#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

ဆူးခင်းလမ်းကို လျှောက်လှမ်းခြင်း
ရဲနည်| စက်တင်ဘာ ၂၄၊ ၂၀၀၇

ဒီမိုကရေစီရေး လှုပ်ရှားသူခေါင်းဆောင်များက ဦးဆောင်၍ ဆန္ဒပြလမ်းလျှောက်နေခဲ့ကြသော လူ (၅၀၀) ၏ စိတ်ထဲတွင် အထူးအားရ တက်ကြွနေခဲ့သည်။ ထိုနေ့က သြဂုတ်လ၏ထူးခြားသောနေ့တနေ့ဟု ဆိုရမည်ဖြစ်ပြီး ရန်ကုန်မြို့၏လမ်းမများ ပေါ်တွင် သူတို့လမ်းလျှောက်ဆန္ဒပြလာခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒပြသူများက ပျော်ရွှင်အားရနေကြပြီး ကောင်းမွန်သော အလားအလာများအတွက်လည်း မျှော်လင့်အားသန်နေသည်။ အနာဂတ်တွင် ပိုမိုကောင်းမွန်သောဘ၀များဖြစ်ပေါ် တိုးတက် လာစေရေးအတွက်သူတို့ မျှော်လင့်ချက်ထားခဲ့ကြသည်။

၈၈မျိုးဆက် ကျောင်းသားများအင်အားစုမှ ထင်ရှားသောခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ တို့အတွက် ဤလမ်းလျှောက်ဆန္ဒပြမှုမှာ တသက်တကျွန်းထောင်ဒဏ်အထိ အပစ်ပေးခံရနိုင်သော ကိစ္စဖြစ်သည်။ သို့သော် လည်း လွန်ခဲ့သော ၁၅ နှစ်တာကာလအတွင်း ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ဦးဆောင်ခဲ့မှုအတွက် ထောင်သံတိုင် နံရံများနောက်တွင် သူတို့ဘ၀၏ နှစ်များကို ဖြတ်သန်းခဲ့ပြီးနောက်ပိုင်း အလားတူကိစ္စများအတွက် ကြိုတင်စဉ်းစား သေချာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

သူတို့ နောက်တကြိမ်ပြန်၍ ထောင်ကျခံရနိုင်သည့် အခြေအနေကို ကောင်းကောင်းမြင်ထားကြသော်လည်း နင်းပြား ပြည်သူတို့၏ နိမ့်ကျနေပြီးသား ဘ၀များအပေါ် ထပ်မံခါးကျိုးအောင် နှိပ်စက်လိုက်သော စစ်အစိုးရ၏လုပ်ရပ်ကို သူတို့ နှုတ်ဆိတ်မနေနိုင်။ ငုံ့ခံနေရမည့်အရေးကို ငြင်းဆန်ပယ်လှန်ခဲ့သည်။ သူတို့လုပ်ဆောင်ခဲ့သော ဤလုပ်ရပ် အတွက် သူတို့ မျှော်လင့်မထားခဲ့သော အချက်လည်း ရှိသည်။ သူတို့လုပ်ရပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် နောက်ထပ် မှတ်တမ်း ပြုလောက်ဖွယ် မှတ်တိုင်တခုဖြစ်လာသည်အထိ ကြီးထွားလာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြခြင်းပင်။

