#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

၈၈ စိတ်ဓာတ်ကို စစ်အစိုးရက ချေမှုန်းနိုင်မည် မဟုတ်ပါ
အောင်ဇော် | စက်တင်ဘာ ၃၊ ၂၀၀၇

လက်ရှိဖြစ်ပွားနေသော မြန်မာနိုင်ငံက ဆန္ဒပြပွဲများကို ချေမှုန်းဖြိုခွဲနေပုံက ၁၉၈၈ ကာလ တနိုင်ငံလုံးအနှံ့အပြားဖြစ်ပွားခဲ့ သော လူထုအုံကြွမှုကြီးကို မျက်မြင်ကြုံလိုက်ရသူများအတွက် ပြန်ပြောင်းအမှတ်ရစရာပင် ဖြစ်သည်။ ဤဆန္ဒပြပွဲများကို ချေမှုန်း၍ လက်ရှိစစ်အစိုးရ အာဏာရလာခြင်းလည်း ဖြစ်သည်။

ယခုတကြိမ်တွင်တော့ လမ်းမပေါ်တွင် သေနတ်များဖြင့် ပစ်ခတ်နေခြင်းမရှိ၊ လူအသေအပျောက်မရှိသေး။ သို့သော်လည်း စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသော လူရမ်းကားများက ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရက်စက်ကြမ်းကြုတ် စွာ ဖြိုခွဲရန် အာဏာကုန်ပေးထားပုံကို တွေ့နေကြရသောအခါ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်စဉ်က စစ်တပ်က ချင့်ချိန်ခွဲခြား မှု မရှိဘဲ အင်အားသုံး အဓမ္မချေမှုန်းခဲ့ပုံကိုလည်း ပြန်ပြောင်းအမှတ်ရစေပါသည်။

၁၉၈၈ ခုနှစ် ရန်ကုန်မြို့ လူထုအုံကြွမှုကို စစ်တပ်က ဖြိုခွဲ နှိမ်နင်းနေစဉ်

၁၉၈၈ ခုနှစ် သြဂုတ်လတွင် သွေးထွက်သံယို ချေမှုန်းဖြိုခွဲခံခဲ့ရသော ဆန္ဒပြပွဲများက မတ်လနှင့် ဇွန်လကတည်းက အငယ် စား ဆန္ဒပြပွဲများနှင့် စတင်လာခဲ့ပြီး ကျောင်းသားဆန္ဒပြပွဲများ ဖြစ်လျှင်ဖြစ်ချင်း အမ်-၁၆ မောင်းပြန်သေနတ်ကိုင်လုံထိန်းရဲ များ (အဓိကရုံးများနှိမ်နင်းရန် အထူးလေ့ကျင့်ပေးထားသော လုံခြုံမှုထိန်းသိမ်းရေးရဲတပ်ရင်း)ကို စေလွှတ်ဖြိုခွဲစေခဲ့သည်။ လူစုကွဲစေရန် မျက်ရည်ယိုဗုံးများနှင့် နံပါတ်တုတ်များကိုလည်း သုံးစေခဲ့သည်။

ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားများက ဦးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရကို စတင်၍ဆန့်ကျင်ဆန္ဒပြခဲ့ကြသောအခါ  လုံထိန်းရဲတပ်ဖွဲ့များကို ကျောင်းပုရ၀ုဏ်အတွင်းသို့ စေလွှတ်၍ ဆန္ဒပြနေသူများကို ပစ်ခတ်စေခဲ့သည်။ ဤပစ်ခတ်မှုများ ကြောင့် ပိုကြီးသော ဆန္ဒပြပွဲများပေါ်ပေါက်လာစေသကဲ့သို့ ရန်ကုန်မြို့မှနေ၍ အခြားဒေသအသီးသီးသို့လည်း ကူးစက်ပျံ့နှံ့ သွားခဲ့သည်။

