုင်သောမိုးနှင့်အတူ ဒေသတွင်း ရေလွှမ်းသည့်သတင်း များလည်း တောက်လျှောက်ကြားနေရသည်။ ချင်းမိုင်က အချို့ရပ်ကွက်များပင်လျှင် ရေကြီးနေကြောင်း ပါးစပ်သတင်း များအရ သိရသည်။ အကယ်၍များ တမြို့လုံးရေလွှမ်းခဲ့လျှင် ဒွိင်ဆူထေ့တောင်က ရုက္ခစိုးစံမြန်းရာ နတ်ကွန်းမှာ ယာယီခိုလှုံရန် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦး အခန်းအောင်း၍ တိုင်ပင်နေကြစဉ် …

ဖိုးရှုပ်။   ။ အိုး .. ဦးရုက္ခစိုးပါလား။ အသံမပေး ဘာမပေးနဲ့ ဘယ်အချိန်ကတည်းက ရောက်နေတာလဲဗျ။ လက်ထဲမှာလဲ စီဒီချပ်တွေနဲ့။ မိုးတွေတောက်လျှောက်ရွာနေလို့ တိုင်းခန်းမလှည့်နိုင်တဲ့ ကျွန်တော်တို့အတွက် ရုပ်ရှင်တွေ ယူလာပေးတာ မဟုတ်လား။

ကြွက်စုတ်။   ။ အဲသလို အလိုက်သိတာတွေကြောင့် ဒီရုက္ခစိုးကြီးကို ..

ရုက္ခစိုး။   ။ တော်ကွာ … တော်ကြ။ ကောင်းကောင်းနားထောင်ကြ ဒီမှာ ထောင်တန်တဲ့စကား ပြောမလို့ကွ။

ဖိုးရှုပ်။   ။ ထောင်တန်တဲ့စကားဆိုရင်တော့ပြောဗျာ။ ထောင်ထဲကစကားဆိုရင်တော့ မပြောနဲ့တော့။ အေအေပီပီ ကထုတ်ထားတဲ့ စာအုပ်တွေ၊ စီဒီတွေနဲ့တင် လုံလောက်နေပြီ။

ရုက္ခစိုး။   ။ ထားပါတော့လေ။ အခုပဲ ညဈေးကနေ ဒီဗီဒီ ရုပ်ရှင်တွေဝယ်လာတယ်ကွ။ မင်းတို့နဲ့အတူ ကြည့်ရအောင်
ဝယ်လာတာ။

ကြွက်စုတ်။   ။ ဘာရုပ်ရှင်တွေလဲဗျ ဦးရုက္ခစိုးရ။ မဟုတ်မဟတ်တွေတော့ မကြည့်ကြပါနဲ့ဗျာ။ အော်ဂလီဆန်လွန်းလို့ပါ။

ရုက္ခစိုး။   ။ အောင်မလေး ကြွက်စုတ်ရယ်။ မင်းကပဲ ပြောရတယ်ရှိသေး။ ဒီမှာ ငါယူလာတာ မင်းပြောတာတွေမဟုတ်ဘူး။ စစ်ကားကွ စစ်ကား။ စစ်ကားတောင်မှ ရိုးရိုးစစ်ကား မဟုတ်ဘူးမောင် .. မြန်မာပြည်ကို ၀င်ကယ်မယ့် ရန်ဘိုရဲ့ စစ်ကား တွေကွ။ အဲ ဒါပေမယ့် ကားအဟောင်းတွေကွ။ မြန်မာပြည်ကို တကယ်ဝင်တဲ့ကားကတော့ အခုမှ ရိုက်ဖို့ ပြင်ဆင်တုန်း ရှိသေးတယ်။

ကြွက်စုတ်။   ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ အခုလို ဟောလိဝုဒ်စတားတယောက်က မြန်မာကိစ္စကို နောက်ခံထားပြီး အက်ရှင်ကား ရိုက်မှာဆိုတော့ ကျုပ်တို့ဆီကစစ်ဗိုလ်တွေ နယ်စပ်နဲ့ တောရွာတွေမှာ ဘယ်လောက်တောင် ဗိုလ်ကျ၊ တန်ခိုးပြကြနေသလဲ ဆိုတာ တလောကလုံး သိကြတော့မှာပေါ့ဗျာ။ ပြောမယ့်သာ ပြောရတယ်။ ဒီကားထွက်လာရင် မြန်မာပြည်သူတွေ ကြည့်ခွင့်မှ ရပါ့မလားဗျာ။ ပိတ်မှာတော့ အတိအကျဘဲ။

ဖိုးရှုပ်။   ။ ကြွက်စုတ်ရယ် တိုးတက်နေတဲ့ အိုင်တီခေတ်ကြီးထဲမှာ ဒီလောက်အထိလဲ အတွေးမခေါင်စမ်းပါနဲ့။ သူ့နည်းသူ့ဟန် နဲ့တော့ ဒီရုပ်ရှင် ပြည်တွင်းကို ရောက်မှာပါကွ။ “သူ့ကျွန်မခံပြီ” ကြည့်နေတာ မဟုတ်တော့လည်း တိုးတိုးတိတ်တိတ်တော့ ကြည့်ရမှာပေါ့လေ။

