#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

သံဃာများ သပိတ်မှောက်ပြီ
အောင်ဇော် | စက်တင်ဘာ ၁၇၊ ၂၀၀၇

သံဃာများက စစ်အစိုးရအာဏာပိုင်များကို ဆန့်ကျင်သပိတ်မှောက်သည့် အနေဖြင့်“ပတ္တနိက္ကုဇ္ဇန”ကံဆောင်မည် ဟု သတိပေး ကြေညာခဲ့ကြသည်။ ရဟန်းတို့က “ပတ္တနိက္ကုဇ္ဇန”ကံဆောင်ခြင်း ဆိုသည်မှာ စစ်အစိုးရအာဏာပိုင်များနှင့် ၎င်းတို့ မိသားစု ၀င်များက ကပ်လှူသော ဆွမ်းကွမ်း အလှူဒါနများကို လက်မခံဘဲ ငြင်းပယ်ခြင်း၊ ၎င်းတို့က ကျင်းပဆောင် ရွက်သည့် ဘာသာရေးအခမ်းအနားများကို လွှဲဖယ် မသွားရောက်ဘဲနေခြင်း စသဖြင့် ဆန္ဒပြတုံ့ပြန်မှုမျိုး ဖြစ်သည်။

ရန်ကုန်နှင့် မြန်မာပြည် အလယ်ပိုင်းဒေသများတွင် “ပတ္တနိက္ကုဇ္ဇန” ကံဆောင်လှုပ်ရှားမှု၏ ကဏ္ဍတခုအနေဖြင့် သံဃာများ က ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ချီတက်ပွဲများ ဆောင်ရွက်ခဲ့ကြကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

“ပတ္တနိက္ကုဇ္ဇန”ကံဆောင်နိုင်သည့် ပြစ်မှုမြောက်သော အကြောင်းတရား ၈-ချက်ရှိသည်ဟု ဗုဒ္ဓစာပေကျမ်းဂန်များက ဖော်ပြ ထားပြီး ဤအချက်များတွင် ရဟန်းတော်တို့အား ဘေးအန္တရာယ်ဖြစ်စေရန်၊ မတိုးပွားစေရန် လုံ့လပြုခြင်း၊ သံဃာအချင်း ချင်း စိတ်ဝမ်းကွဲပြားစေရန် ပြုလုပ်ခြင်း၊ ဘုရား၊ တရားတော်နှင့် သံဃာများ၏ ဂုဏ်ကို သေးသိမ်စေရန် စော်ကားခြင်းတို့ စသည့်ပြစ်မှုများ ပါဝင်ကြသည်။

၁၉၉၀ ခုနှစ်ကလည်း မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာရဟန်းများက ထိုအချိန်က ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သည့် စစ်အစိုးရကို သပိတ်မှောက်ကံဆောင် ခဲ့ကြဖူးသည်။ ယခုလည်း သံဃာများက ၁၉၈၈ ခုနှစ်နှင့် နောက်ပိုင်းနှစ်များတွင် ရဟန်းတော်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ အတင်းအကျပ် သိက္ခာချ လူဝတ်လဲစေရန် စစ်အစိုးရ၏ လုပ်ဆောင် ချက်များကြောင့် “ပတ္တနိက္ကုဇ္ဇန” ကံဆောင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၀ခုနှစ် ကံဆောင်ရာတွင် အစောပိုင်း၌ စစ်အစိုးရက လျှော့ပေါ့တွက်ဆထားခဲ့သော်လည်း နောက်ပိုင်းတွင်    
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် တချို့သော သက်တော်ဝါတော်ကြီး ဆရာတော်များပင်လျှင် ဤကံဆောင်မှုတွင်
ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။

ဖြစ်ရပ်တခုတွင် ထိုအချိန်က မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် က ၀ါတော်ရဆရာတော်များနှင့် သံဃာများကို ဘာသာရေး အခမ်းအနားတခုသို့ ဖိတ်ကြားခဲ့သော်လည်း သံဃာအများက ငြင်းဆန်၍ မတက်ရောက်ဘဲ နေခဲ့ကြသည်။ ထိုအခါမှ စစ်အစိုးရခေါင်းဆောင်များက သံဃာများ၏ သပိတ်မှောက် ကံဆောင်မှုကို အလေးအနက်ထားလာကြပြီး နောက်ပိုင်းတွင် တုံ့ပြန်ဖြိုခွဲနိုင်ရန် ပြင်းပြင်းထန်ထန် ကိုင်တွယ်အရေးယူ ခဲ့ကြသည်။