မရှေးမနှောင်းမှာပင် ဆိုရှယ်လစ်အစိုးရက နယ်စပ်ဒေသရှေ့တန်းမှ စစ်တပ်များကို ဆင့်ခေါ်ကာ လုံထိန်းရဲများကို အား ဖြည့်ပြီး လမ်းပေါ်ဆန္ဒပြပွဲများကို ကိုင်တွယ်ဖြိုခွဲစေခဲ့သည်။ ရဲများနှင့် စစ်တပ်များက အဆမတန်အင်အားသုံး၍ ဆန္ဒပြပွဲများ ကို အကြမ်းဖက် ဖြိုခွဲခဲ့ကြသည်။ ကျောင်းသားများကို နံပါတ်တုတ်များဖြင့် အသေရိုက်သတ်ခဲ့ကြပြီး စစ်ထရပ်ကားများက ဆန္ဒပြနေသူ လူအုပ်ကြားထဲသို့ အတင်းမောင်းဝင် နင်းကြိတ်ခဲ့ရာ လူတချို့အသက်ဆုံးရှုံးခဲ့ကြရသည်။

ဖြစ်ရပ်တခုတွင် မိမိတို့ကျောင်းသားများက စက်မှုတက္ကသိုလ်ကျောင်းဝင်းအတွင်း လူနေဆောင်များတွင် ပိတ်မိနေကြသော အခြားကျောင်းသားများနှင့် ပူးပေါင်းရန် ချီတက်ခဲ့ကြရာလမ်းတွင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်မိကြပြီး ၎င်းတို့က ၅ မိနစ်အတွင်း လူစုခွဲရန် တောင်းဆိုခဲ့ကြသည်။ လုံထိန်းရဲများက မိမိတို့ဘက်သို့ သေနတ်များကိုချိန်၍ ပြည်လမ်းမပေါ်တွင် နေရာယူထားခဲ့ကြသည်။

စစ်တပ်အရာရှိတဦးက မိမိတို့ထံသို့ ချဉ်းကပ်လာပါသည်။ “ကောင်လေးတွေ အချိန် ၅ မိနစ်ပဲ ရှိတယ်။ မင်းတို့ မထွက်သွားဘူး ဆိုရင် ငါတို့ကို ပစ်ဖို့ အမိန့်ပေးထားပြီးပြီ” ဟု လာပြောပါသည်။

သူ စကားလာပြောစဉ်တွင် နံဘေးရှိ ပစ္စတိုသေနတ်ကို လက်ဖြင့် ပုတ်နေပါသည်။ နောက်ကွယ်တွင် တန်းစီ၍ ပစ်ခတ်ရန် ချိန်ရွယ်နေသော လုံထိန်းရဲသားများကိုလည်း မြင်နေကြရပါသည်။

ဘေးနားတွင် ရပ်ကြည့်နေသူများ ထောင်နှင့်ချီ၍ စုရုံးမိလာကြပြီး မိမိတို့ကို အားပေးခဲ့ကြပါသည်။ မိမိတို့ကလည်း ငြိမ်း ချမ်းစွာ လူစုခွဲခဲ့ပြီး ကံကောင်းထောက်မစွာပင် ထိုနေ့က သွေးထွက်သံယို ပစ်ခတ်မှုများ မဖြစ်ခဲ့ကြပါ။

မတ်လ ၁၅ ရက်နေ့တွင် ကျောင်းသားများက သပိတ်တိုက်ပွဲဆင်နွှဲရန် ကျောင်းများအတွင်း ပြန်စုရုံးမိကြပြန်သည်။
၎င်းလ အတွင်းမှာပင် ရဲအချုပ်ကားများက တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးသိမ်းကျုံးတင်ဆောင်ခဲ့ပြီး အင်းစိန် အကျဉ်းထောင်သို့ မောင်းပို့ခဲ့ကြသည်။ လမ်းတလျှောက်တွင် ဤဖမ်းဆီးလာမှုကို မြင်ရသောအခါ ကြိတ်မနိုင်ခဲမရ ဒေါသ ထွက်နေကြသော လူထုကို ဖြတ်ခဲ့ကြရပြီး မိမိတို့ကလည်း ကျောင်းသားသမဂ္ဂသီချင်းများဆိုကာ ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပါသည်။ မိမိတို့ အမည်များကို စာရွက်ငယ်များပေါ်တွင်ရေး၍ ကားများပေါ်မှ ကြဲချကာ လူထုကိုမေတ္တာရပ်ခံ အကူအညီ တောင်းခဲ့ကြပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်အာဏာသိမ်းပြီးနောက်တနေ့ စစ်တပ်က ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရသည့် အထက်တန်းကျောင်းသူ မ၀င်းမော်ဦး၏ အလောင်းကို သယ်ဆောင်လာစဉ်