ရုက္ခစိုး။   ။ ဖိုးရှုပ်ပြောတာ ဟုတ်တယ်ကွ။ တို့ပြည်သူတွေ ဒီကားမကြည့်ရမှာတော့ မပူနဲ့ကွ။ ငါစဉ်းစားနေတာက လက်ရှိ နအဖ စစ်သားတွေရဲ့ အရည်အသွေး ဘယ်လောက်ရှိသလဲ၊ တကယ်တမ်းအပြင်မှာသာ ရမ်ဘိုလို စွမ်းတဲ့စစ်သားမျိုးနဲ့ ဗိုလ်သန်းရွှေရဲ့ စစ်သားတွေ တွေ့ကြပါပြီတဲ့ … အခြေအနေ ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းကြည့်ကြစမ်းကွာ။

ရုက္ခစိုး၏ စကားကိုကြားသော် ကြွက်စုတ်နှင့် ဖိုးရှုပ်တို့ စစ်ဘက်ဆိုင်ရာ အိပ်စပတ်တို့၏၊ မျက်နှာပေးမျိုးပေးပြီး လေးနက်ချင်ယောင်ဆောင်နေကြသည်။ ၎င်းတို့နှစ်ဦးစလုံး မျက်မှောင်ကို ကြုတ်ထားကြသည်။ ထို့နောက် ကြွက်စုတ်က စတင်၍ …

ကြွက်စုတ်။   ။ အဟမ်း … နအဖ ခေါင်းဆောင်တွေကတော့ သူတို့စစ်တပ်ကို တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေး စတဲ့ စွမ်းရည်သုံးမျိုးနဲ့ ပြည့်ဝတဲ့တပ်လို့ ကြွေးကြော်နေကြတာပဲ။ အဟမ်း … အခု ကျွန်တော်တို့ ဆွေးနွေးတဲ့ အကြောင်းအရာက တိုက်ခိုက်ရေးစွမ်းရည် ဆိုတော့ .. အဟမ်း .. အဟမ်း ..

ရုက္ခစိုးနှင့် ဖိုးရှုပ်တို့မှာ ကြွက်စုတ်၏ အပြုအမူများကိုကြည့်ပြီး အတော်အမြင်ကတ်နေကြပြီ ဖြစ်သည်။ သည်းမခံနိုင်သည့်အဆုံး ဖိုးရှုပ်က

ဖိုးရှုပ်။   ။ ဟိုစွမ်းရည်တွေ၊ ဒီစွမ်းရည်တွေ လုပ်မနေနဲ့ ကိုယ့်လူ။ လက်နက်အားကိုးပြီး ရပ်တည်နေတာ ကျန်တာတော့ ဘာဆိုဘာမှ မရှိတဲ့စစ်တပ်။ မိတ်ဆွေတယောက်ပြောတာတော့ နအဖ စစ်တပ်က ရှေ့တန်းမှာတိုက်ပွဲဖြစ်ရင် တပ်ကြပ်ကြီး တွေဟာ တိုက်ပွဲကို ကွပ်ကဲဖို့နေနေသာသာ ပါလာတဲ့ ကလေးစစ်သားတွေ လိုက်ထိန်းနေရတာနဲ့တင် ပြီးနေတာပဲတဲ့။ နောက်ပြီး အတွေ့အကြုံလည်းရှိ တကယ်အတိုက်အခိုက်လည်းကောင်းတဲ့ စစ်သားဟောင်းကြီးတွေကလည်း စိတ်ညစ်လို့ တပ်ကထွက်ကုန်ကြပြီ ဆိုပဲ။

ကြွက်စုတ်။   ။ ဟုတ်တယ်ဗျ။ ဒီနေ့ခေတ် စစ်ဗိုလ်လူတန်းစားဆိုတာကလည်း တောထဲသွား စစ်တိုက်ဖို့ နေနေသာသာ စစ်တန်းလျားကိုတောင် ဘယ်လမ်းကသွားရမယ်ဆိုတာ သိကြပုံ မပေါ်ဘူး။ တွေ့လိုက်ရရင် မြို့ပေါ်မှာပဲ မဟုတ်လား။

ရုက္ခစိုး။   ။ ဒီအတိုင်းသာဆိုရင် ရန်ဘိုတယောက်တော့ တောထဲမှာ ကလေးထိန်း .. အဲအဲ ကလေးတွေနဲ့ စစ်တိုက်ရဦး မှာပေါ့။ ဟားဟား …။

ဖိုးရှုပ်။   ။ စစ်ဗိုလ်တွေ မြို့မှာနေတယ်ဆိုလို့ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်ခဲ့ကြတဲ့  နယ်စပ်က စစ်ဗိုလ်တချို့လည်း မြို့ထဲဝင်ဖို့ စီစဉ်နေလို့ ကြားတယ်။ ဦးရုက္ခစိုး ဘာများကြားထားသေးလဲ။

