#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

စာအုပ်ဝေဖန်ချက်
ကြွက်တွင်းဆီသို့ ခရီးသည်

ဘာတီးလ်လစ်တနာ

(အမျိုးသမီးကလောင်ရှင်တဦးရဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မြန်မာပြည် နယ်စပ်ဒေသ ခရီးသွားမှတ်တမ်း)

အိဒစ်မီရန်တေး(Edith Mirante) ဟာ နှစ်နှစ်သမီးအရွယ်မှာ ပထမဆုံး ဖိနပ်တရံကို ရရှိခဲ့ပါတယ်။ သမင်ရေကို ဘီတင်ဖေါက်ပြီးချုပ်ထားတဲ့ ဖိနပ်ကိုစီးပြီး၊ သူတို့ မိသားစု နေထိုင်တဲ့ အတ္တလန်မြို့ရှိ အိမ်ရဲ့အပြင်ဘက်က လမ်းဘေး ပလက်ဖောင်းပေါ်မှာ လမ်းလျှောက် ထွက်ပါတယ်။ သူဟာ အမေရိကန်လူနီတွေရဲ့ ရိုးရာ နောက်ပိတ်ဖိနပ် ကလေးကို ဂုဏ်ယူဝင့်ကြွားစွာစီးပြီး၊ တကိုယ်တည်း သွက်သွက်ကလေး လျှောက်သွားပါတယ်။ ဒီလမ်းကြောင်းဟာ အန္တရာယ်မကင်းတဲ့ ဗွေဆော်ဦးစွန့်စားမှုတရပ် ဖြစ်ပါတယ်။ သူ့ကို ဗမာပြည်ရဲ့ ဝေးလံခေါင်ဖျားရှိ နယ်စပ်ဒေသတွေအထိ ရောက်အောင် ခေါ်ဆောင်သွားမယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။

ကြွက်တွင်းဆီသို့ - မြန်မာပြည်နယ်စပ်
ဒေသအတွင်း မြောက်အောက်
စွန်းစားခန်းများ။ အီဒစ်မီရန်တေး။
သြခစ်စာအုပ်တိုက်။ ဘန်ကောက်။
၂၀၀၅။ စာမျက်နှာ ၁၈၉။

မီရန်တေးဟာ ၁၉၈၀ ခုနှစ်တွေမှာ ထိုင်းနိုင်ငံကိုရောက်လာပြီး ဗမာပြည်နယ်စပ်
တလျှောက်မှာရှိတဲ့ ရှမ်း၊ ကရင်၊ ပအို့ဝ်၊ ကရင်နီနဲ့ မွန်တိုင်းရင်းသား တော်လှန်ရေး သူပုန်တွေဆီကို တကိုယ်တည်း အလည်အပတ်သွားခဲ့ပါတယ်။ နောက်ပြီး တနင်္သာရီ ကမ်းရိုးတန်းဒေသက အထီးကျန်ဆန်တဲ့ ကျွန်းစုတွေအထိလည်း ခရီးဆန့်ခဲ့ပါတယ်။ အဲဒီမှာ သူနဲ့ သူ့အဖွဲ့ဝင် မွန်ပြောက်ကြားတွေဟာ ကပ္ပလီ ပင်လယ်ထဲက မထင်ရှားတဲ့ ကျွန်းတကျွန်းပေါ်မှာ ပင်လယ်ဓားပြတွေလို စခန်းချနေခဲ့ကြတယ်။

“ကျမတို့ဟာ ပင်လယ်ဓားပြတွေပါ။ ကျွန်မတို့ လိုချင်တဲ့ရတနာတွေကတော့ တွေ့ဆုံမေးမြန်းချက်တွေ၊ စိတ်ကူးအယူအဆတွေနဲ့ သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ ခိုင်ခိုင်မာမာ ပေါ်ပေါ်ထင်ထင် ဖွဲ့စည်းတည်ထောင်ထားတဲ့ လူ့အခွင့် အရေး အဖွဲ့တွေဟာ ဒီလိုနေရာမျိုးကို မသွားနိုင်ကြပါဘူး။ ကျမကတော့ နေ၀င်းရဲ့ ဗမာပြည်ထဲက လူ့အခွင့်အရေးချိုးဖောက်တဲ့ သတင်းအချက်အလက်တွေကို တိုက်ခိုက်သိမ်းယူခဲ့တဲ့ ပင်လယ်ဓားပြဖြစ်ခဲ့ပါတယ်”လို့ ၁၉၉၃ ခုနှစ်မှာ ရေးသား ထုတ်ဝေခဲ့တဲ့ Burmese Looking Glass: A Human Rights Adventure and a Jungle Revolution ” စာအုပ်ထဲမှာ ရေးထားပါတယ်။