နောက်တနေ့တွင် ထောင်တွင်းရှိ မိမိတို့ ကျောင်းသားများထံသို့ သတင်းရောက်လာခဲ့သည်။ အင်းစိန်မြို့ရှိ ဒေါသထွက်နေ ကြသောလူထုက ထောင်ကားတစီးကို တားကာ ကားမောင်းသူကို ရိုက်နှက်ခဲ့ကြကြောင်း ကြားရသည်။ သို့သော်လည်း
ဝမ်းနည်းကြေကွဲဖွယ် အခြားသတင်းတခုလည်း ကြားရသေးသည်။ ဆန္ဒပြသူ ၄၂ ဦးကို ထောင်ကားဖြင့်သယ် ဆောင်လာ စဉ် လူများလွန်းသဖြင့် အသက်ရှုကြပ်သေဆုံးသွားရသောသတင်းပင် ဖြစ်သည်။ ဤသို့သေဆုံးရမှုကို စစ်ဆေးရန် အတွက် ဦးနေ၀င်းက ကော်မတီတခု မဖြစ်မနေ ဖွဲ့စည်းပေးခဲ့ရသေးသည်။

ဤညတွင်ပင် ထောင်ဘူးဝဂိတ်၌ စက်သေနတ်သံများကိုလည်း မိမိတို့ကြားခဲ့ရသည်။ အရပ်သားပြည်သူတစုက ထောင် ဖောက်၍ ကျောင်းသားများကိုကယ်ထုတ်ရန် ကြိုးစားခဲ့ကြရာ ထောင်က သေနတ်ဖြင့်ပစ်ခတ်သောကြောင့် ၎င်း အရပ်သား များ ပြန်ဆုတ် သွားခဲ့ကြရကြောင်း ဖြစ်သည်။

မတ်လ ၁၈ ရက်နေ့ ညလယ်သန်းခေါင်တွင် ထောင်နံရံတွင်း၌ လူမဆန် ရူးသွပ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို မိမိတို့
မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့သည်။ ထောင်တွင်းသို့ ခေါ်သွင်းလာကြသည့် လူငယ်တစုကို မူးယစ်နေကြသော လုံထိန်းရဲများနှင့် ထောင်အာဏာပိုင်ဝါဒါများက ရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြခြင်းပင် ဖြစ်သည်။ ၎င်းတို့အနက် တချို့မှာ အသက် ၁၄ နှစ်မျှပင် ရှိဦးမည်ဖြစ်ပြီး အများစုမှာ အိန္ဒိယနွယ်ဖွားများ ဖြစ်ကြသည်။

ဤသို့ ရက်စက်ကြမ်းကြုတ်လှသော တုန်လှုပ်ဖွယ်မြင်ကွင်းကို မိမိတို့က ထောင်အခန်းများမှနေ၍ မြင်နေကြရသည်။ ထောင်နံရံများအထက်တွင် ထိုးထားသော မီးမောင်းကြီးများဖြင့် လင်းထိန်နေစေသောကြောင့် မြင်ကွင်းကို အထင်းသား မြင်နေကြရသည်။ ထိုသူများ မြေပြင်ပေါ်လဲကျသွားသည့်တိုင်၊ လမ်းမလျှောက်နိုင်ကြတော့သည့်တိုင် ရိုက်နှက်ညှဉ်းပန်းမှု မရပ်ခဲ့ကြ။

နောက်ပိုင်းတွင် ဤလူငယ်များကို နှိပ်စက်ညှဉ်းပန်းကြမည့် စစ်ကြောရေးအခန်းထဲသို့ တရွတ်တိုက်ဆွဲခေါ်သွားကြသည်။ ဤနေရာတွင်ပင် မိမိကို ၂ နာရီကြာ လူ ၅ ဦးနှင့် နှိပ်စက်ညှဉ်းပန်းခံရပြီးဖြစ်သောကြောင့် စစ်ကြောရေးအခန်းမှန်းသိနေရ သည်။ ဤသို့နှိပ်စက်ညှဉ်းပန်းခံရပြီးနောက် မိမိအချုပ်ခန်းသို့လမ်းလျှောက်မပြန်နိုင် တွား၍ပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့ရ သည်။

