#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
သတင်းဆောင်းပါး

ရန်ကုန်မြို့၏ သွေးစွန်းသောနေ့
ကြည်ဝေ | စက်တင်ဘာ ၂၈၊ ၂၀၀၇

အသက် ၄၃ နှစ်ခန့်ရှိ ဦးပဉ္ဖင်း၏ ဦးခေါင်းမှ စီးကျလာသော သွေးများသည် သွေးစေးများ အဖြစ်ခြောက်သွေ့၍ လည်ဂုတ်မှ တဆင့် ရုံထားသော သင်္ကန်းပေါ်သို့ စီးကျခဲ့ပြီး ခြောက်သွေ့ကာ သွေးကွက်အဖြစ် စွန်းထင်းလျက်ရှိ သည်။

ထိုဦးပဉ္ဖင်းကို တွဲထားသော အမျိုးသားနှစ်ဦးသည် ဦးပဉ္ဖင်းအား ရပ်ကွက်လူနေအိမ်များအတွင်း လူအုပ်ရှိရာဆီသို့ ဖေးမကာ တွဲခေါ်လာခဲ့သော်လည်း လမ်းမကြီးပေါ်အရောက်တွင် နောက်မှ ပြေးလိုက်လာသော ယူနီဖောင်းဝတ် တုတ်ကိုင် လုံထိန်း နှစ်ဦး၏ဆင့်ကာဆင့်ကာ ရိုက်နှက်ခြင်းကိုခံလိုက်ရကာ လမ်းမပေါ်တွင် ဦးပဉ္ဖင်းနှင့်အတူ အမျိုးသားနှစ်ဦးသည်လည်း အပုံလိုက် လဲကျသွားလေတော့သည်။

ထိုလဲကျသွားသော အမျိုးသား နှစ်ဦးနှင့် ဦးပဉ္ဖင်းတပါးကို လုံထိန်းနှင့်စစ်ယူနီဖောင်းဝတ် စစ်သားတဦးတို့က ခြေထောက်မှ ကိုင်လျက်လမ်းပေါ်တွင် တရွတ်တိုက်ဆွဲခေါ်သွားကာ အချုပ်ကားထဲသို့ပစ်ထည့်လိုက်သည်ကို တွေ့မြင်ခဲ့ရသော တောင်ဥက္ကလာပ ရတနာလမ်းဆုံတွင် နေထိုင်သူတဦးက စက်တင်ဘာလ ၂၇ ရက်နေ့နံနက်  ၁၂ နာရီဝန်းကျင်အချိန် ကျိုက္ကဆံဘုရားဝန်းအတွင်းရှိ သံယာတော်များအား စစ်အစိုးရစေလွှတ်ဖမ်းဆီးခိုင်းခဲ့ သော တပ်မ ၇၇ မှ စစ်သားများနှင့် လုံထိန်းများက ရိုက်နှက် ၀င်ရောက်ဖမ်းဆီးခဲ့သည့် မြင်ကွင်းကို အသေးစိတ် ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

“ဘုန်းကြီးတွေကို ခုလိုလုပ်တာ ရက်စက်လွန်းတယ်ဗျာ၊ ဒီကောင်တွေက အသားစား ကြူးတဲ့ လူ့ဘီလူးတွေ ဖြစ်ကုန်ကြပြီ၊ အာဏာအတွက်ဆို ဘာမဆိုလုပ်မယ်ဆိုတဲ့ကောင်တွေ ခုချိန်မှာ ဗုဒ္ဓဘုရားရှင်က ကိုယ်ထင်ပြပြီး တရားပြမယ်ဆိုရင်တောင် ဘုရားကို အချုပ်ထဲ ဆွဲသွင်းမဲ့ကောင်တွေ လူစိတ်ပျောက်နေပြီ”ဟု ၀မ်းနည်းခံပြင်းသောလေသံဖြင့် အံတင်းတင်းကြိတ်ကာ ပြောပြခဲ့သည်။

စစ်အစိုးရ၏ စစ်တပ်နှင့် လုံထိန်းများက စက်တင်ဘာ ၂၆ရက်နေ့ ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့တွင်းရှိ သံဃာများ အများဆုံး သတင်းသုံးနေထိုင်ကြသော ကျောင်းတိုက်ကြီး ၆ တိုက်ကို ၀င်စီးခဲ့ပြီး သံဃာတော် အပါး ၂၃၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်ကျန် ကျောင်းတိုက်များရှိ သံဃာတော်များကို ထပ်မံ ဖမ်းဆီးခဲ့သည်ဟုလည်း ကြားသိရသည်။

သံဃာတော်များအား မတရားရိုက်နှက်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်မှ ဆရာတော် တဦးက“ဘုန်းဘုန်းတို့မတရားအလုပ်ခံနေရပါတယ်၊ ဒါကို နိုင်ငံတကာက သိအောင် လုပ်ပေးကြပါ၊ နိုင်ငံတကာရဲ့ အကူအညီ အထူးလိုအပ်နေပါတယ်” ဟု နိုင်ငံခြားသတင်းထောက်တဦးထံ ဖုန်းဆက်ပြီး မိန့်ဆိုခဲ့ သည်။