စစ်အစိုးရအနေဖြင့်လည်း လောင်စာဆီ ဈေးနှုန်းများ ရုတ်ချည်း မြှင့်တင်လိုက်ခြင်းအားဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက် များကို ပါးနပ်စွာ ကြိုတင်တွက်ဆထားသည်။ ဤသို့ဈေးနှုန်းများ ခုန်တက်လိုက်မှုကြောင့် လူထုကဒေါသထွက်ပြီး နေရာ ကွက်ကျား ဆန္ဒပြပွဲငယ်များပေါ်လာပါက လွယ်လင့်တကူ ဖိနှိပ်ချေမှုန်းလိုက်မည်ဟု တွက်ဆထားခဲ့ပုံရသည်။ သို့သော် လည်း ဤတကြိမ်တွင်တော့ လူထုအတွင်း တအုံနွေးနွေး စုဆောင်းနေခဲ့သော ဒေါသကို လျှော့တွက် ထားခဲ့ဟန်တူသည်။ ဤသို့ဖြင့် သြဂုတ်လ၏တနေ့တွင် အိပ်ယာထလာချိန်၌ လောင်စာဆီဈေးများက ၅ ဆ (၅၀၀%) ရုတ်ချည်း တက်နေသည် ကို ပြည်သူများ ကြုံတွေ့လိုက်ကြရတော့သည်။ ဤသို့လောင်စာဆီဈေးများ မြင့်တက်မှုကြောင့် အခြားနေ့စဉ် လူသုံးကုန် များ ဈေးလည်း တက်လာပြီး လူထုအတွက် ဒေါသယမ်းအိုးကို မီးထိုးပေးသကဲ့သို့ ဖြစ်ခဲ့သည်။

စစ်အစိုးရ က ခေတ်သစ်လစ်ဘရယ်ကျင့်ထုံး များအတိုင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အစပျိုးဆောင်ရွက်မှု ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု အချို့ လေ့လာသူများက အကဲဖြတ်ခဲ့ကြသော်လည်း ဤဆုံးဖြတ်ချက်၏ အခြေခံ အကြောင်း အရင်းမှာ ငွေဖောင်းပွမှု ဖြစ်စေသော အစိုးရ အသုံးကြီးမှုများကြောင့် ဘဏ္ဍာရေးလိုငွေပြမှု အကြီးအကျယ် ကြုံနေရခြင်းပင် ဖြစ်သည်။

အစိုးရ၀န်ထမ်းများ၏ လစာကို ၁၀ ဆ တိုးပေးခဲ့ပြီး အုပ်ချုပ်ရေးမြို့တော်သစ်အဖြစ် နေပြည်တော်၊ ကွန်ပျူတာနည်းပညာ ဆိုင်ရာ ဆိုင်ဘာမြို့တော်အဖြစ် ရတနာပုံမြို့သစ် ဆောက်လုပ်ရေး စီမံချက်ကြီးများတွင် ဒေါ်လာသန်းပေါင်းများစွာ အစိုးရ က သုံးစွဲနေခဲ့သည်။ ထို့အပြင် အဏုမြူဓာတ်ပေါင်းဖိုတည်ဆောက်ရန် စိတ်ကူးယဉ်ကြံစည်လုပ်ဆောင်နေခြင်းသည်လည်း စစ်အစိုးရ၏ လွဲမှား အဆင်အခြင်မရှိစွာ ဘဏ္ဍာငွေများ ဖြုန်းတီးနေသော သာဓကပင်။

ဤသို့သော စိတ်ကူးယဉ် ငွေကုန်ကြေးကျများလှသည့် စီမံကိန်းကြီးများကို ငွေပံ့ပိုးပေးနိုင်ရေးအတွက် အစိုးရက အခွန်ငွေ များ တိုးမြှင့်ကောက်ခံလာခဲ့၊ လူထုဝန်ဆောင်မှု လုပ်ငန်းများအတွက် ဈေးနှုန်းများတက်ယူလာခဲ့သည်မှာ အံ့သြစရာ အကြောင်းတော့ မရှိချေ။

သို့သော် လူတဦးချင်း တနှစ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၀ ခန့်သာ ရှိသော နိုင်ငံတခုတွင် ဤဆုံးဖြတ်ချက် ကြောင့် လူထု၏ လူနေမှုစရိတ်များအပေါ်ဖိစီးစေသည်ကိုမူ အာဏာရှင်စစ်အစိုးရက ဂရုထားထည့်သွင်း စဉ်းစားခြင်း လုံးဝမရှိချေ။