ထောင်ပြင်ပတွင်လည်း မခွဲခြားဘဲ စစ်တပ်နှင့်ရဲများက ရမ်းသမ်းပစ်ခတ်နေမှုကြောင့် လူသေဆုံးမှုများလည်း ဆက်လက် ဖြစ်နေခဲ့သည်။ စစ်သားများက လမ်းမများပေါ်လှည့်နေကြပြီး မြင်သမျှလူကို ပစ်ခတ်နေခဲ့သည်။ သို့သော်လည်း သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဆန္ဒပြနေသူများကို နောက်မတွန့်စေခဲ့ပါ။ ရပ်ဆိုင်း မသွားစေခဲ့ပါ။ ဆန့်ကျင်ဘက်ရလဒ်ကို ဖြစ်စေခဲ့ပြီး မခံရပ်နိုင်သော လူထုများက ဆန္ဒပြသူများနှင့် ပို၍ပူးပေါင်းလာခဲ့ကြပါသည်။
နောက်ပိုင်း ရန်ကုန်မြို့ပြင်ပရှိ မိမိပုန်းအောင်းနေရာမှ ပြန်လာပြီး ပျောက်နေသောသူငယ်ချင်းတယောက်ကို ပြန်လာရှာဖွေ ပါသည်။ မိမိ၏ မိခင်ကိုမေးကြည့်ရာ သူ့ကို လက်ဖြောင့်သေနတ်သမား စစ်သားတဦးက ပစ်သတ်ခဲ့သည်ဟု ပြောပြသည်။ သူက သူ့အိမ်အနီးအခြေစိုက်ထားသော စစ်သားတစုကို မတော်တလျော်လုပ်ပြသောကြောင့် ဤသို့ပစ်သတ်ခံရသည်ဟု လည်း ပြောပြပါသည်။

ဇွန်လတွင် တဖန် အသက် ၁၅ နှစ်ခန့်သာ ရှိဦးမည့် လူငယ်တဦး၏ အလောင်းကို တွေ့ရပြန်သည်။ သူ၏ အဖြူ အစိမ်း ကျောင်းဝတ်စုံက သွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ရင်ဘတ်ကို ချိန်ရွယ်ပစ်ခံရခြင်းဖြစ်ပြီး သူ၏အလောင်းကို ကျောင်း နေဘက်သူငယ်ချင်းများက ပစ်ကပ်ကားတစီးပေါ်တင်သယ်ဆောင်၍ ရန်ကုန်မြို့ကို ဖြတ်ပြီး ချီတက်လာကြခြင်းဖြစ်သည်။ သူတို့က လက်သီးကိုတင်းတင်းဆုပ်၍ မိုးပေါ်မြှောက်ကာ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”ဟု ကြွေးကြော်ချီ တက် လာကြသည်။

ဤလူငယ်၏ အမေက ငိုယို၍ နောက်တွင်လိုက်လာခဲ့သည်။ မြင်ရသော လူအများက ဒေါသချောင်းချောင်း ထွက်နေကြပြီး ကျောင်းသားများ၏ အရေးကို အရှိန်အဟုန်ဖြင့် ထောက်ခံလာခဲ့ကြပါသည်။

နှစ်လအကြာ သြဂုတ်လ (၁၀) ရက်နေ့တွင် စစ်တပ်များက ရန်ကုန်မြို့တော်ကို စစ်မြေပြင်လူသတ်ကွင်းသဖွယ် ပြောင်းပစ် ခဲ့ကြပြန်သည်။ မြို့လယ်ခေါင်တွင် သံချပ်ကာယာဉ်များဖြင့် ကင်းလှည့်နေကြပြီး ဆန္ဒပြနေသူများနှင့် ရပ်ကြည့်နေကြသူ များကိုပါ ချိန်ရွယ် ပစ်ခတ်ခဲ့ကြသည်။ ဒဏ်ရာရနေသူများကို ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်ကုသပေးနိုင်ရန် ကြိုးပမ်း နေကြသော ဆရာဝန်များနှင့် သူနာပြုများကိုလည်း အလွတ်မပေးခဲ့။ မခွဲခြားဘဲ မြင်သမျှလူအများကို ပစ်ခတ်သတ်ဖြတ်ခဲ့ ကြသည်။

ဤသို့ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို သည်းမခံနိုင်ကြတော့သည့်အဆုံး ပြည်သူများနှင့် စစ်သားများ ရုန်းရင်းဆန် ခတ် တိုက်ခိုက်မှုများ ဖြစ်လာခဲ့သည်။ ဓားဆွဲသူဆွဲ၊ လောက်လေးခွနှင့် ရရာလက်နက် ကိုင်သူကိုင်နှင့် အန်တုရင်ဆိုင်မှုများ ဖြစ်လာခဲ့သည်။