အဆိုပါ ငွေကြာရံကျောင်းတိုက်တွင်းရှိ သံယာတော်များကို ညသန်းခေါင်တွင် ၀င်ရောက်ဖမ်းဆီးကာ ရိုက်နှက်ခဲ့သော သွေးအိုင်ကြီးမှာ နံနက် ၈ နာရီထိအောင်ပင် ခြောက်သွေ့ခြင်းမရှိသေးဘဲ အိုင်ထွန်းနေသည်ကို ရင်ထုမနာ မြင်တွေ့ခဲ့ကြ ရသည်။

ဗုဒ္ဓဘုရား၏ သားတော်များဖြစ်ကြသော သံယာတော်များအပေါ် ယခုလို ရက်ရက်စက်စက်၊ သတ်ဖြတ်ပြုမူ နေခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ လူထုမှာ ပိုလို့ပင် ခံမရပ်ဖြစ်လာကာ နေ့ခင်း ၁၂ နာရီနောက်ပိုင်း အချိန်များတွင် မည်သူ တဦးတယောက်၏ တိုက်တွန်းချက်မှ မပါဘဲ မိမိသဘောဆန္ဒ အလျှောက် ရန်ကုန်မြို့ ဆူးလေအနီးတ၀ိုက် လမ်းမများပေါ်၌ စုရုံးရောက်ရှိလာကြပြီး “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဟု လည်းကောင်း “ဘုန်းကြီး သတ်တဲ့ကောင်တွေ မိုးကြိုးပစ်ပါစေ” ဟုလည်းကောင်း၊ မေတ္တာသုတ်များရွတ်ဆို လမ်းလျှောက်ခြင်းကိုလည်းကောင်း၊ တို့အရေးနှင့် တောင်းဆိုချက်သုံးရပ်ကို လည်းကောင်း ထပ်ခါထပ်ခါ ရွတ်ဆိုကာ လမ်းလျှောက်ဆန္ဒပြလျက်ရှိသည်ကို တွေ့မြင်ကြရသည်။

တပ်မ ၇၇ မှ ယူနီဖောင်းဝတ် စစ်သားများသည် ဆူးလေဘုရားလမ်းမကြီး၊ မဟာဗန္ဓုလ လမ်းမကြီးနှင့် ဗိုလ်ချုပ် လမ်းမကြီး များကို ပိတ်ဆို့ထားကြပြီး ၄င်းတို့၏ သေနတ်များကို တင်းတင်းဆုပ်ကိုင်ကာ မျက်နှာထားတင်းတင်းဖြင့် လူစုလူဝေးရှိရာသို့ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။

သေနတ်သံကြားသည့်အခါ လူထုမှာ ပြေးလွှားကြပြီး သေနတ်သံရပ်သွားသည်နှင့် ထိုနေရာများသို့ပြန်သွားကာ ၄င်းတို့ ရွတ်ဆိုသည်များကို ထပ်မံရွတ်ပြီး စစ်အစိုးရ၏ လူငါးယောက်မစုရဟူသော အမိန့်ကို ပြတ်ပြတ်သားသား ဖီဆန်ကြောင်း၊ စစ်အစိုးရ၏ လုပ်ရပ်များကို ပစ်တင်ရှုံ့ချကြောင်း မကြောက်မရွံ့ပြသခဲ့ကြသည်မှာ စက်တင်ဘာ လ ၂၆ ရက်နေ့ နေ့လယ် ပိုင်းကတည်းက ယခုချိန်ထိဖြစ်သည်။

ယင်း ၂၆ ရက်နေ့မှ စတင်ကာ စစ်အစိုးရက မေတ္တာပို့လမ်းလျှောက်ဆန္ဒပြသူများနှင့် ရဟန်းသံဃာတော်များကို ရိုက်နှက် ခြင်း၊မျက်ရည်ယို ဗုံးများ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရုံမျှမက သေနတ်များဖြင့် ပစ်ခတ်ခြောက်လှန့်ခြင်း၊ သေနတ်များဖြင့် လူထုအတွင်းသို့ ပစ်ခေတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို အရှိအဟုန်မြှင့် ပြုလုပ်လာခဲ့သည်။

ယမန်နေ့က စစ်အစိုးရ၏ ပစ်ခတ်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့ရပြီး ၇ ဦးမှာ ဒဏ်ရာရကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူနေရသည်ဟုလည်း မျက်မြင်သက်သေများနှင့် ရန်ကုန်ဆေးရုံကြီးမှ တာဝန်ကျ ဆေးရုံဝန်ထမ်း များ၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင်မူ ရန်ကုန်မြို့တောင်ဥက္ကလာပ မြို့နယ် ၁၄-၁၅ လမ်းဆုံတွင် လည်းကောင်း၊ တာမွေတွင်လည်းကောင်း၊ အထက်ပန်းဆိုးတန်းလမ်းတွင်လည်ကောင်း စစ်သားများက သံယာတော်များကို အကြမ်းဖက် နှိမ်နင်းခြင်းနှင့် လူထုကိုပစ်ခတ်ခြင်းများကြောင့်သေဆုံးရခြင်း၊ ထိခိုက်ဒဏ်ရာ ရလာခြင်း စသည်တို့ကို မြင်တွေ့ရသောအခါ လူထုသည် စစ်သားများအား ခဲများ၊ တုတ်များဖြင့် ပြန်လှန် တိုက်ခိုက်ခြင်းများပြုလုပ်ကြသည်ဟုလည်း မြင်တွေ့ခဲ့ရသူ များက ပြောပြသည်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.