ကုလသမဂ္ဂ၏ လေ့လာဆန်းစစ်မှုတခုအရ မြန်မာနိုင်ငံရှိ ပြည်သူများက ၎င်းတို့မိသားစုဝင်ငွေ၏ (၆၀)% မှ (၇၀)% အထိ ကို အစားအသောက်ကိစ္စအတွက်သာ ကုန်ကျသုံးစွဲနေကြရသည်။ ဤအနေအထားတွင် လောင်စာဆီ ဈေးများ တိုးမြှင့် လိုက်ရာ ခရီးသွားလာရေးစရိတ်များ တက်လာစေပြီး မရှိမဖြစ်သုံးစွဲနေရသည့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာလည်း ၃၅% ခန့် ခုန်ပျံတက်သွားခဲ့ပါသည်။ မြို့နေအလုပ်သမားတဦးသည် ၎င်းတနေ့ဝင်ငွေ ကျပ် ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၅ မျှ) အောက်မျှပင် ရရှိနေကြရာ ၎င်းဝင်ငွေအထဲမှ တ၀က်ကျော်ကို အလုပ်အသွား အပြန် ဘတ်စ်ကားခအတွက် သုံးစွဲနေကြရ သောအခါ ဘ၀ရပ်တည်ရေးအတွက် မည်သို့မျှ မစွမ်းနိုင်တော့သည့် အခြေအနေ ရောက်လာခဲ့တော့သည်။

ဤသို့ လူအများက မကျေနပ်မှုများ ကြီးထွားနေချိန်၊ ဒေါသပေါက်ကွဲနေချိန်၌ ပြည်သူများ၏အသံကို စစ်အစိုးရက အရေးစိုက် နားထောင်လာစေရေးအတွက် ဒီမိုကရေစီလှုပ်ရှားသူများက တိုက်တွန်းဖိအားပေးခဲ့ကြသည်။ သို့သော်လည်း စစ်အစိုးရက သဘောမပေါက်ပါ။ လှုပ်ရှားသူများ၏ အိမ်များကို စီးနင်းဝင်ရောက်ဖမ်းဆီးခြင်း၊ အရေးပါသောခေါင်းဆောင် များကို ဖမ်းဆီးခြင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူများကို ပိုက်စိပ်တိုက်လိုက်လံရှာဖွေ ဖမ်းဆီးခြင်းဖြင့် တုံ့ပြန်နေပါသည်။

သို့သော်လည်း နိုင်ငံနှင့်တ၀န်း ပျံ့နှံ့သွားသော ဆန္ဒပြပွဲများကို မရပ်စဲစေနိုင်ခဲ့ပါ။ သံဃာများကပါ အင်နှင့်အားနှင့် ပူးပေါင်း လာခဲ့ကြပြီး ယခုတော့ စစ်အစိုးရလည်း တုန်လှုပ်လာနေရပြီ ဖြစ်သည်။

သံဃာများ၏ ပံ့ပိုးမှုဖြင့် လူထုက စစ်အစိုးရ၏ တလမ်းသွားစနစ်ကို မလိုတော့ပြီ ဖြစ်ကြောင်း ဖွင့်ဟလာကြသည်။ သူတို့ အနေဖြင့် ကုန်ဈေးနှုန်းများ တက်လာခြင်းနှင့် လူနေမှု အဆင့်အတန်းနိမ့်ကျသွားရခြင်းကို သည်းညည်းမခံနိုင်ကြတော့ပြီ။  လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေခြင်းနှင့် မိမိဘာသာ မီးစက်ဝယ်ထွန်းနေကြရသည့် အခြေအနေကိုလည်း လက်မခံ နိုင်တော့ပြီ။ ဆိုးရွားနိမ့်ကျလွန်းနေသော လူထုဝန်ဆောင်မှုလုပ်ငန်းများကိုလည်း စိတ်ကုန်နေပြီ။ ၎င်းတို့၏ လူမှုဒုက္ခ အထွေထွေကို လျစ်လှူရှုထားနိုင်လွန်းသော စစ်အစိုးရကိုလည်း မေတ္တာပျက်နေကြပြီ ဖြစ်သည်။