လူထုအုံကြွမှုများနှင့် ပြန်လှန်တိုက်ခိုက်မှုများက ရန်ကုန်မြို့တခုတည်းတွင်သာ မဟုတ်။ စစ်ကိုင်းတွင်လည်း ဒေါသထွက် နေကြသော လူထုက သြဂုတ်လ ၉ ရက်နေ့တွင် ရဲစခန်းတခုကို ၀င်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြသည်။ လက်နက် ကိုင် တပ်ဖွဲ့များက စက်သေနတ်၊ မောင်းပြန်သေနတ်များနှင့် လူထုအုံကြွမှုကို ချေမှုန်းခဲ့ကြပြီး လူ ၂၀၀ ကျော် အတုံးအရုံး အသက်ဆုံးရှုံး ခဲ့ကြရသည်။

ဤသို့ သွေးထွက်သံယို ကြေကွဲဖွယ်အဖြစ်မျိုးကို မည်သူမျှ နောက်တကြိမ် မကြုံလိုတော့ပါ။ သို့သော်လည်း စိတ်ထိခိုက် ကြေကွဲရမှုများနှင့် ဤချောက်ချားဖွယ်အဖြစ်အပျက်များက လူအများ၏နှလုံးသားဝယ် ယခုတိုင် မှိုင်းညို့အုံ့ဆိုင်းနေဆဲ ဖြစ်ပါသည်။ လူအများအနေဖြင့် ဤသို့သွေးထွက်သံယို ဖြစ်ရပ်များကြောင့် အကြောက်တရား ယခုတိုင် မပြယ်နိုင်ကြသေး သည်ကိုလည်း နားလည်နိုင်ဖွယ် ရှိပါသည်။ သို့သော်လည်း နိုင်ငံကို အပြောင်းအလဲဖြစ်စေချင်ကြသော သူတို့၏ ဆန္ဒများ မှာလည်း ယခုတိုင် ပျောက်ဆုံးမသွားသေးပါ။

ယခုလအတွင်းတွင် လူအများက တဖန်လမ်းပေါ်ထွက်လာကြပြီး ဆန္ဒပြပွဲများ ဖြစ်လာခဲ့ပြန်သည်။ အမှန်မှာ သူတို့၏ဆန္ဒ က ရိုးရိုးလေးပင် ဖြစ်သည်။ သူတို့၏အသံကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နားထောင်စေလိုခြင်းပင် ဖြစ်သည်။ ဤဆန္ဒပြသူ များ၏ ငြိမ်းချမ်းစွာ တောင်းဆိုချက်များကို အကြမ်းဖက်မှုများနှင့် တုံ့ပြန်ချေမှုန်းရန် မသင့်ပါ။ သို့သော်လည်း အကြောက် တရားဖြင့် ဖိနှိပ်အုပ်ချုပ်နေသော စစ်အစိုးရက အကြမ်းဖက်မှုများဖြင့် ဆောင်ရွက်တုံ့ပြန်လာခဲ့ပြန်သည်။
ယခုဆန္ဒပြပွဲများက ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုနှင့် နှိုင်းယှဉ်လျှင် အရေအတွက်အရ နည်းနေပါသေး သည်။ အတိုင်းအဆ သေးငယ်ပါသေးသည်။ သို့သော်လည်း လမ်းပေါ်ထွက်လာကြသူများ၏ သတ္တိက မသေးငယ်ပါ။ သူတို့က လူအများ ကိုယ်စား အနစ်နာခံ အရဲစွန့်၍ ပြောဆိုရန် ရှေ့သို့ထွက်လာကြခြင်း ဖြစ်ပါသည်။ သေနတ်မိုး အုပ်ချုပ် ထားသည့် စစ်အာဏာရှင်အစိုးရက ထားရာနေ စေရာသွားရသည့် ဘ၀ထက် ပို၍တိုးတက် ကောင်းမွန်သောဘ၀ကို ပြည်သူ အများက တောင့်တနေခဲ့သည်မှာလည်း ကြာပြီ ဖြစ်ပါသည်။ [Top]

၂၀၀၇ ခုနှစ် သြဂုတ်လ ၃၁ ရက်က ဧရာဝတီ အင်တာနက် မဂ္ဂဇင်းတွင်း ဖော်ပြခဲ့သည့် The Regime Can't Kill the Spirit of 1988 By Aung Zaw ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.