၁၉၉၀ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်အစိုးရက အမိန့်အမှတ် (၆/၉၀) ကို ထုတ်ပြန်ခဲ့ပြီး သံဃာအဖွဲ့အစည်း များနှင့် သံဃာ့ သာမဂ္ဂီများကို “တရားမ၀င်” သတ်မှတ်ကြေညာ၍ ဖြိုခွဲခဲ့ကြသည်။ နောက်တနေ့တွင် အမိန့်အမှတ် (၇/၉၀) ကို ထုတ်ပြန်ခဲ့ပြီး ဘာသာရေးနှင့် မသက်ဆိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် သံဃာများနှင့် စာသင်သားကိုရင်များ
ပါဝင် ပတ်သက်ခြင်း မရှိစေရန် တင်းကျပ်စွာ တားမြစ်ခဲ့ပြီး ကျူးလွန်ချိုးဖောက်ပါက လူဝတ်လဲ အရေးယူအပြစ်ပေးမည်ဟု လည်း ထုတ်ပြန်ကြေညာခဲ့ကြသည်။

နောက်တနေ့တွင်ပင် စစ်အစိုးရက သံဃာများ၏လှုပ်ရှားမှုကို စတင်ဖြိုခွင်းခဲ့တော့သည်။ မန္တလေးတမြို့တည်းတွင်ပင် ဘုန်းတော်ကြီးကျောင်း (၁၃၀) ကို ၀င်ရောက်စီးနင်းခဲ့ပြီး သံဃာအများကို နှိပ်ကွပ် ဖမ်းဆီး၊ လူဝတ်လဲ ထောင်ချခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာအရဆိုလျှင် သံဃာအပါး (၃၀၀) ကျော်မှာ လူဝတ်လဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သတင်း များက ဆိုခဲ့သည်။

ထိုသို့ ကံဆောင်၍ ဖိနှိပ်ဖမ်းဆီးခံရသော သံဃာများက လူဝတ်လဲခံရပြီး အကျဉ်းသား အဖြစ်ထားရှိကာ သံဃာ အဖြစ် တရားဝင် ပယ်ဖျက်ခံခဲ့ရစေကာမူ အကျဉ်းသား ရဟန်းတော်များက သံဃာ့ကျင့်ဝတ်သိက္ခာပုဒ်အတိုင်း ဆက်လက် စောင့်စည်းကျင့်သုံး၍ ထောင်တွင်း၌ နေထိုင်ခဲ့ကြပုံကိုလည်း အတူနေခဲ့ကြရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်ပြောင်း ပြောပြကြသည်။

ဗုဒ္ဓစာပေကျမ်းဂန် နှံ့စပ်တတ်ကျွမ်းသည့် ဆရာတော် ဦးသုမင်္ဂလကဲ့သို့သော လူအများလေးစားကြည်ညိုခံရသည့် ဆရာတော်ကြီး ၈ ပါး အပါအ၀င် အခြားသံဃာများလည်း ဤ ၁၉၉၀ သံဃာ့သပိတ် ဖြိုခွဲမှုတွင် ဖမ်းဆီးခံခဲ့ရသည်။ ဆရာတော်ဦးသုမင်္ဂလကိုမူ စစ်အစိုးရက ဖမ်းဆီးကာ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။

ရဟန်းတော်များကို အတင်းအကျပ် လူဝတ်လဲစေရုံမျှ မကဘဲ အဖြူရောင်ထောင်ဝတ်စုံများကို ၀တ်စေကာ ၎င်းသံဃာများ ၏ အမည်ရင်း ဘွဲ့အမည်များအစား အကျဉ်းထောင်အတွင်း လူအမည်များပေး၍ ခေါ်ဝေါ်ခဲ့ကြသည်ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများက ပြန်လည်ပြောပြခဲ့ကြသည်။