မီရန်တေးဟာ သာမန်စွန့်စားသူ မဟုတ်ပါဘူး။ ထုတ်ဝေခဲ့တဲ့စာအုပ်တွေအပြင် မြန်မာပြည်နယ်ခြား ဒေသတွေမှာ ဖြစ်ပွားနေတဲ့လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေကိုလည်း အတော်များများရေးခဲ့ပါတယ်။ ဒီသတင်းတွေကို လူတိုင်းက သဘောကျတာမဟုတ်ဘူး။ မကျေနပ်တဲ့ သူတွေ ရှိတယ်။ ဒါကြောင့် ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်နယ်စပ်က ပြောက်ကြားစခန်းတခုကိုသွားပြီး ထိုင်းနိုင်ငံကို ပြန်လာတဲ့ အခါမှာ မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

သူဟာ ပြည်နှင်ဒဏ်ပေးတာခံခဲ့ရပြီး ထိုင်းနိုင်ငံကလည်း လူဆိုးစာရင်းထဲ သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်က သူ့ကို မြန်မာအစိုးရအုပ်ချုပ်မှုမရှိတဲ့ နေရာတွေကို မသွားအောင်တော့ ဟန့်တားနိုင်စွမ်းမရှိခဲ့ပါဘူး။ သူဟာ မြန်မာပြည်ထဲကို တခြားဘက်ကလှည့်ပြီး ဝင်ရောက်ခဲ့ပါတယ်။

ပထမစာအုပ်ရေးပြီးတာနဲ့ နောက်ထပ်သွားခဲ့တဲ့ ခရီးစဉ်တွေအကြောင်း စာအုပ်ရေးဖို့ ချက်ချင်းစီစဉ်ပါတယ်။ ဒီလိုနဲ့ ပထမစာအုပ် Burmese Looking Glass စာအုပ် လိုပဲ အရေးအဖွဲ့ကောင်းမွန်လှပပြီး ရသမြောက်တဲ့ Down the Rat Hole  ဆိုတဲ့ ဒုတိယစာအုပ် ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ဟာလည်း စိတ်လှုပ်ရှားစရာတွေနဲ့  ပြည့်လို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ စာရေးသူကိုယ်တိုင်က စွန့်စားမှုတွေကို တခုပြီး တခု လုပ်ခဲ့တာကြောင့်ပါ။

မီရန်တေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းမှု လုပ်နေတဲ့ကာလအတွင်းမှာပဲ လေမုန်တိုင်းကြောင့် အဲဒီနိုင်ငံမှာ ပိတ်မိနေခဲ့ပါတယ်။ သူဟာ ဆံပင်ကို အနက်ရောင်ဆိုးပြီး မူဆလင် အမျိုးသမီးအသွင်နဲ့ ကချင်ပြည်နယ်ထဲကို တရုတ်ပြည်ဘက်ကနေ တိတ်တဆိတ် ဝင်ရောက်ခဲ့ပါတယ်။ တားမြစ်ထားတဲ့ အိန္ဒိယပြည် အရှေ့ မြောက်ဘက်က မဏိပူရဒေသကိုလည်း ခရီးသွားအုပ်စုဝင် တယောက်အနေနဲ့ သွားခဲ့ပါတယ်။ လူမျိုးစု ပဋိပက္ခတွေ မူးယစ် ဆေးဝါးနဲ့ အေ့ဒ်စ်ရောဂါတွေပြည့်နေတဲ့ ဒေသတခု အတွင်းကို ဝင်ရောက်နိုင်ဖို့ ခရီးသွားအုပ်စုထဲ ၀င်ခဲ့တာပါ။ သူဟာ လာအို နိုင်ငံကနေတဆင့် မဲခေါင်မြစ်ကိုဖြတ်ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို ၀င်ရောက်ကာ အဓမ္မခိုင်းစေမှုတွေ မုဒိန်းမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း လေ့လာမှတ်တမ်းတင်ခဲ့ပါတယ်။

Down the Rat Hole စာအုပ်ဟာ တချိန်ကသူနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ်မှာ စိတ်ပျက်တာ တွေကိုလည်း ဖော်ကျူးပြသနေပါတယ်။ ၁၉၉၁ ခုနှစ် ကချင်ပြည်နယ်ကို ခြေချခဲ့စဉ်က သူဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးကို ပြောင်းလဲပစ်ချင်တဲ့ သူပုန်တွေနဲ့ တွေ့ခဲ့ပါတယ်။ ၈၈ အရေးအခင်းမှာပါဝင်ပြီး နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့လည်း တွေ့ခဲ့တယ်။ ကျောင်းသားတွေဟာ လူမျိုးစု သူပုန်အဖွဲ့တွေနဲ့ ပုးပေါင်းပြီး မြန်မာစစ်အစိုးရကို ပြန်တိုက်ဖို့ ကြိုးစားခဲ့ကြသူတွေပါ။ နောက် (၁၁) နှစ်ကြာမှာ ကချင်ပြည်နယ်ကို ပြန်ရောက်တော့ ဒီသူပုန်အဖွဲ့တွေဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကိုလက်မှတ်ထိုးပြီးနေကြတာကို သူတွေ့ရတယ်။ သူတို့ဟာ အမြတ်အစွန်းကောင်းတဲ့ သစ်ထုတ်ခွင့်ရဖို့ အချင်းချင်းပြန်တိုက်နေကြတယ်။