ရုက္ခစိုး ။   ။ ဟုတ်လား။ ငါတော့ မကြားမိသေးဘူး။ မင်းပြောတဲ့အတိုင်းဆို ရန်ဘိုမလာခင်မှာကို ပွဲကြီးပွဲကောင်း ကြည့်ရအုန်းမှာပေါ့။ သူတို့က အင်အားဘယ်လောက်နဲ့ ဘယ်မြို့ကို ၀င်တိုက်ကြမှာလဲ။

ရုက္ခစိုး စကားကြောင့် သူကောင်းသားနှစ်ယောက်၏ မျက်နှာများ ရှုံ့မဲ့သွားသည်။

ကြွက်စုတ်။   ။ ဦးရုက္ခစိုးရယ် ပြောလိုက်မှဖြင့် တလွှဲ။ သူတို့က စစ်တိုက်ဖို့ သွားမှာ မဟုတ်ဘူးခင်ဗျ။ စေ့စပ်ဖို့ဗျ၊ စေ့စပ်ဖို့။ မဲဆောက်တို့ မြ၀တီတို့မှာတောင် တရားဝင်ဆိုလား၊ တရားမ၀င်တ၀င်ဆိုလား တွေ့နေကြပြီတဲ့ဗျ။ ဒါပေမဲ့ နိုင်ငံရေးကို ဇောင်းပေးလုပ်တဲ့အုပ်စုကတော့ လက်ခံမယ့်ပုံ မပေါ်ဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာတော့ စောင့်ကြည့်ကြပေါ့ဗျာ။

ရုက္ခစိုး ။   ။ ဒါဆို နယ်စပ်မှာလည်း အခြေအနေတွေက ကမောက်ကမတွေ ဖြစ်ကြအုန်းမှာပေါ့။ တကယ်ဆို ဟိုအရင် မြို့ပေါ်တက်သွားတဲ့ အုပ်စုတွေကို နမူနာ ယူဖို့ကောင်းတယ်။ သူတို့တွေ နအဖ နဲ့စေ့စပ်ခဲ့ကြပြီး နောက်ပိုင်းမှာ တကယ်တမ်း ဘာတွေများ မယ်မယ်ရရ လုပ်နိုင်ကြလို့တုန်း။

ဖိုးရှုပ် ။   ။ သြော် … အ ပါ့ ဦးရုက္ခစိုးရယ် အ ပါ့။ မြို့ပေါ်မှာ လုပ်ကွင်း၊ လုပ်ကွက်တွေမှ အများကြီးခင်ဗျ။ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ချင်သလား၊ အင်ပို့ အိတ်စပို့ လုပ်မလား ရသေးတယ်။ ဒါမှမဟုတ် ဘဏ်လုပ်ငန်း၊ သစ်လုပ်ငန်း … နာမည်လေး နဲနဲပိုအပျက်ခံနိုင်လို့ကတော့ ယာမတို့ ယာဘတို့ လုပ်စရာတွေ အများကြီးပါ။ တခါတလေတော့လည်း အမျိုးသားညီလာခံလေး ဘာလေးလည်း တက်ခွင့်ရမှာပေါ့လေ။ ဘယ်လောက်များ အေးချမ်းလိုက်တဲ့ ဘ၀လဲ။

ရုက္ခစိုး။   ။ မင်းဟာတွေကလည်း တခုမှ ကောင်းတာ မပါပါလား ဖိုးရှုပ်ရာ။

ဖိုးရှုပ်။   ။ ဒါတော့ ဦးရုက္ခစိုးရယ် လောကကြီးမှာ အကောင်းနဲ့ အဆိုး နှိုင်းယှဉ်ကြည့်ရင် ကောင်းကွက် ဆိုတာမျိုးက  ရှာမှရှားကိုး။

ရုက္ခစိုး။   ။ အင်း ဒီအတိုင်းသာ သွားနေကြလို့ကတော့ တို့နိုင်ငံအရေးက ရွှေပြည်တော် မျှော်လေတိုင်း ဝေးရအုန်းမှာပေါ့။ ဖိုးရှုပ်နဲ့ ကြွက်စုတ်တို့ရေ .. ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးကွ။ ဘယ်သူတွေ ဘယ်လိုပဲ သဘောထားတွေ ပြောင်းပြောင်း ကိုယ့်ဘက်က အရောင်မပြောင်းစေနဲ့ကွ။

ဦးရုက္ခစိုးသည် အလွမ်းသမားတို့၏လေဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား အကြံပေး သလိုလို၊ ဆုံးမသလိုလို ပြောဆိုရင်း အုံ့ဆိုင်းမှိုင်းဝေနေသော ကောင်းကင်ကြီးထဲတွင် မြန်မာပြည်ဘက်သို့ တရွေ့ရွေ့ လွင့်မျောနေသော တိမ်ညိုညိုတို့အား ငေးမောနေလေသည်။     ။ [Top]

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.