ရန်ကုန်ရှိ ထင်ရှားသည့် မြန်မာစီးပွားရေးပညာရှင် ဦးမြင့်ကရေးသားလာသည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြခဲ့သည့်အတိုင်း
“လျှပ်စစ်၊ သန့်ရှင်းရေး၊ တယ်လီဖုန်း၊ လူထုကူးသန်းသွားလာရေး စသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း အရည်အသွေးညံ့ဖျင်း ကျဆင်းလာနေပြီး ဆေးခါးကြီးမြိုရသလို ရှိနေခဲ့ပြီ” ဟု ဆိုရမည်။

မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအပေါ်ကိုသာ တောက်လျှောက် အပြစ်ဖို့ ပုံချ နေခဲ့ပြီး အတိုက်အခံနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ကြောင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြား အကူအညီများ ပိတ်ပင်ကန့်သတ် ခံနေရကာ နိုင်ငံ၏ စီးပွားရေးကို ချိနဲ့စေသည်ဟု သာ တွင်တွင် ပြောနေခဲ့ပါသည်။

နိုင်ငံတကာ အကူအညီ မရရှိနိုင်မှုကြောင့် ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေပြီး တိုင်းပြည်၏ အမျိုးသားမက္ကရိုစီးပွားရေးစနစ် ကို မတည်မငြိမ်ဖြစ်လာစေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ စီးပွားရေးပိတ်ဆို့မှုများ ပြန်လည်ရုတ်သိမ်းသင့်ပါသည်။ သို့သော်လည်း ဤအခြေအနေဖြစ်လာစေရန် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီခေါင်းဆောင်များနှင့် အာဏာခွဲဝေအုပ်ချုပ် ကာ စီးပွားရေးလုပ်ငန်းများ လုပ်ပျော်နေသာသော ၀န်းကျင်မျိုး ဖန်တီးပေးရန်အတွက် သဘောတူညီရပါလိမ့်မည်။

အကယ်၍ စစ်အစိုးရသာ လက်ရှိမူဝါဒအတိုင်း ဆက်လက်လျှောက်လှမ်းနေပါက တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေးအခြေ အနေများ ပိုမိုဆိုးရွား၍ မတည်မငြိမ်ဖြစ်လာနိုင်ပြီး အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့်လည်း ကြုံရနိုင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ပါက ၁၉၈၈ ကဲ့သို့သော ၀မ်းနည်းပူဆွေးကြိမ်မီးအုံးဖွယ် ဆူပူအုံကြွ သွေးထွက် သံယိုမှုများနှင့် ကြုံရဖွယ် ရှိနေပါသည်။

၁၉ နှစ်တာ အာဏာချုပ်ကိုင်မင်းမူလာခဲ့သော်လည်း စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ကံကြမ္မာကို တဦးတည်းစိတ် ကြိုက် ချယ်လှယ် ဖန်တီးရန် မဖြစ်နိုင်ကြောင်း ယခုလတ်တလော ဖြစ်ရပ်များက ပြသနေပါသည်။ ယခုအချိန်ကား စစ်မှန်သော အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအတွက် ဆောင်ရွက်ကြရတော့မည့် အချိန်။ မြန်မာနိုင်ငံရှိ ပြည်သူတဦးချင်းအတွက် ဒီမိုကရေစီနှင့် ကြွယ်ဝ မှုကို ဖန်တီးပေးစွမ်းနိုင်သည့် လမ်းသို့ စတင်လျှောက်လှမ်းရတော့မည့် အချိန်ပင် ဖြစ်ပါတော့သည်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.