ကချင်နယ်စပ်က ပျဉ်းမ (Pianma) ဆိုတဲ့ မြို့ကလေးအကြောင်းဘာမှ မသိထားတဲ့ မီရန်တေးက ဒီလို ရေးသားထားပါတယ်။

“ကျမ မျှော်လင့်ထားတာက ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ဘက်က သစ်ခုတ်တဲ့မြို့ကလေးမှာရှိတဲ့ သစ်ကွင်းနှစ်ကွင်း အနက်က တကွင်းလောက်ပဲ ရှိမယ်လို့ ထင်ထားတာ။ အခုတော့ ပျဉ်းမမြို့မှာက အဲသည်လို သစ်ကွင်းမျိုးက အနည်းဆုံး ၄၀ ရှိပါတယ်။ မိုးထိမြင့်အောင်ပုံထားတဲ့ သစ်တွေနဲ့ တုံးလုံးလဲနေတဲ့ သစ်တောတခုလို့ ပြောရပါမယ်။ ဒါဟာ ကချင်ပြည်နယ်က သစ်တွေပါ။ တရုတ်ပြည်ဘက်က ယူနန်ပြည်နယ်မှာ သစ်ခုတ်တာကို တားမြစ်ထားတဲ့အတွက် ဒီသစ်လုံးတွေပေါ်မှာ မြန်မာ ပြည်ကသစ်ဖြစ်တဲ့အကြောင်း သက်သေခံတဲ့ တံဆိပ်အနီတွေ ရိုက်နှိပ်ထားတာတွေ့ရပါတယ်။ ပျဉ်းမမြို့ဟာ ကချင် သစ်တောပြုန်းတီးမှုကို အထင်အရှား သက်သေပြနေတဲ့ အထောက်အထားတခု ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ တော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ပြိုကွဲပျက်စီးသွားတာကိုပြတဲ့ သက်သေအထောက်အထားလည်း ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတွေဟာ ပျံ့နှံ့နေပြီး ဘယ်သူမှ လူအခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ ဘယ်သူကမှ စိတ်မ၀င်စားကြတော့ပါဘူး။

မြန်မာအစိုးရတပ်တွေရဲ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေနဲ့ မုဒိန်းမှုတွေအကြောင်း ဒေသခံတွေက သူ့ကို ပြောပြတယ်။ ဒါပေမယ့် ကေအိုင်အိုကတော့ ဒါတွေကို ဘာတခုမှ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ “သစ်မှောင်ခိုလုပ်တဲ့ လက်နက်ကိုင်နယ်စားပယ်စားတွေအဖြစ်နဲ့ ကြံရာပါနေပြီး ရေငုံနှုတ်ပိတ်နေကြတယ်”လို့ မီရန်တေးက ရေးထားပါတယ်။

ဒါပေမယ့် စိတ်ပျက်စရာ အားငယ်စရာတွေချည်းပဲ မဟုတ်ပါဘူးလို့ မီရန်တေးက ရေးထားပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်လည် ဖမ်းဆီးခံထားရပေမယ့် လွတ်လပ်မှုရဲ့ သင်္ကေတတခုအဖြစ် ထာဝရရပ်တည်နေမှာ ဖြစ်ပါတယ်။ ကချင်သစ်တောတွေ ပြုန်းတီးကုန်ပေမယ့် ယူနိုကယ်လ် (Unocal) အမေရိကန်ရေနံကုမ္ပဏီကြီးဟာ တနင်္သာရီ ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးလှုပ်ရှားမှုကြောင့် တရားရုံးမှာ အမှုရင်ဆိုင် နေရပါပြီ။

သမင်ရေနဲ့ ချုပ်ထားတဲ့ နောက်ပိတ်ဖိနပ်ကလေးကို စီးပြီး တချိန်တုန်းက အိမ်အပြင်ကို အရဲစွန့်ထွက်ခဲ့တဲ့ မိန်းကလေးဟာ အခုဆိုရင် အသက်အရွယ်ကြီးလာပြီ။ ပညာပိုရှိလာပြီ။ နည်းနည်းလည်း စိတ်ပျက် အားလျော့သလို ဖြစ်နေပြီ။ ဒါပေမယ့် စာပေရေးသားနိုင်တဲ့ စွမ်းရည်ကိုတော့ မဆုံးရှုံးသေးပါဘူး။ လူ့ဂုဏ်သိက္ခာကို ချိုးဖောက်စော်ကားတယ်လို့ သူမြင်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းဆက်တင်နိုင်တဲ့ စွမ်းရည်လည်း ရှိနေတုန်းပါပဲ။ ဒီစာအုပ်ဟာ ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်ကောင်းတအုပ်ပါ။     ။ [Top]

(၂၀၀၅ ဧပြီလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Bertil Lintner ၏ The Frontierslady ကို ဆီလျော်အောင် ပြန်ဆိုသည်)

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.