ယခုတကြိမ်တွင်လည်း စစ်အစိုးရအာဏာပိုင်များက သံဃာများအနေဖြင့် “ပတ္တနိက္ကုဇ္ဇနကံ” ထပ်မံဆောင်လာမည့် အရေး ကို ကြိုတွေး၍ ပြင်ဆင်ထားခဲ့ပုံ မပေါ်ပါ။ ဤသို့ဖြင့် သံဃာများ၏ လှုပ်ရှားမှုက အရှိန်ရ အားကောင်းလာနေသည်ကို တွေ့နေကြရပါသည်။

အကယ်၍ စစ်အစိုးရ အာဏာပိုင်များထံမှနေ၍ သံဃာများအပေါ် စော်ကားကျူးလွန်ခဲ့သမျှ ကျေအေးနိုင်ဖွယ် တောင်းပန်
ဝန်ချမှုရှိလာပါက သံဃာများ အနေဖြင့် “ပတ္တနိက္ကုဇ္ဇန” ကံ ဆောင်မှုကို ပြန်လည် ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်ပါသည်။ ဤသို့ လိုက်လျောကျေအေးနိုင်ပါက ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်အတွင်း သံဃာ ၄-ပါးစုံညီ၍ ကမ္မ၀ါစာဖတ်ကာ သံဃာများက ချမှတ်လုပ်ဆောင်ထားသည့် သပိတ်ကို ပြန်လှန်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံရှိ အချို့သော ရဟန်းသံဃာများက ၁၉၉၀ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် “ပတ္တနိက္ကုဇ္ဇန” ကံဆောင်မှုမှာ ယခု တိုင် သက်ဝင်ဆဲဖြစ်သည်ဟု ယုံကြည်လက်ခံထားဆဲ ဖြစ်ပြီး ထိုအချိန်က အကြမ်းဖက်ဖြိုခွဲခဲ့မှုများ အပေါ်တွင်လည်း စစ်အစိုးရအာဏာပိုင်များထံမှ ယခုတိုင် ကျေအေးလက်ခံနိုင်ဖွယ် တောင်းပန်ဝန်ချခြင်း အလျဉ်းမရှိသေးပါ။

လွန်ခဲ့သည့် သီတင်းပတ်က ဆန္ဒပြ လှုပ်ရှားကြသူများကို လူမိုက် လူရမ်းကားများနှင့် အကြမ်းဖက်ဖြိုခွဲခဲ့သည့် ကိစ္စများ တွင် နောက်ကွယ်က ပတ်သက်နေသူဟု ယူဆထားသူ စက်မှုဝန်ကြီးဦးအောင်သောင်းက ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ လှည့်လည်၍ စစ်အစိုးရနှင့် နီးစပ်သူ ဆရာတော်များနှင့် သံဃာများ သို့မဟုတ် ယခုလတ်တလော ဖြစ်ပေါ် နေသော သံဃာ့အရေးတွင် ကြားနေသည်ဟု ယူဆရသည့် ဆရာတော်ကြီးများနှင့် သံဃာများကို လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်း၍ ချော့မြူခဲ့ပါသေးသည်။

သို့ရာတွင် လွတ်လပ်စွာ တွေးခေါ်ယုံကြည်ကြသည့် သံဃာများက ယခုအချိန်တွင် “ပတ္တနိက္ကုဇ္ဇန”ကံဆောင်မှုကို နောက် မဆုတ်တမ်း ဆက်လက်ဆောင်ရွက်မည်ဟုသာ ဆုံးဖြတ်ခဲ့ကြပြီ ဖြစ်သည်။ သူတို့၏လှုပ်ရှားမှုကို တားဆီးဖြိုခွဲနိုင်ရန် ရည်ရွယ်၍ အလှူပေးလာသော ဆွမ်း၊ ပစ္စည်းများက သူတို့အတွက် မည်သို့မျှ အရေးကြီးလိမ့်မည် မဟုတ်တော့ချေ။ [Top]

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင်ဖော်ပြထားသည့် ဧရာဝတီ အင်တာနက်မဂ္ဂဇင်းမှ အောင်ဇော်ရေးသော Monks' Boycott Looms as the Regime Withholds Apology ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.